အလည်အပတ်ဗီဇာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ Bangkok bank အကောင့်တွေပိတ်ခံရပြီး ငွေထုတ်ငွေလွှဲလည်းလုပ်မရ

ဩဂုတ် ၁၉၊ ၂၀၂၅
GG (VOM)
ထိုင်းနိုင်ငံရှိ ဘန်ကောက်ဘဏ်(Bangkok Bank) အကောင့်အသုံးပြုသူတွေထဲက အလည်အပတ်ဗီဇာ Tourit Visa နဲ့လာရောက်ပြီး ဘဏ်အကောင့်ဖွင့်ထတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်ကို ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့မှာ အသုံးပြုခွင့်ယာယီပိတ်လိုက်တယ်လို့ သုံးစွဲသူတွေဆီကသိရပါတယ်။
” အလည် visaနဲ့ဖွင့်ထားတဲ့သူတွေ Short Term Visaသမားတွေကိုအဓိကစစ်ထုတ်တာပါ။ဘာလို့အတပ်ပြောနိုင်လဲဆိုရင် ပိတ်ခံရတဲ့ထဲမှာ အလည်လာတုန်းကဖွင့်ထားတဲ့လူအကုန်ပါလို့ပါ။ ဘာလို့ပိတ်တာလဲဆိုတော့ policyအသစ်ကြောင့်လို့ဘဏ်က ပြောပြီး ဘဏ်ခွဲတခုကိုအဖြေတစ်မျိုးထွက်နေတယ်။အကောင်းဆုံးက စာရွက်စာတမ်းအပြည့်အစုံနဲ့ ဘဏ်ကိုသွားတာအကောင်းဆုံးပါ။”လို့ ထိုင်းရောက်မြန်မာတယောက်ကပြောပါတယ်။
အလည်ဗီဇာနဲ့ ဘဏ်အကောင့်ဖွင့်ထားသူတွေအနေနဲဲ့ ဘဏ်အကောင့် ပြန်လည်အသုံးပြုခွင့်ရရှိဖို့အတွက်ဆိုရက် မိမိဘဏ်အကောင့်ဖွင့်ခဲ့တဲ့ သက်ဆိုင်ရာဘဏ်ခွဲကို ပတ်စ်ပို့မူရင်းနဲ့အတူ လိုအပ်တဲ့စာရွက်စာတမ်းအပြည့်အစုံယူပြီး ရက်ပေါင်း ၃၀ အတွင်း ဘဏ်ကိုသွားရောက်ကာ လုပ်ဆောင်ဖို့ ဘဏ်ဘက်က ဒီနေ့မှာ အသိပေးစာတွေပေးပို့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဘဏ်အကောင့်ကို ယာယီပိတ်လိုက်တာကြောင့် လက်ရှိသုံးစွဲသူတွေမှာ ATM ကတ်မှလည်း ငွေသားထုတ်လို့မရတော့သလို ဖုန်းထဲရှိဘဏ် အက်ပလီကေးရှင်းမှလည်း ငွေလွှဲမရတော့သလို ဘဏ်ကိုသွားရောက်ပြီး ငွေထုတ်ပါကလည်း ထုတ်မပေးတဲ့အခြေအနေတွေ ရှိနေတယ်လို့သိရပါတယ်။
” အကောင့်ကခုမနက်ပိတ်တဲ့အထဲပါသွားတယ်။ရက်၃၀အတွင်း ကျွန်တော်ဖွင့်ခဲ့တဲ့ဘဏ်ကိုသွားရမယ်။စာရွက်စာတမ်းအပြည့်အစုံနဲ့ပြန်လုပ်ရမယ်စာပို့တယ်။ဒါနဲ့ကျွန်တော်က အကောင့်ဆက်မသုံးတော့ဘူး။ငွေပဲထုတ်ပြီး အကောင့်ပိတ်မယ်ဆိုပြီးဘဏ်ကိုပြောတော့မရခဲ့ပါဘူး။ငွေလည်းထုတ်မရခဲ့ဘူး။ငွေကမဆုံးဘူးလို့တော့ပြောတာပဲ။ဘာဆက်လုပ်ရမလဲမသိသေးဘူး။” လို့ ဘန်ကောက်ဘဏ် အကောင့်သုံးစွဲနေသူထိုင်းရောက်မြန်မာတယောက်ကပြောပါတယ်။
ဘဏ်အကောင့်ပိတ်ခံရသူတွေအနက် အချို့မှာဘဏ်ကို စာရွက်စာတမ်းအပြည့်အစုံနဲ့ သွားရောက်ခဲ့ပေမယ့် လတ်တလောအကောင့်ပြန်မပွင့်သေးဘဲ သုံးရက်မှ ခုနှစ်ရက်အတွင်း အကြောင်းပြန်ပေးမယ်လို့သာဘဏ်ဘက်မှ ပြောဆိုခဲ့ကြောင်းသိရပါတယ်။
လက်ရှိ ဘဏ်အကောင့်အပိတ်ခံရသူတွေအနေနဲ့ အဘဏ်ကိုသွားရောက်တဲ့အခါ ဘဏ်အကောင့်မဖြစ်မနေ ဖွင့်ဖို့လိုအပ်ကြောင်း ရည်ရွယ်ချက်၊ အကြောင်းပြချက် ၊ ပြည့်စုံတဲ့အထောက်အထားအချက်အလက်တွေကို တင်ပြနိုင်ပါက အကောင့်အသုံးပြုခွင့်ရနိုင်တယ်လို့လည်း ဘဏ်အကောင့်ဖွင့်ဖို့ဝန်ဆောင်မှုပေးနေသူတွေက​ဆိုပါတယ်။
ဒါပေမယ့် ဘဏ်ဘက်က အလည်ဗီဇာနဲ့လာရောက်သူတွေ ဘဏ်အကောင့်ဖွင့်တဲ့အပေါ် ရေရှည်မှာ ကန့်သတ်လာနိုင်တာကြောင့် ဘန်ကောက်ဘဏ်အကောင့်ကို ရေရှည်အသုံးဖို့လိုအပ်သူတွေအနေနဲ့ Long Term တခုခုကိုပြောင်းထားပြီး ဘဏ်မှာ Update လုပ်မှ အဆင်ပြေနိုင်မယ့်အခြေအနေရှိတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW