မန္တလေး၊ သြဂုတ် – ၁၉- ၂၀၂၅
SA(VOM)
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံအပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေချိန် ဒီကနေ့ သြဂုတ် ၁၉ ရက်မနက်ပိုင်းက အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Sky Villa ကွန်ဒိုအဆောက်အဦ အပျက်အစီးတွေကို NTL ကုမ္ပဏီ(Sky villa condo)၊ Asiaworld ကုမ္ပဏီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေချိန် ၁၉.၈.၂၀၂၅ ရက်နေ့၊ ၁၀နာရီ ၄၀ အချိန်တွင် ရုပ်အလောင်းတွေ့ရှိတဲ့ သတင်းရရှိခဲ့လို့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းဆောင်ရွက်ခဲ့ပြီး အဆောင် A၊ အခန်းအမှတ် C3 မှ အမျိုးသမီး (၁)ဦး၏ ရုပ်အလောင်းကို ၁၁နာရီ ၄၀ မိနစ်မှာ ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေး အသင်းယာဥ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ MFSD က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကလည်း Sky villa ကွန်ဒိုအပျက်အစီးတွေထဲက A အဆောင် (၃) လွှာ၊ အခန်းအမှတ် E3 က အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၃)ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါသေးတယ်။
၁၁ ထပ်အမြင့်ရှိတဲ့ ကွန်ဒိုအဆောက်အဦ ပြိုကျမှုကြောင့် A, B, C , D အဆောင်တွေမှာ နေထိုင်တဲ့သူ အများအပြားသေဆုံးခဲ့ရပြီး ဒီကနေ့ သြဂုတ် ၁၉ ရက်နေ့အထိ ကျား၊ မ ခွဲခြားမရတဲ့ ရုပ်အလောင်းကိုးလောင်း အမျိုးသား ၆၀ဦး၊ အမျိုးသမီး ၉၃ ဦး၊ ကလေးငယ် ၁၆ ဦး စုစုပေါင်း ၁၇၈ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့ကစပြီး ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှု ၂၂၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်းဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
