ဩဂုတ် ၂၀ – ၂၀၂၅
SS (VOM)
အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ မီဒီယာအင်တာဗျူး ရုပ်သံ လူမှုကွန်ရက်ပေါ် ဖြန့်သူကို တောင်းပန်ခိုင်းမှုနဲ့ အနုပညာရှင်တချို့နဲ့ အနုပညာ သတင်းမီဒီယာ အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ မျိုးစုံထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပ ပြုလုပ်တဲ့ ဖိုက် ပလက်စ် ဝမ်း (5+1) ရုပ်ရှင်ဇာတ်ကား Press Show ရဲ့ မီဒီယာ အင်တာဗျူးတခုမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဗွီဒီယိုဖြန့်သူက လက်ရှိမှာ စာချုပ်စာတမ်းနဲ့တကွ ပြန်လည် တောင်းပန်လိုက်ရတာ ဖြစ်ပါတယ်။
မနေ့ ဩဂုတ် ၁၉ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ တောင်းပန်စာမှာ အဆိုပါ ဗွီဒီယိုဖြန့်သူက အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်ရဲ့ အင်တာဗျူးကို အွန်လိုင်းပေါ်မှာ မိမိတဦးတည်း ဆန္ဒအနေနဲ့ တင်လိုက်မိတာကြောင့် နစ်နာသူတွေဖြစ်ကြတဲ့ ကာယကံရှင် လွှမ်းပိုင်၊ ဒါရိုက်တာခင်လှိုင် (ဉာဏ်ကြီးရှင်)၊ ထုတ်လုပ်ရေးနဲ့ အနုပညာလောကမှ အနုပညာရှင်တွေ၊ သတင်းမီဒီယာ ညီအစ်ကိုမောင်နှမတွေ အားလုံးကို ဝန်ချ တောင်းပန်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ လွှမ်းပိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် “အဲဒီကိစ္စက ကျွန်တော်လည်း လုံးဝ မတောင်းပန်ခိုင်းပါဘူး။ ဘယ်တုန်းကမှလည်း ကျွန်တော့်ကို တောင်းပန်ရမယ်လို့ မပြောဘူး။ အဲဒီကိစ္စ အဲဒီနေ့မှာပဲ ပြီးသွားပြီ။ ကျွန်တော့်ခေါင်းထဲမှာ ဘာမှ မရှိဘူး။ ဒီလူကို အရေးယူခိုင်းတယ် ဆိုတာသည် လုံးဝ မဟုတ်ဘူး။ လူတယောက်ရဲ့ ဘဝတခုကို ဒီလိုမျိုး ပျက်ရလောက်အောင်အထိ ရိုင်းစိုင်းယုတ်မာ၊ အနိုင်ကျင့်တတ်တဲ့အထဲမှာ ကျွန်တော်မပါဘူး” လို့ ပြန်လည်အသိပေး ဖြေရှင်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့က ပြုလုပ်တဲ့ အဆိုပါ Press Show အင်တာဗျူးမှာ မီဒီယာသမားတယောက်ရဲ့ မေးခွန်းတခုနဲ့ ပတ်သက်လို့ လွှမ်းပိုင်ရဲ့ ပြန်လည် ဆဲဆို တုန့်ပြန်မှုအပေါ် မီဒီယာအသိုင်းအဝိုင်း၊ အနုပညာရှင်အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ များစွာ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
“အဲဒီမှာ သူ့ကိုကျွန်တော်မေးတယ်။ ဘယ်ချန်နယ်လ်ကလဲဆိုပြီး။ သူက Happy ချန်နယ်လ်ကပါတဲ့။ မင်းဘာစကား မေးတာလဲဆိုတော့ သူက ကျွန်တော်ဒါကိုပဲ မေးတာပါဆိုပြီး ငြင်းတော့ ကျွန်တော်ပိုပြီး ဒေါသထွက်သွားလို့ ထဆဲပစ်လိုက်တာ” လို့ လွှမ်းပိုင်က ပြောပါတယ်။
သူ့ရဲ့ တုန့်ပြန်မှုဟာ မီဒီယာတွေအားလုံးနဲ့ မသက်ဆိုင်ဘဲ သူ့ကိုပြောတဲ့သူ တယောက်တည်းကိုသာ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“နောက်နေ့မနက်ကျတော့ Happy က ကျွန်တော့်ကို ဖုန်းဆက်တယ်။ တောင်းပန်ဖို့ပေါ့။ တောင်းပန်တာတွေ၊ မတောင်းပန်တာတွေ မလိုဘူး၊ ထားလိုက်တော့။ မနေ့ကကိစ္စက အဲဒီ ဖြစ်တဲ့နေ့မှာတင် တကယ်ကိုပြီးသွားပြီလို့ ကျွန်တော် ပြောပြီးသွားပြီ” လို့ သူက ပြောပါတယ်။
ဒါပေမယ့် လက်ရှိမှာ အဆိုပါ ဖြစ်စဥ်ရဲ့ နောက်ဆက်တွဲအနေနဲ့ လူမှုကွန်ရက်ပေါ် ဗွီဒီယိုဖိုင် တင်ခဲ့တဲ့သူကို စာချုပ်နဲ့တကွ တောင်းပန်ခိုင်းကာ အလုပ်ထုတ်ပြီး ခံဝန်ထိုးခိုင်းတယ်ဆိုတဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ အနုပညာရှင်တွေ၊ မီဒီယာလောကသားတွေကြား ဝေဖန်မှုတွေ ပိုမို ထွက်ပေါ်လာပြီး မီဒီယာကျင့်ဝတ်နဲ့ မညီတဲ့သူသာ ဝန်ချ တောင်းပန်သင့်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
“လိုင်းပေါ်တင်တာ အပြစ်မဟုတ်ပါဘူး။ အင်တာဗျူးပြီ ဆိုကတည်းက လူအများသိအောင် ဖြန့်မယ်ဆိုတာကို ဗျူးခံသူသိတာပဲ။ ကိုယ်ဆိုလည်း တင်မှာပဲ။ ဒီဖြစ်စဉ်မှာ လွှမ်းပိုင်ရဲ့တုန့်ပြန်ပုံကိုတော့ မပြောချင်ဘူး။ မီဒီယာပိုင်းကိုတော့ ပြောချင်တယ်။ မေးခွန်းက အဆင့်အတန်းမရှိဘူး။ မီဒီယာလုပ်ပြီဆိုရင် အဲဒီလို အသုံးအနှုန်းမျိုးတွေ မသုံးသင့်ဘူး။ လမ်းဘေးက အဆင့်အတန်းမရှိတဲ့ ကြုံရာကျပန်း စကားမျိုးတွေနဲ့ မီဒီယာအမည်ခံတာမျိုး ဖြစ်နေတယ်” လို့ သတင်းအယ်ဒီတာဟောင်း တယောက်က ပြောပါတယ်။
ဒီဖြစ်စဥ်မှာ အင်တာဗျူးမေးခဲ့တဲ့သူကို အရေးမယူဘဲ လူမှုကွန်ရက်ပေါ် ဗွီဒီယို တင်ခဲ့တဲ့သူသာ အရေးယူခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ သတင်းလိုက်ခွင့် ရပ်ဆိုင်းခံထားရတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ သတင်းသမားတယောက်က “အခုက ကြားတာက အဲဒီအင်တာဗျူးကို တင်လိုက်တဲ့သူကိုကျ ခံဝန်ထိုးခိုင်းပြီး သတင်းလောကကနေ နားခိုင်းတယ်တဲ့လေ မဖြစ်သင့်ဘူး” လို့ ဆိုပါတယ်။
မီဒီယာက အကြီးအကဲ ဆိုတဲ့သူတွေအနေနဲ့ အခုလို တဖက်သတ် အရေးယူတာထက်စာရင် မေးတဲ့သူ၊ တင်တဲ့သူ၊ မေးတဲ့သူရဲ့သတင်းတိုက် အကုန်လုံးကို ခံဝန်ထိုးခိုင်းရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခုက ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုပ်ဆိုသလိုပေါ့။ တစုံတယောက် မေးလိုက်တဲ့ မေးခွန်းတခုကြောင့် တလောကလုံးက အဆင့်မရှိဘူး ဝိုင်းပြောခံနေရတာလေ။ ဒီလိုဖြစ်အောင် မေးတဲ့သူကျတော့ရော အရေးမယူဘဲ ဘာလို့ ဒီတိုင်းကြည့်နေတာလဲ။ ကိုယ်က အဲဒီလောက က မဟုတ်ပေမယ့်လည်း သတင်းသမား တယောက် အနေနဲ့ ပြောပြတာပါ။ ပြဿနာရဲ့ ဇစ်မြစ်က ဘာလဲဆိုတာတော့ မေ့နေကြတာလား၊ မသိချင်ယောင်ဆောင်နေကြတာလား၊ ဒါမှ မဟုတ် သိသိရဲ့နဲ့ တမင် မေ့ထားတာလားပဲ” လို့ သူက ပြောပါတယ်။
နောက်ထပ် သတင်းသမားတယောက်ကတော့ အခုလို စာချုပ်နဲ့ တောင်းပန်ရတဲ့ကိစ္စဟာ မတရားမှု တခုသာဖြစ်ပြီး သတင်းစာတိုက်ဘက်ရဲ့ အတင်းအကျပ် ဖိအားပေးမှုလို့သာ မြင်တယ်လို့ ဆိုပါတယ်။
“မေးခွန်းကိုတော့ ဘာမှမပြောချင်ပါဘူး။ အခု အရေးယူခံရတဲ့ သတင်းထောက်ကိုပဲ လုပ်လိုက်တဲ့ တိုက်ကိုပဲ ပြောချင်တာပါ။ သတင်းသမား မှားနေရင်တောင် တိုက်နဲ့ အယ်ဒီတာတွေက ကာကွယ်ပေးရမှာပါ။ အခုက သတင်းရင်းမြစ်ကို အားနာလို့ သတင်းထောက်ကို ဖိတယ်လို့ပဲ မြင်တယ်” လို့ သူက ပြောပါတယ်။
သတင်းအယ်ဒီတာဟောင်း တယောက်ကတော့ လက်ရှိ ဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာအနုပညာ သတင်းသမားတွေအနေနဲ့ အဆင့်အတန်းရှိတဲ့ မေးခွန်းမျိုးတွေ မေးစေချင်ပြီး အရည်အချင်းပိုင်း မြှင့်တင်စေချင်သလို မီဒီယာအုံနာတွေ အနေနဲ့ကလည်း အရည်အချင်း ရှိသူတွေကိုပဲ ရွေးချယ်ပြီး အလုပ်ခန့်စေချင်တယ်လို့ သူက ပြောပါတယ်။
“တွေ့တဲ့သူကိုဆွဲပြီး အလုပ်ခန့်တာမျိုး လေ့လာထားသူ မဟုတ်ဘဲ အလုပ်ခန့်တာမျိုးတွေကြောင့် အနုပညာသတင်းလောက အဲဒီလိုတွေ ခဏခဏဖြစ်နေတာ” လို့ သူက ပြောပါတယ်။
အနုပညာရှင် တချို့ကလည်း လက်ရှိ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မီဒီယာတွေအနေနဲ့ သတင်းကျင့်ဝတ်နဲ့အညီ မေးခွန်းမေးဖို့ လိုအပ်ပြီး အခုလို ကိုယ်ရေးကိုယ်တာ ထိပါးတာဟာ သတင်းမီဒီယာသမား အစစ် မဟုတ်ဘဲ မီဒီယာအရေခြုံတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခု ဖြစ်စဉ်နဲ့ ပတ်သက်လို့ အဆိုတော်၊ သရုပ်ဆောင် လွှမ်းပိုင်နဲ့ စာချုပ်ခံဝန်ထိုးတဲ့ ကာယကံရှင်ကို VOM က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
