SM (VOM)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ မြန်မာ့နိုင်ငံရေးလောကအတွက် စိန်ခေါ်မှုအသစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။
အဲဒီကြေညာချက်အရ နိုင်ငံရေးပါတီတွေဟာ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထားပြီး ပါတီဝင်အင်အားနဲ့ ပါတီရုံးခန်းဖွင့်လှစ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ပြည့်မီကြောင်း အထောက်အထားတင်ပြရမှာဖြစ်ပါတယ်။ သတ်မှတ်ချက်တွေ မပြည့်မီတဲ့ ပါတီတွေကိုတော့ ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၁၂ အရ အရေးယူမယ်လို့လည်း ဆိုပါတယ်။
ဒီလို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ ပါတီတွေအတွက် လက်တွေ့ကျကျ စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံတစ်ဝန်းလုံးအဆင့်ယှဥ်ပြိုင်မယ့် ပါတီတွေအတွက် အနည်းဆုံး ပါတီဝင် ငါးသောင်း စည်းရုံးနိုင်ဖို့နဲ့ မြို့နယ် ၁၁၀မှာ ရုံးခန်းတွေ ဖွင့်လှစ်နိုင်ဖို့ဆိုတာက အချိန်တိုအတွင်း လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ခက်ခဲမှုတွေနဲ့ကြုံတွေ့နိုင်ပါတယ်။
ဒါပေမယ့် အရင်ကထက်စာရင် ပါတီအင်အားစည်းကမ်းတွေ လျှော့ချပေးတာဆိုသော်ငြား လိုအပ်တဲ့ ပါတီဝင်ဦးရေကို ရရှိဖို့အတွက် အချိန်တိုအတွင်း နည်းလမ်းမျိုးစုံနဲ့ စည်းရုံးရမယ့် ဖိအားတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် ပါတီဝင်အင်အားကို လွယ်လွယ်ကူကူ မစုဆောင်းနိုင်တဲ့ အခက်အခဲတွေလည်း ရှိလာနိုင်ပါတယ်။ ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့အတွက်လည်း ငွေကြေးနဲ့ လူအင်အား အများအပြား လိုအပ်တာကြောင့် ပါတီအများစုအတွက် အကြီးအကျယ် ဖိအားဖြစ်စေပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးမတည်ငြိမ်တဲ့ ဒေသတွေနဲ့ နိုင်ငံရေးပြဿနာတွေ ရှိနေတဲ့ မြို့နယ်တွေမှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရန် ခွင့်ပြုချက်ရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် လုံခြုံရေးအရ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ကလည်း အန္တရာယ်များတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒီလိုမညီမျှတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အချို့ပါတီတွေဟာ သတ်မှတ်ချက်တွေကို ပြည့်မီဖို့ မဖြစ်နိုင်သလောက် ဖြစ်နေပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ဒါတွေကို ဘယ်လိုကျော်ဖြတ်ကြမယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။
UEC ရဲ့ ဒီစည်းမျဉ်းတွေဟာ အားနည်းတဲ့ ပါတီတွေအတွက် စိန်ခေါ်မှုတရပ်လည်း ဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးအခြေအနေမှာ ပါတီအားလုံးဟာ အခြေအနေတူညီမှုမရှိတာကြောင့်ပါတီဝင်အင်အားပြည့်မီမှု၊ရုံးခန်းတွေဖွင့်နိုင်ဖို့၊စည်းရုံးရေးဆင်းတာကအစ အလွန်ရုန်းကန်ရမယ့် အဖြစ်ပါ။ အချို့ပါတီတွေအတွက် ဒီစည်းမျဉ်းတွေဟာ တိုက်ရိုက်ပိတ်ပင်မှုတခုလို ဖြစ်နေပြီး သူတို့ရဲ့ နိုင်ငံရေးအနာဂတ်ကို ထိခိုက်စေနိုင်ပါတယ်။
လက်ရှိအခြေအနေဟာ နိုင်ငံရေးပါတီတွေအတွက် အဆုံးအဖြတ်ပေးမယ့် အချိန်အခါတစ်ခု ဖြစ်လာပါတယ်။ UEC က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့ ပါတီတွေသာ နိုင်ငံရေးလောကမှာ ဆက်လက်ရပ်တည်နိုင်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရရှိမှာပါ။ ဒီသတ်မှတ်ချက်တွေကို မပြည့်မီတဲ့ ပါတီတွေအတွက်တော့ ပါတီရဲ့ အနာဂတ်ဟာ မရေမရာဖြစ်သွားနိုင်ပါတယ်။
UEC က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲရဲ့ ပထမအဆင့်အဖြစ် မြို့နယ် ၁၀၂ မြို့နယ်မှာ စတင်ကျင်းပမယ်လို့ ဩဂုတ်လ ၂၀ ရက်နေ့မှာ ထပ်မံထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီ မြို့နယ် ၁၀၂ မြို့နယ်ဟာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ နေပြည်တော်တို့ ပါဝင်ပါတယ်။၁၀၂မြို့နယ်လုံးမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်နိုင်၊မနိုင်ကလည်း လတ်တလောစောင့်ကြည့်ရမယ့်အခြေအနေပါ။
နိုင်ငံရေးပါတီေတွအနေနဲ့ ဒီအခြေအနေေတွကို ကျော်လွှားနိုင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားရမှာဖြစ်ပါတယ်။စိန်ခေါ်မှုေတွကို ကျော်လွှားနိုင်တဲ့ ပါတီေတွပဲ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကို အပိုင်း၁ ကျင်းပပြီးပေမယ့်လည်း နောက်လုပ်မယ့် အပိုင်းတွေ လုပ်ပြီး ရလဒ်တွေ ထုတ်ပြန်ပြီးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃ နှင့် အညီ လွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်း UEC ပြောကြားထားပါတယ်။
နောက်အပိုင်းတွေမှာ ပထမပိုင်းရဲ့ အားနည်းချက် အားသာချက်တွေကို ပြင်ဆင်နိုင်တဲ့အခွင့်အရေးရှိပေမယ့် UEC က သတ်မှတ်တဲ့ ပါတီအင်အားကတော့ မဖြစ်မနေ စက်တင်ဘာ ၇ရက်မှာ တောက်ဆုံးထား တင်ပြပြီး အစစ်ဆေးခံရမှာမို့ အချိန်အတော်နည်းနေပြီဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေမှာပါတီေတွအတွက် အဆုံးအဖြတ်ပေးမယ့် အချိန်အခါတခုဖြစ်ပြီး သူတို့ရဲ့ခြေလှမ်းတိုင်းဟာ နိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ရလာဒ်များကို ဖော်ဆောင်လာနိုင်မှာလည်းဖြစ်ပါတယ်။