ပြည်ပရောက် မြန်မာတွေ ရွေးကောက်ပွဲကြိုတင်မဲပေးဖို့ သဘောထားအမျိုးမျိုးရှိနေ

ဩဂုတ် ၂၂၊ ၂၀၂၅
GG (VOM)
ပြည်ပရောက်မြန်မာ နိုင်ငံသားတွေထဲမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားပြီး ကြိုတင်မဲပေးကြမယ့် သူတွေရှိသလို မဲမပေးဖို့ဆုံးဖြတ်ထားသူတွေလည်းရှိနေတယ်လို့ မြေပြင်အခြေအနေအရသိရပါတယ်။
ကြိုတင်မဲပေးမယ့်သူတွေအနေနဲ့ ပုံစံ ၁၅ မှာ မြန်မာနိုင်ငံမှာနေထိုင်တဲ့ နေရပ်လိပ်စာအပြင် လက်ရှိရောက်ရှိနေတဲ့နိုင်ငံရှိ နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊ အီးမေးလ် ထည့်သွင်းဖော်ပြရမယ်လို့ သံရုံးတွေက ဒီနေ့ထပ်မံ ထုတ်ပြန်ထားပါတယ်။
” မဲက ပေးတော့ပေးချင်တယ်။အခုကရှုပ်ယှက်ခပ်နေတော့ ပါတီကိုကြည့်ပြီးပေးရမှာလား။ အရည်အချင်းရှိတဲ့လူကိုပဲရွေးချယ်ပေးရမလား စဥ်းစားရခက်တယ်။ဘယ်ဟာကိုဘယ်လိုပေးရမှန်းမသိတော့ဘူး။ပါတီတွေကလည်း ဘယ်ပါတီတွေရှိမှန်းမသိတော့ဘူး။အရင်ကဆိုပါတီကကြည့်စရာနှစ်ခုပဲရှိတယ်။NLD နဲ့ ကြံ့ခိုင်ရေး ပါတီပေါ့။အခုက ဘာတွေမှန်းသေချာမသိဘူး။ခုလည်းဒီကလိပ်စာပါတောင်းနေတော့ခက်တာပေါ့။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားတယောက်ကပြောပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် ပုံစံ ၁၅ ကိုတော့ သက်ဆိုင်ရာသံရုံးတွေမှာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်အသိပေးထား ပါတယ်။
” မဲမပေးတော့ဘူးတွေးထားတယ် ။ခုထိ ကြိုက်တဲ့ပါတီမတွေ့သေးဘူး။ အရင်ကလည်း ကိုယ်ကတော့ကိုယ်မြို့အတွက် အားကိုးရမလားဆိုပြီး မဲပေးခဲ့တာ ပေါ့။နောက်ကျ ကိုယ်စားလှယ်တွေ မြင်တောင်မမြင်ရဘူး။ဘာမှလည်း ဖြစ်မလာဘူး။ပြည်သူ့အသံလည်းနားမထောင်ဘူး။ကျွန်တော်တို့ပြည်သူ့အတွက်အလုပ်လုပ်မယ့် ပါတီကိုပဲရွေးချယ်ချင်တာ။အခုကဘာတွေမှန်းမသိဘူး။” လို့ မလေးရှားရောက်မြန်မာလုပ်သားတယောက်ကပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ ကိုသွားရောင်လုပ်ကိုင်မှုများပြီး မလေးရှားနိုင်ငံ၊ စင်ကာပူ ၊ ဂျပန် ၊ ကိုရီးယား ၊ ဒူဘိုင်း ၊ တရုတ် ၊ ကာတာ ၊ စတဲ့နိုင်ငံအချို့မှာ အလုပ်လုပ်ကိုင်မှုရှိနေတာဖြစ်ပါတယ်။
“ကြိုတင်မဲ ပေးဖြစ်မလားဆိုတော့ မသိသေးပါဘူး။အခု ကိုယ့်အလုပ်ကိုပဲ ကောင်းအောင်လုပ်ဖို့ရှိတယ်။ကျွန်တော့်နောက်မှာမိသားစုတွေရှိတယ်။အဓိက အလုပ်လုပ်နေရပြီး ပိုက်ဆံရနေမှ မိသားစုကိုပို့နိုင်မှာ။ဒါဘဲခေါင်းထဲရှိတယ်။မဲကလည်း အမှန်ပြောရရင်ဘယ်သူ့ပေးလို့ပေးရမှန်းတောင်မသိဘူး။ ရွေးကောက်ပွဲပြီးရင်ရော အမှန်တကယ်ဒီမိုကရေစီရမှာလား။တိုက်ပွဲတွေကအဆုံးသတ်သွားမှာလား။အညာကကျွန်တော်တို့ဒေသခံတွေ အိမ်ပစ်ပြီး မပြေးရတော့ဘူးလား။ဘာတွေအာမခံချက်၊ကတိကဝတ်တွေပေးမှာလဲ သိချင်တယ်ဗျာ။ ” လို့ ပြည်ပရောက်မြန်မာနိုင်ငံသားကပြောပါတယ်။
UEC ကတော့ ကြိုတင်မဲပေးကြမယ့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ပုံစံ(၁၅) ကိုထုတ်ယူပြီး ကိုယ်ရေး အချက်အလက် ဖြည့်သွင်းကာ လာမယ့် စက်တင်ဘာ ၈ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာသံရုံးတွေကိုပြန်လည် ပေးပို့ရမယ်လို့ အသိပေးထားပါတယ်။
အထွေအထွေရွေးကောက်ပွဲကြီးကိုတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး စတင်ကျင်းပချိန်မှာ တိုင်းနဲ့ပြည်နယ်အသီးက မြို့နယ်ပေါင်း ၁၀၂ မြို့မှာ စတင်ကျင်းပမှာဖြစ်တယ်လို့ UECကကြေငြာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW