တရုတ်ဖိအားခံနေရတယ်လို့ “ဝ” တပ်ဖွဲ့ထုတ်ပြော

ဩဂုတ် ၂၃၊ ၂၀၂၅။
NN (VOM)
ရှမ်းပြည်အခြေစိုက် အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSAဟာ တရုတ် နိုင်ငံရဲ့ ဖိအားကို ပိုမိုခံစားနေရတယ်လို့ အခုလ ၂၂ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ TNLA၊ SSPP/SSA၊ MNDAA တပ်ဖွဲ့တွေနဲ့ အခုလ ၂၀ ရက်နေ့ တွေ့ဆုံချိန် “ဝ” တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်းက အခုလို ထုတ်ဖော်ပြောဆိုခဲ့တာလို့ Wa Channel က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
“ညီနောင်သုံးဖွဲ့ရဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသမှာ တရုတ်လိုလားတဲ့ တိုက်ပွဲတွေ ဆက်မဖြစ်ရေး၊ အဖွဲ့အစည်းတွေအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြင်ပအင်အားစုတွေကို မြန်မာနိုင်ငံမြောက်ပိုင်းကို ဆွဲခေါ်မလာရေး” စတဲ့ မူဝါဒတွေကို ဖောက်ဖျက်ခဲ့တယ်လို့ ဦးကျောက်ကော်အမ်း က ပြောပါတယ်။
ရှမ်းမြောက်ဒေသ ပဋိပက္ခတွေဟာ UWSA တပ်ဖွဲ့ရဲ့ အကူအညီကြောင့်လို့ တရုတ်နိုင်ငံက ရှုမြင်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူဖို့ တရုတ်နိုင်ငံဘက်က ပြောဆိုထားတယ်လို့ UWSA ဘက်က ထုတ်ပြောပါတယ်။
ဒီအကြောင်းပြချက်နဲ့“တရုတ်အစိုးရဘက်က ‘ဝ’ တပ်ဖွဲ့တာဝန်ရှိသူတွေကို ဖမ်းဆီးတာ၊ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာ၊ နယ်စပ်ဂိတ်တွေ ပိတ်တာ စတဲ့ ဖိအားတွေနဲ့ ရင်ဆိုင် နေရတယ်” လို့ ဦးကျောက်ကော်အမ်းက ထုတ်ပြောပါတယ်။
ဒါ့ကြောင့် ညီနောင်မဟာမိတ်တွေကို လက်နက်၊ ငွေကြေးထောက်ပံ့တာတွေ လုပ်မှာ မဟုတ်တော့သလို တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ မိမိခြေထောက်ပေါ်ကို ရပ်နိုင်အောင် ကြိုးစားဖို့ “ဝ” တပ်ဖွဲ့အကြီးအကဲက မှာကြားခဲ့တယ်လို့ Wa Channel က ဖော်ပြပါ တယ်။
UWSA တပ်ဖွဲ့ရဲ့ အခုလို ထုတ်ဖော်ပြောဆိုမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အနေနဲ့ လက်နက်ထောက်ပံ့ရရှိမှုတွေ လျော့သွားနိုင်တဲ့အတွက် လက်ရှိတိုက်ပွဲ တွေမှာ အပြောင်းအလဲ အချို့ ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ချိန်တုန်းကလည်း တရုတ်နိုင်ငံဘက်က စစ်ပွဲရပ်ဖို့ ဖိအားပေးခဲ့ပြီး MNDAA ခေါင်းဆောင်ပိုင်းကို ခေါ်ယူထိန်းသိမ်းတာမျိုး လုပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နလအ တပ်နဲ့ MNDAA ကြား တိုက်ပွဲရပ်ဖို့ သဘောတူညီမှုရခဲ့ပြီး လားရှိုးကို MNDAA တပ်ဖွဲ့က နအလ တပ်ဖွဲ့ထံ ပြန်လွှဲပေးခဲ့ပါတယ်။
လက်ရှိမှာတော့ ရှမ်းမြောက်ဒေသမှာ နလအ တပ်နဲ့ TNLA တပ်ဖွဲ့ကြား ကျောက်မဲမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ပုံ UWSA ပုံစာ UWSA ပြင်ပဆက်ဆံရေးဌာန ကြီးမှူး ဦးကျောက်ကော်အမ်းအားတွေ့ရစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW