လပွတ္တာမှာ ဦးခေါင်းနှစ်လုံး၊ လက်သုံးချောင်းနဲ့ ကလေးငယ်မွေးဖွား

ဩဂုတ် ၂၉၊၂၀၂၅
GG (VOM)
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် တူးမြောင်းတိုက်နယ်ဆေးရုံမှာ ဦးခေါင်းနှစ်လုံးနဲ့ ကလေးငယ်တယောက် မွေးဖွားခဲ့ပြီး ကလေးငယ်က ကျန်းမာရေးကောင်းမွန်တယ်လို့ ကနဦးသိရပါတယ်။
ကလေးငယ်က ဦးခေါင်းနှစ်ခုလုံးအလုပ်လုပ်ပြီး ခန္ဓာကိုယ်နောက်ဘက်မှာ လက်တဖက် အပိုပါတာကြောင့် စုစုပေါင်း လက်သုံးချောင်း ပါရှိကြောင်း၊ မွေးဖွားပြီးတဲ့နေ့ကတည်းက ကလေးကို ရန်ကုန်၊ ဟယ်ပင်ကလေးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ကလေးငယ်ကို ဩဂုတ် ၂၇ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲလောက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးရော မိခင်ပါ ကျန်းမာရေးကောင်းမွန်တယ်လို့ကနဦးသိရပါတယ်။
“ခက်ခက်ခဲခဲနဲ့မွေးခဲ့ရတယ်။ခေါင်းနှစ်လုံးဆိုတော့ ကြပ်ပြီးတော့လေခက်ခဲခဲမွေးရတာပေါ့။kgက ၃.၈၅ လောက်ရှိတယ်။ ကလေးက ထွက်လာလာခြင်း နှလုံးတော့ခုန်တယ် အသက်ကမရှုနိုင်ဘူး။အဲဒါနဲ့ ဆေးရုံမှာရှိတဲ့ဆရာမတွေဝိုင်းပြီးအောက်ဆီဂျင်ပေး အသက်ရှုစက်နဲ့နှိပ်လိုက်တော့မှအသက်ရှူပြီးအသက်ပါလာတာ။ပြီးတော့ ပုသိမ်ကဆရာမကြီးတွေနဲ့တိုင်ပင်ပြီးရန်ကုန်ကိုပို့လိုက်တယ်။အခုထိတော့ကလေးက ကောင်းတယ်ပြောတယ်။ ကျွန်တော့အထင် ခွဲစိတ်မှုကတော့ မဖြစ်နိုင်လောက်ဘူးထင်တယ်။သူက ဦးခေါင်းနှစ်လုံးပါပြီးခန္ဓာကိုယ်နှစ်ခုမဟုတ်ဘူး။
တခုတည်းရယ်။ယောကျ်ားလေးအင်္ဂါကလည်းတခုပဲ။ခြေထောက်ကလည်းနှစ်ချောင်းပဲ။ခွဲရင် တ​ယောက်ကအသက်ပေးရမယ်။သူ့မှာက နှလုံးကတခုတည်းပါတာလား နှစ်ခုလားသေချာမသိရသေးဘူး။အခုဓာတ်မှန်ရိုက်ဘာညာလုပ်နေတယ်သိရတယ်။အသက်ရှင်ရင်တော့ ဒီအတိုင်းပဲရှင်သန်တာမျိုးပဲဖြစ်လိမ့်မယ်ထင်တယ်။” လို့ ကလေးငယ်ကို ခွဲစိတ်မွေးဖွားပေးခဲ့တဲ့ တူးမြောင်းတိုက်နယ်ဆေးရုံက ဆရာဝန်ကြီးကပြောပါတယ်။
ကလေးငယ်ရဲဲ့မိခင်ကတော့ ခွဲစိတ်မွေးဖွားတဲ့ ဒဏ်ရာကြောင့် တူးမြောင်းတိုက်နယ်ဆေးရုံမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုခံယူရင်း အနားယူနေဆဲဖြစ်ကြောင်း ၊ နေရပ်က မြောင်းမြမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ နံကပ်ရွာမှဖြစ်တယ်လို့သိရပါတယ်။
” ကလေးကလန်းလန်းဆန်းဆန်းပါဘဲ ။ မိခင်တောင်ရန်ကုန်ကိုပါမသွားဘူး။မိခင်ကဗိုက်ခွဲမွေးထားတော့ တူးမြောင်းဆေးရုံမှာပဲကျန်ခဲ့ရတယ်။တူးမြောင်းကတိုက်နယ်ဆေးရုံမှာဆရာဝန်တ​ယောက်ပဲရှိတယ်သိရတယ်။ဒါကိုခုလို အဆင်ပြေပြေကျန်းကျန်းမာမာမွေးနိုင်တော့ တော်တယ်ပြောရမှာပေါ့။ကလေးကတော့ မွေးတဲ့နေ့မှာပဲ ရန်ကုန်ကိုပို့ပေးလိုက်တာပါ။ဦးခေါင်းနှစ်ခုလုံးကအလုပ်လုပ်တယ်ဗျ။နောက်တခုက လက်ကသုံးဖက်ပါတယ်။နောက်မှာတဖက်ပါတယ်။နောက်ဘက်က ပခုံးလိုနေရာမျိုးမှာပါတယ်။လက်ကတော့ တိုတယ်။ကျန်တဲ့လက်နှစ်ဖက်နဲ့ခန္ဓာကိုယ်အောက်ပိုင်းကတော့ အကုန်ပုံမှန်ပါဘဲ ။” လို့ ကလေးငယ်ကို ရန်ကုန်ဟယ်ပင်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တဲ့ လပွတ္တာမြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ ကိုဝေမင်းလတ်ကပြောပါတယ်။
လက်ရှိမှာ ဦးခေါင်းနှစ်လုံးပါ ကလေးငယ်ကို ဝယ်ပင်ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့ဆေးဝါးကုသမှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပြီး စောင့်ကြည့်နေကြတယ်လို့သိရပါတယ်။
ဇူလိုင်လတုန်းကလည်း မွန်ပြည်နယ် ၊ ဘီးလင်းဆေးရုံမှာ ရင်ချင်းဆက်အမွှာ မိန်းကလေးကို မွေးဖွားမှုရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် ၊ မတ်လ ၇ ရက်ကလည်း မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တမာပင်ကျေးရွာမှာ ဒေါ်တင်မာဆိုတဲ့အမျိုးသမီးက ဦးခေါင်းနှစ်လုံးပါမိန်းကလေးကိုမွေးဖွားမှုရှိခဲ့တယ်လို့သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW