စက်တင်ဘာ ၃ – ၂၀၂၅
SS (VOM)
ဂီတပညာရှင် အလင်္ကာကျော်စွာ မြို့မငြိမ်း ရေးစပ်ခဲ့ပြီး လူသိများ ထင်ရှားခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းရဲ့ တန်ဖိုးကို နားလည်ရင် မဲဆွယ်တဲ့နေရာမှာ မသုံးသင့်ဘူးလို့ ဆရာမြို့မငြိမ်းရဲ့ မြေးဖြစ်သူ ဆရာပါရမီရွှန်းက ပြောပါတယ်။
“လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်ရာမှာ အသုံးပြုနိုင်ဖို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) ခမောက်ပါတီက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ ခွင့်ပြုချက် တောင်းခံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဆရာမြို့မငြိမ်းရဲ့ မြေးတော်စပ်သူက အခုလို တုံ့ပြန် ပြောဆိုခဲ့တာပါ။
“ဒီသီချင်းရဲ့ တန်ဖိုးကို နားလည်တယ် ဆိုလို့ရှိရင် ဒီလိုနေရာမျိုးမှာသုံးဖို့ လုံးဝ မသင့်တော်ပါဘူး။ ကျွန်တော်တို့ မိသားစုဝင်တွေ အနေနဲ့က ဒီလို ရည်ရွယ်ချက်မျိုးနဲ့ သုံးမယ်ဆိုရင်တော့ ခွင့်ပြုဖို့အကြောင်း မရှိပါဘူး။ ဆရာမြို့မငြိမ်းကို လေးစားမယ် ဆိုလို့ရှိရင် ဒီသီချင်းကို သုံးဖို့တောင် မသင့်ဘူးဆိုတာ သူတို့ကိုယ်သူတို့ ပိုပြီးတော့ စဉ်းစားသင့်တယ်” လို့ ဆရာပါရမီရွှန်းက ပြောပါတယ်။
အဆိုပါ သီချင်းရဲ့နောက်မှာ ဆရာမြို့မငြိမ်းရဲ့ ပရိသတ်တွေရှိပြီး အားလုံးက နှစ်သက်ကြတဲ့သီချင်း ဖြစ်တာကြောင့် ပါတီအဖွဲ့အစည်း ကိုယ်တိုင်ကိုက စဉ်းစားချင့်ချိန်သင့်သလို လက်ရှိ သီချင်း အသုံးပြုခွင့်နဲ့ ပတ်သက်လို့ မိသားစုဝင်တွေက အဖြေပေးတာထက် ပြည်သူတွေကိုယ်တိုင်က အဖြေပေးလိမ့်မယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မန္တလေးမြို့မ တူရိယာအသင်းအနေနဲ့ NDF ပါတီကို အဆိုပါသီချင်း အသုံးပြုစေမှုနဲ့ ပတ်သက်လို့လည်း သူက “ပထမဦးဆုံး ပြောချင်တာက မြို့မအဖွဲ့နဲ့ မြို့မငြိမ်းမိသားစုနဲ့က ကွဲပြား ခြားနားပါတယ်။ မတူပါဘူး။ အဲဒါလေးကို သိစေချင်ပါတယ်။ အဲဒီတော့ မြို့မငြိမ်းသီချင်း အသုံးပြုမှုကို မြို့မငြိမ်းမိသားစုက သင့်တင့်လျောက်ပတ်တာ မဟုတ်တဲ့အတွက် ကန့်ကွက်ခြင်းဖြစ်တယ်။ အဲဒါကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ NDF ပါတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမျိုးဆက်သွေးက
“လူချွန်လူကောင်း” သီချင်းဟာ နှစ်ပေါင်း ၅၀ ကျော် သက်တမ်း ရှိနေပြီဖြစ်တဲ့အတွက် မူပိုင်ခွင့်ဥပဒေအရ ပြည်သူပိုင်တဲ့သီချင်း ဖြစ်နေပြီဖြစ်တာကြောင့် ခွင့်ပြုချက် တောင်းခံစရာမလိုပေမယ့်ကျွန်တော်တို့က တလေးတစား ဖြစ်စေချင်တဲ့ အနေနဲ့ရော၊ နောက် မြို့မအသင်းရဲ့ နှစ် ၁၀၀ ပြည့် အခမ်းအနားလည်း ရှိတဲ့အတွက် သွားပြီး လှူဒါန်းရင်းနဲ့ ဒီသီချင်းကို တရားဝင် လေးလေးစားစား ခွင့်တောင်းခဲ့တာပါ။ ဒါပေမယ့် အမှန်ကတော့ သုံးလို့လည်းရပြီးသား၊ သုံးခွင့်လည်း ပေးပြီးသားဖြစ်တာကို respect ထားတဲ့အနေနဲ့ အသုံးပြုခွင့် တောင်းတဲ့ပုံစံမျိုး ဖြစ်သွားတာပါ” လို့ သူက ပြောပါတယ်။
အခုလို ခွင့်ပြုချက် တောင်းခံခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီးတဲ့နောက် မြို့မငြိမ်း မိသားစုဝင်တွေက “လူချွန်လူကောင်း” သီချင်းကို ရွေးကောက်ပွဲ မဲဆွယ်ရာမှာ အသုံးပြုစေမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်း မနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ အသိပေး ကြေညာခဲ့ပါတယ်။
အဆိုပါ ကြေညာချက်မှာ ဖခင်ကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းက နိုင်ငံတော်ရဲ့ ပုံရိပ်အဖြစ် မျှော်မှန်း ရေးသားခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းကို ဖခင်ကြီးရဲ့ အမွေဆက်ခံတဲ့ မြို့မငြိမ်းမိသားစုထံ အသိပေးခွင့်ပြုချက် ရယူခြင်းမရှိဘဲ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတရပ်၊ ပုဂ္ဂိုလ်တစုတဖွဲ့က ၎င်းတို့ ကိုယ်ကျိုးအတွက် သီချင်းတပုဒ်လုံးကိုဖြစ်စေ၊ သီချင်းရဲ့ စာသား တစိတ်တပိုင်းကိုဖြစ်စေ အသုံးပြုခြင်း၊ သီဆိုခြင်း၊ ဖြန့်ဝေခြင်း၊ လွှင့်ထုတ်ခြင်းတွေကို သီချင်းရဲ့ မူပိုင်ရှင်ဖြစ်တဲ့ မြို့မငြိမ်းမိသားစုက ကန့်ကွက်ကြောင်း ရေးသား ဖော်ပြထားပါတယ်။
ဒါအပြင် အလင်္ကာကျော်စွာ မြို့မငြိမ်းတို့ ဦးဆောင် တည်ထောင်ခဲ့တဲ့ မြို့မ အပျော်တမ်းတူရိယာအသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့လည်း ဖခင်ကြီးရဲ့ သီချင်းတွေကို အသင်းက လက်ခံတီးမှုတ်တဲ့ ဧည့်ခံ ဖျော်ဖြေပွဲတွေမှာ သီဆို တီးမှုတ်ခြင်းတွေကလွဲလို့ တခြားသော ဂီတထုတ်လုပ်ခြင်းတွေ၊ တခြားသော နိုင်ငံရေး စီးပွားရေး အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုခြင်းတွေကို မြို့မငြိမ်းမိသားစုရဲ့ သဘောတူ ခွင့်ပြုချက်မရဘဲ ပေးအပ် ရောင်းချခွင့်၊ ပြုခွင့် မရှိကြောင်းကိုလည်း အသိပေး ကြေညာထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဦးမျိုးဆက်သွေးက “အဓိက ကတော့ ကျွန်တော်တို့ဘက်ကလည်း လိုအပ်သွားတာပေါ့။ တကယ်တော့ “လူချွန်လူကောင်း” သီချင်းဆိုတာ ဆရာမြို့မငြိမ်း ရေးခဲ့တဲ့သီချင်း။ မြို့မအဖွဲ့က တီးနေပြုနေလို့ ဆိုင်တယ်ဆိုပေမယ့်လည်း မူရင်းပိုင်ရှင်ရဲ့ မိသားစုကို ပြောဖို့တော့ ကောင်းတာပေါ့လေ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကလည်း ဆရာမြို့မငြိမ်း မိသားစုနဲ့ ဆက်စပ်မှုကမရှိ၊ ပြီးတော့ မူပိုင်ခွင့်ဥပဒေအရ နှစ်ပေါင်း ၅၀ ကျော်သွားပြီဖြစ်တဲ့သီချင်း ဖြစ်တဲ့အတွက် ဒါက အများပြည်သူနဲ့ သက်ဆိုင်တဲ့သီချင်းလို ဖြစ်သွားပြီဆိုတော့ ဒါလေးကို ကျွန်တော်တို့ဘက်က ပေါ့ဆသွားတဲ့သဘောလေး ဖြစ်သွားတာပေါ့။ အဓိက ကတော့ ဆရာမြို့မငြိမ်းရဲ့ မိသားစုဝင်တွေကို ဘယ်မှာရှာရမှန်း မသိတာပေါ့။ မသိတဲ့အတွက် မြို့မအသင်းကို ပြောလိုက်ရင်လည်းပဲ လုံလောက်ပြီလို့ ကျွန်တော်တို့ဘက်က တွက်ဆမိသွားတာလေးက အားနည်းချက်လေးတခု ဖြစ်သွားတာပါ” လို့ သူက ပြောပါတယ်။
“လူချွန်လူကောင်း” သီချင်းဟာ လွတ်လပ်ရေး ရပြီးပြီခါစ ခေတ်ကာလက ရေးခဲ့တဲ့သီချင်း ဖြစ်ပေမယ့် လက်ရှိ တိုင်းပြည် တည်ဆောက်ရေး ကာလ၊ လက်ရှိ ဖြစ်စဉ်တွေနဲ့ ကိုက်ညီမှု ရှိနေတဲ့အတွက် သီချင်းအဓိပ္ပာယ်ကို အသုံးပြုချင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီသီချင်းကို တီးလုံးနောက်ခံနဲ့ တချို့ activity လေးတွေမှာ သုံးသင့်တာရှိတယ်။ ဒီသီချင်းလေးရဲ့ စာသားတွေအတိုင်း အခုအချိန်မှာ တိုင်းပြည် တည်ဆောက်ရေးအတွက် အရမ်းကို အရေးကြီးတဲ့ အချိန်မှာ တကယ်ကို တိုင်းပြည်အတွက် လူချွန်လူကောင်းတွေ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။
အဆိုပါ လူချွန်လူကောင်းတွေဟာ ၎င်းတို့ NDF ပါတီမှာသာ ရှိတယ်လို့ ဆိုလိုခြင်း မဟုတ်ဘဲ ပါတီပေါင်း များစွာမှာ ရှိနေတာဖြစ်တဲ့အပြင် ပါတီက မဟုတ်တဲ့ နိုင်ငံတဝန်းလုံးမှာလည်း ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီ လူချွန်လူကောင်းတွေ အများကြီး ပေါင်းစုပြီးတော့မှ ပိုကောင်းတဲ့ ရွှေရောင် အနာဂတ်လွှမ်းတဲ့ မြန်မာပြည်ကြီးကို ကျွန်တော်တို့ တည်ဆောက်ချင်တာပါ။ အဲဒီ စေတနာလေးကိုတော့ဖြင့် နားလည်ပေးပါလို့ပဲ ပြောချင်ပါတယ်။ အခုလိုမျိုး သီချင်းပိုင်ရှင်ရဲ့ မိသားစုက ပြောလာတယ်ဆိုတော့လည်း မိသားစုဝင်တွေကို ကျွန်တော်တို့က ရှာဖွေ ဆက်သွယ်ပြီးတော့မှ အကျိုးသင့် အကြောင်းသင့် သွားရှင်းပြဖို့တော့ စဉ်းစားထားပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အဆိုပါသီချင်း အသုံးပြုခွင့်ကို မိသားစုဝင်တွေက ကန့်ကွက်ထားတာဟာ မူပိုင်ခွင့်ဥပဒေအရ အကျုံးမဝင်တော့တဲ့အတွက် အသုံးပြုခွင့် ရှိနေပေမယ့် မိသားစုဝင်တွေက ဆက်လက် ကန့်ကွက်နေမယ်ဆိုပါက ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ ပါတီအနေနဲ့ အစည်းအဝေး ပြန်လည် ပြုလုပ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒါပေမယ့် ကျွန်တော်ထင်တာကတော့ မိသားစုဝင်တွေအနေနဲ့ ကျွန်တော်တို့ နားလည်အောင် ရှင်းပြပြီး သေချာ ခွင့်ပြုချက် တောင်းလိုက်မယ် ဆိုရင်တော့ ခွင့်ပြုလာမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ NDF ပါတီ အတွင်းရေးမှူး ဦးမျိုးဆက်သွေးက ပြောပါတယ်။
မူပိုင်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ ဆရာမြို့မငြိမ်းရဲ့ မြေးဖြစ်သူ ဆရာပါရမီရွှန်းက အဆိုပါ ဥပဒေမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုမျိုး ဖြစ်ပါက ကာကွယ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့အချက် ပါဝင်တယ်လို့ ဆိုပါတယ်။
“အခု ဒီဥပဒေက ဘယ်သူတွေကများ လိုက်နာပြီးတော့ ဘယ်သူတွေကများ အကောင်အထည်ဖော် ဆောင်ရွက်နေပြီလဲပေါ့။ အဲဒါ တချက် ပြောစရာရှိတယ်။ နည်းဥပဒေ ပြဌာန်းတယ်ဆိုတာတွေ ဘယ်တုန်းကနေ တွင်တွင်ကျယ်ကျယ် သုံးတယ် ဆိုတာတွေပေါ့။ ပြီးတော့ အဲဒီဥပဒေရဲ့ အပိုဒ်တွေကိုလည်း သေသေချာချာ ဖတ်ကြည့်ကြပါ။ ဘာလို့လဲဆို ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်တဲ့အရာမျိုးဆို ကာကွယ်လို့ရတဲ့အချက်တွေ ပါတယ်။ ဒါပေမယ့် ဘယ်လိုပြောမလဲ၊ ဒီဟာကြီးက ကျင့်ဝတ်အရကိုက အဆင်ပြေမနေဘူး။ ကျွန်တော်တို့ အနုပညာသမားတွေက ကျင့်ဝတ်ကိုလည်း တန်ဖိုးထားတယ်။ အဲဒီ ကျင့်ဝတ်အရကိုလည်း မြို့မငြိမ်းရဲ့ သီချင်းကို မြတ်နိုးတယ်ဆိုတဲ့ လူတွေက ကျင့်ဝတ်ကို ထိန်းသိမ်းရမှာ အမှန်ပဲ။ အဲဒါကိုကျွန်တော် အဓိက ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
အဆိုပါ “လူချွန်လူကောင်း” သီချင်းကို အလင်္ကာကျော်စွာ မြို့မငြိမ်းက လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပြည်တော်သာ ညီလာခံအတွက် ရေးစပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုအချိန်တုန်းက ဆရာမြို့မငြိမ်းဟာ “လူချွန်လူကောင်း” သီချင်းကို ပြည်တော်သာ ညီလာခံအတွက်သာ မဖြစ်စေဘဲ အနာဂတ် မြန်မာနိုင်ငံတော်အတွက်အထိ အသုံးပြုနိုင်ဖို့ ရေးစပ်ခဲ့တာဖြစ်ပြီး အဆိုပါသီချင်းဟာ လက်ရှိအချိန်အထိ နိုင်ငံတော်ရဲ့ အမျိုးသားရေးဆိုင်ရာ မျှော်မှန်းချက် ပုံရိပ်အဖြစ် ထင်ရှား ကျန်ရစ်ခဲ့ပြီး လူတိုင်းပါးစပ်ဖျား စွဲနေဆဲသီချင်းဖြစ်ပါတယ်။
