သူတို့အိမ် အခန်း – ၃

ဆူးငှက်

 

၂၉လမ်း ဈေးလမ်းမ
——————–

“ရှေးတုန်းက မြစ်ဆိပ်ဆိုတာ ဒီနားပေါ့။ သင်္ဘောတွေ ဆိုက်တဲ့နေရာ လေ”” ဟု လူကြီးသူမများ ပြောစကားကို တအံ့တသြ နားထောင်ရင်း ဒေါင်းရိုးသင်္ဘောတန်းဟူ သော ရပ်ကွက်နာမည်ကို ဆီသည်ချောင်ဟူသော အမည်ထက် နှစ်သက်ခဲ့တာ ဝန်ခံပါသည်။ အိမ်လိပ်စာပေးတိုင်း ဒေါင်းရိုးသင်္ဘောတန်းရပ် စိုင်ပျိုရိပ်သာဝင်းအတွင်းဟု ရေးသားရတာကို မြိန်ယှက်ခဲ့သည်။ မည်သို့ဆိုစေ ရပ်ကွက်၏ အဓိက လမ်းဖြစ်သည့် စိုင်ပျိုရိပ်သာဝင်းရှေ့က ၂၉လမ်းသည် ဈေးလမ်းမအဖြစ် အချက်အချာကျသည်။ မြစ်ဆိပ်နှင့် ဈေးချိုကို ဟင်းသီးဟင်းရွက် ကုန်၊ ကောက်ပဲသီးနှံကုန်တွေကိုတော့ ဒီလမ်းကပဲ သယ်ပို့ကြရသည်။ အနောက် ကျွန်းထဲဆီမှ ပဲစိမ်းစားဥ လှည်းတန်းကြီးလာလျှင်

ကျွန်တော်တို့သည် လှည်းမြီး ခိုကာ ရိုင်ပတ်ကြားမှ ပဲစိမ်းစားဥများ ဆွဲဖြုတ်ပြေးကြရသည်။ သဘောကောင်းသော လှည်းသမား တစ်ယောက် တစ်လေကမူ ကျွန်တော်တို့မြင်သည်နှင့် ပဲစိမ်းစားဥတစ်တွဲ ဖြုတ်ယူပြီး လှမ်းပစ်ပေးတတ်သည်။ ထို့ကြောင့် ၂၉လမ်းပေါ်တွင် လှည်းတွေ တအီအီလည်း ဖြတ်နေကြ၏။ ဈေးသွားဈေးပြန် မြင်းလှည်းများ လည်း မနက်သုံးနာရီလောက် ကတည်းက ခွာသံတခွပ်ခွပ်နှင့် ဥဒဟို သွားလာ နေကြပါသည်။

ထိုသို့ အသွားအလာများသည့်လမ်းမို့ ရပ်ကွက်ဖောက်သည်သာမက ဈေးသွားဈေးပြန်ဧည့်သည်များ အတွက်ပါ ၂၉လမ်း အနောက်ပိုင်းက အနောက်ထိပ်မှာ ဒေါ်လှရီအကြော်ဖိုက ကောက်ညှင်းပေါင်း အကြော်ရှိသည်။ အကြော်ဖိုနှင့်တွဲလျက် ဦးဘစိမ်းလက်ဖက်ရည်ဆိုင်ရှိသည်။ ထို့နောက် အနားပတ်ဝန်းကျင်မှာ မုန့်ကြက်အူ၊ မုန့်လုပ်ဆောင်း၊ အုန်းပေါင်း၊ ငှက်ပျော်သီးကြော်၊ ပဲမြစ်၊ ကုလား စပါးယို စသည့် ဈေးသည်များကား နေဝင်သည်အထိ မပြတ်တော့။

စိုင်ပျိုရိပ်သာဝင်းရှေ့မှာက ဦးပုကွမ်းယာဆိုင်နှင့် အအေးဆိုင်၊ မျက်နှာချင်းဆိုင်မှာ ဒေါက်တာဟု ခေါ်ကြသည့် ဟိန္ဒူအဖိုးကြီး မုန့်နှင့် ကွမ်းယာဆိုင်၊ ဒေါက်တာ့ဆိုင်မှာလည်း ကြံရည်နှင့် အအေးစုံ ရသေးသည်။ ဦးပု ကွမ်းယာဆိုင် အရှေ့ဘက်ကပ်ရက် ဦးထင်လှ ဒေါ်ရင် ကုန်စုံဆိုင်၊ ထို့နောက် ဦးဖိုးထွဋ် ဒေါ်သောင်း ရေနံဆီဆိုင်၊ ထို့နောက် မလှကြည် စက်ဆိုင်ဝင်း၊ ထို့နောက် ဦးမြင့် ဒေါ်ကြည် ပွဲရုံ။ သူ့အရှေ့ဘက်မှာက ဒေါ်အုန်းကြည်နှင့် သမီး မတင်ညို မတင်ပိုတို့၏ မုန့်ပြားသလက် ကောက်ညှင်းပေါင်းနှင့် အကြော်စုံ။

မနက်စောစောတွင်မူ ဆီစက်ဝင်း အနောက်ဘက်လမ်းကြားမှ အငွေ့ တထောင်းထောင်းနှင့် လက်တွန်း လှည်းကြီး တအိအိ ထွက်လာတတ်ပါသည်။ ဓားပြားရိုက်ကြက်သွန်ဖြူနှင့် ဂျုံနုနုလေးကို ပြုလုပ်ထားသော ခေါက်ဆွဲ၊ ကြက် သားနိုင်းချင်း၊ အဆာပလာနိုင်းချင်းနှင့် ဦးမှန်ခေါက်ဆွဲလည်း စားနိုင်ပါသေး သည်။ ထို့နောက် ဒေါ်မြကျင် မုန့်တီ မုန့်ဟင်းခါး။ ဒါက စိုင်ပျိုဝင်းပေါက် ဝန်းကျင်ပဲ ရှိသေးသည်။ သည်တော့ အဘတို့ရောက်ကာစ ဝါးရုံတောကို တောထွင် ခုတ်သင်ပြီး အကောင်ပလောင်တွေပင် ညအခါလာတတ်သည့် ရတနာပုံ မန္တလေး၏ အစွန်အဖျား ရပ်ကွက်လေးသည် ကျွန်တော်တို့ လူမှန်းသိသည့် အရွယ်တွင် စည်ကားသော ရပ်ကွက်ကြီး ဖြစ်နေပေါ့။ ဘယ့်နှယ် ဆီသည်ချောင် ဖြစ်ပါ့မလဲ။ ဒေါင်းရိုးသင်္ဘောတန်းရပ်ကွက်ပေါ့။ ဤသို့ မာနကြီးခဲ့ပါ၏။ ၂၉လမ်းအနောက်ထိပ် မိကျောင်းတံတားဆိုသည် ကလည်း (ထိုစဉ်က) မသာမယာရှိခဲ့သော်လည်း အမရပူရခေတ်၏ အထင်ကရအဖြစ် ဂုဏ်ယူရဦးမည်။

 

မိကျောင်းတံတား
——————

တကယ်တော့ မိကျောင်းတံတားသည် အိမ်တော်ရာဘုရား အနောက်တောင်ထောင့် တံတိုင်းပြာသာဒ် နေရာမှ စသည်။ အိမ်တော်ရာဘုရားဆိုသည်မှာ မန္တလေးမတိုင်မီ ကတည်း တည်ထားခဲ့သော ဘုရားဖြစ်သည်။ သက္ကရာဇ် ၁၂၀၇ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၄ရက်နေ့တွင် ခမည်းတော် သာယာဝတီမင်း နတ်ရွာစံသောကြောင့် သားတော် အိမ်ရှေ့ဥပရာဇာ ပုဂံမင်းသားက အမရပူရထီးနန်းကို ဆက်ခံ စိုးစံတော်မူသည်။ သက္ကရာဇ် ၁၂၀၉ခုနှစ်တွင် အိမ်ရှေ့စံမင်းသားကြီးအဖြစ် စံနေတော်မူခဲ့သော အိမ်တော်နေရာတွင် မဟာလောကရံသီ ဘွဲ့ခံ စေတီတော်ကို တည်ထားခဲ့သည်။ ပုဂံမင်း၏ အိမ်တော်နေရာတွင် တည်ထား၍ ၁၂၁၀ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၆ရက်နေ့တွင် ထီးတော်တင်လှူ အောင်မြင်တော်မူကာ အိမ်တော်ရာစေတီတော်ဟု ထင်ရှားသည်။

အိမ်တော်ရာစေတီတော်သည် ဉာဏ်တော်အမြင့် ၅၉တောင်(၁၅၀ပေ ၄လက်မခွဲ) နှင့် ဖိနပ်တော် ၆၇တောင် ၂မိုက်(၁၃၆ပေ) ရှိကာ အချိုးအစားအနေနှင့် စံထားလောက်သည့် စေတီတော်ဖြစ်သည်။ ထို့ပြင် စေတီတော်တို့တွင် ပါသင့်ပါထိုက်သည့် ဗိသုကာ အဆောင်အယောင်များ အချိုးကျ ပြေပြစ်စုံလင်စွာ ပါရှိသဖြင့် အမရပူရခေတ်၏ စေတီတော်အချိုးနှင့် ပန်းရံ ပန်းတော့ ပန်းတမော့ အနုပညာများအဖြစ် လေ့လာမှတ်သားဖွယ် ဖြစ်သည်။ အထူသဖြင့် ဖိနပ်တော် ထောင့်လေးထောင့်ရှိ အုတ်အင်္ဂတေ ခြင်္သေ့ကြီး၄စီးသည် အချိုးအစားအကျဆုံး လက်ရာကောင်းများဖြစ်သည်။ အဆိုပါ ခြင်္သေ့၄စီးအနက် ရာဟုထောင့် (အနောက်မြောက်ထောင့်) ရှိ အုတ်အင်္ဂတေခြင်္သေ့မှာ စေတီတော်ကြီးကို ဦးဆောင် ကြီးကြပ် တည်ထားသူ ပန်းတိမ်းမြို့၊ ပန်းဘဲမြို့စား ပန်းဘဲဝန် သတိုးမင်းကြီး မဟာမင်းလှကျော်သူ ကိုယ်တိုင် နမူနာအဖြစ် ထုထစ် ပုံဖော်ခဲသည့် ခြင်္သေ့ရုပ်လုံး ဖြစ်သည်။

၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးရပြီးနောက် လွတ်လပ်ရေးကျောက်တိုင်ကြီးကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း တည်ဆောက်သောအခါ အောက်ခြေအုတ်ခုံတွင် ဝန်းရံမည့် ခြင်္သေ့အတွက် မန္တလေးမှ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းက ထုဆစ်ရာတွင် အကောင်းဆုံးနမူနာစံအဖြစ် အိမ်တော်ရာစေတီ ရာဟုထောင့်က ခြင်္သေ့ကို ယူခဲ့သည်ဟု မှတ်သားရသည်။

ထို့ပြင် အိမ်တော်ရာစေတီတော်ကြီးသို့ အမရပူရနေပြည်တော်မှ မင်းခမ်းမင်းနားများနှင့် ကြွရောက် ဖူးမြော်လျှင် လမ်းပန်းသာယာရန်အတွက်လည်း အုတ်တံတားကြီးတစ်စင်းကို ဘုရားအနောက်မုခ်မှတဆင့် တောင်ဘက် ၈ပြခန့် ရေလွတ်ရာအထိ ပုဂံမင်းယောက်ဖတော် တောင်တွင်းကြီးမြို့ဝန် မင်းရဲမင်းခေါင်ကျော် (မင်းသားကြီး ဦးကျောက်လုံး) က သက္ကရာဇ် ၁၂၁၁ခုနှစ် ပြာသိုလတွင် တည်ထားခဲ့သည်။ အဆိုပါ အုတ်တံတားကြီး၏ တောင်ဘက်အဝင် (ယခု ၃၅လမ်း၊ ၈၆လမ်း) တွင် အချိုးအစားကျနပြီး မာန်ပါလှသော ဧရာမ အုတ်ခြင်္သေ့ကြီး ၂စီးကို တည်ထားခဲ့ရာ မန္တလေးတောင်ခြေ ခြင်္သေ့ကြီး ၂စီးအပါအဝင် အခြား အုတ်ခြင်္သေ့ကြီးများ တည်ဆောက်ရာတွင် စံပြနမူနာ အတုယူစရာ အနုပညာ လက်ရာကောင်း ဖြစ်ခဲ့သည်။ အဆိုပါ အုတ်တံတားကြီး၏ မြောက်ဘက် အဝင် ထိပ်တွင် မိကျောင်း၂ကောင်နှင့် ရေသူမပုံ ထုလုပ်ထားသောကြောင့် မိကျောင်းတံတားဟု အမည်တွင်သည်။

 

ဆင်တံတား
————–

“ပျားပန်းခပ် သည်တွင် ရောင်းဝယ်ကူးသန်း ဟိုစဉ်
ချောင်းရွှေလှေလောင်း စည်ဗုံမောင်းငြိမ့်လွင်
မန်းမြို့သူ မူချင်ချင်
ဆင်တံတားထိပ် ညောင်ညိုပင်
ခေါင်းလျှော်ရေချိုး တမျိုးကြည့်လို့ယဉ် ”

(မြို့မငြိမ်း- မန်္တလေး အမှတ် ၂ သီချင်းမှ)

ဆင်တံတားဟူသည် ဈေးချိုတော်ကြီး အနောက်ဘက် ၈၆လမ်း ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသော ဆင်ရုပ်ကြီး နှစ်ကောင်ရှိရာ အုတ်တံတားကြီးဖြစ်သည်။ အဆိုပါ အုတ်တံတားကြီးက ဈေးချိုတော် အနောက်ဖက် ရွှေတချောင်းမြောင်းမှသည် အိမ်တော်ရာဘုရားအရှေ့မုခ်အထိ ရှည်လျားသည်။ ထို့ကြောင့် အိမ်တော်ရာ ဆင်တံတားဟု လူသိများသလို ဈေးချို ဆင်တံတားဟုလည်း ခေါ်ဆိုကြသည်။ တကယ်တော့ ဆင်တံတားမှာ ဈေးချိုမတည်မီ မန္တလေးမတည်မီကတည်းက အိမ်တော်ဘုရားအရှေ့မုခ်သို့ ဘိုးတော်ဘုရား ခေတ်ကတည်းက မတ္တရာမြို့မှ အမရပူရနေပြည်တော်အထိ ဖောက်လုပ်ခဲ့သော နှဲကုပ်သိုမြောင်း (ယခု ရွှေတချောင်းမြောင်း) လှေဆိပ်မှ အိမ်တော်ရာဘုရားသို့ လွယ်လင့်တကူ တက်ရောက် ဖူးမြော်နိုင်ရန် တည်ဆောက်ခဲ့သော အုတ်တံတားကြီး ဖြစ်သည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီး ပြီးမှ တည်ဆောက်ခြင်း ဖြစ်ပြီး တံတားဒါယကာမှာ ”နိဗ္ဗာနပစ္စယနာဂဆဒ္ဒန် ဆင်မင်း” ကြီးဖြစ်သည်။

ထိုဆင်မင်းမှာ ဘိုးတော်ဘုရားလက်ထပ်တွင် ဟံသာဝတီတောင်ဘက် နိဗ္ဗာန်ရွာ၏ အရှေ့ဘက် ကုန်းသာယာ အမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်သည်။ ၁၁၆၈ ခုနှစ်တွင် ကြန်အင်နှင့် ပြည့်စုံသောဆင်ဖြူ တော်ဖြစ်သဖြင့် ဘိုးတော်ဘုရားက ဟံသာဝတီမှ ခေတ္တစံရာ မင်းကွန်းသို့ ဆင်ဖြူတော်ကို တင်ဆောင် ခေါ်ယူခဲ့သည်။ ထို့နောက် အမရပူရတွင် ဆင်မင်းနန်းတော် ဆောက်ပေးပြီး အထိန်းအသိမ်း၊ အယုအယများနှင့် ထားခဲ့၏။ ဆင်ကြီးအတွက် ရွှေအင်၊ ငွေအင် များအပြင် ဆင်ကြီးအတွက် အားလုံးက ဝိုင်း၍ လက်ဖွဲ့သော ပစ္စည်းများကလည်း ဆင်ကြီးပိုင်အဖြစ် အများအပြား ရှိခဲ့သည်။ ဆင်ကြီးသည် လူကဲ့သို့ သိတတ်ကာ လူစကားကို နားလည်သဖြင့် လူချစ်လူခင် ပေါသကဲ့သို့ လူအများ အကျိုးအတွက်လည်း ဆင်ကြီးက ဆောင်ရွက်ခဲ့ရာ နာမည်ကြီးလှသည်။

ပုဂံမင်းက အိမ်တော်ရာစေတီတော် တည်ထားပြီးနောက် ၁၂၁ဝခုနှစ်တွင် ဆင်မင်းပိုင် ငွေတော်များဖြင့် အုတ်တံတားကြီး တည်ဆောက်ကာ တံတားထိပ်ဦးတွင် အုတ်ဆင်ရုပ်ကြီး ၂ရုပ် တည်ဆောက်ပြီး အလှူတော် ပြုလုပ်ပေးခဲ့၏။ ရှေးက ဆင်ရုပ်ကြီးများတွင် စုထိုး အမိုးပြာသာဒ်များ ရှိခဲ့သည်။ ဆင်ရုပ်ကြီးများရှေ့မှာ ရှေးက သစ်ရိပ်ဝါးရိပ်ကောင်းကောင်းနှင့် ရေကြည်ရေကောင်းရေရှင် ရွှေတချောင်းဆိပ်ရှိခဲ့သည်။ မဲအိုးတန်းကနေ အိမ်တော်ရာ ဘုရားတောင်မုခ် ဒက္ခိဏဝန်ကျောင်းသို့ နေ့စဉ် ကျောင်းတက်ကျောင်းပြန် သွားလာရသော ဆရာကြီးရွှေဥဒေါင်း ငယ်စဉ်က မည်သို့ပင် စိတ်ချုပ်တည်းစေကာမူ ထိုရေဆိပ်ရောက်သည်နှင့် ဖခင်၏ အရိုက်အနှက်ခံကာ အင်္ကျီချွတ် ပုဆိုးကို ကမ်းစပ်ပုံပြီး ဒိုင်ပင်ထိုးချ အားရပါးရ ရေကူးဖြစ်လောက်အောင် ဆွဲဆောင်အားကောင်းသည့် ဆင်တံတား ရေချိုးဆိပ်အကြောင်း တစ်သက်တာမှတ်တမ်းစာအုပ်တွင် ရေးသားခဲ့သည်။ ဆရာမြို့မငြိမ်းကတော့ ဆင်တံတားထိပ် ညောင်ညိုပင်အောက်က ရေဆိပ်မှာ ဈေးချိုသူတွေ ခေါင်းလျှော်ရေချိုးကြသည့်အကြောင်းလည်း တခုတ်တရ သီချင်းစပ်ခဲ့သည်။

 

အိမ်တော်ရာထီး
—————

ထိုဆင်တံတားပေါ်တွင် ယခင်က မန္တလေးမြို့၏ နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ် ရောင်းချခဲ့သည်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။ အိမ်တော်ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာ ရောင်းချရသဖြင့် ထီးရိုးပြုလုပ်သော လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။ ထိုနေရာကို ထီးရိုးဝင်းဟုခေါ်တွင်ခဲ့၏။ ယခု အိမ်တော်ရာထီး ပျောက်ကွယ်ခဲ့ သည်မှာ ကြာပေပြီ။ မှတ်မှတ်ရရ ၁၉၉၀ ဝန်းကျင်ကာလလောက်က ကျွန်တော့လက်ထဲ ဖလင်ကင်မရာလေး တစ်လုံးရှိသဖြင့် ဒေါ်ဒေါ်(လူထုဒေါ်အမာ)က သူရေးသားသော ဆောင်းပါးများအတွက် လိုအပ်သော ဓာတ်ပုံများ ရိုက်ခိုင်းကာ ပုံတွေ ကူးခိုင်းသည်။ မှတ်မှတ်ရရ ဒေါ်ဒေါ်က အိမ်တော်ရာထီးအကြောင်း ဆောင်းပါး ရေးသောအခါ အိမ်တော်ရာ ဆင်တံတားပေါ် က ဒေါ်ဒေါ့်မိတ်ဆွေများဆီ ကျွန်တော့်ကို လွှတ်သည်။ အချက်အလက်အချို့ မေးမြန်းရသည်။ မေးမြန်းမှတ်သားချက်တွေကို ဒေါ်ဒေါ့်ထံ ပြန်ပြောသည်။ ထိုအခါ လုပ်ငန်းတစ်ခုနှင့် ပတ်သက်၍ အရေးကြီး၊ အဓိကကျသော မေးခွန်းတွေအကြောင်း ဒေါ်ဒေါ်က သင်ပေသည်။

“လုပ်ငန်းနဲ့ပတ်သက်ပြီး မေးရမြန်းရတော့ သူတို့က အားချင်မှလည်း အားမယ်၊ အလုပ်ရှုပ်နေချင်လည်း ရှုပ်မယ်။ ဒီအခါ အခြေအနေကို ကြည့်ကွယ်။ ကိုယ်က ကြိုပြီး ချိန်းချက်သွားတာမျိုးမဟုတ်ရင် ပိုသတိထားရမယ်။ မေးတဲ့မြန်းတဲ့အခါ ပိုပြီး ထိရောက်အောင် ကိုယ်မေးမယ့် လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြိုတင် လေ့လာထားရမယ်ကွယ့်” ဟု ပြောပြသည်။ ထို့နောက် လူထုတိုက် အောက်ထပ်စာကြည့် ခန်းထဲရှိ အိမ်တော်ရာထီးတစ်ချောင်းကို ယူလာသည်။ ကျွန်တော်ကလည်း အိမ်တော်ရာထီးကို ယခုမှ မြင်ဖူးသည်။ ထီးရိုးဝါး၊ ဝါးကိုင်းတံ များနှင့် ပိတ်ထီးရွက်ဖြစ်သည်။ ထီးရွက်မှာ “သစ္စေး ဟင်္သပြဒါးများ သုတ်လိမ်ထားသည်။ လက်ကိုင်ကလည်း သစ်သားပွတ်လုံးထိုးဖြစ်၏။ ဘုန်းကြီးဆောင်း ထီးများနှင့် တူသည်။ သို့သော် လူဆောင်းနှင့် ဘုန်းကြီးကျောင်းကို ကွဲပြားအောင် ပြုလုပ်ထားသည်။

အိမ်တော်ရာထီး လုပ်ငန်းက သက္ကရာဇ် ၁၂၅၇ ခုနှစ်ခန့်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ ထီးဆရာကြီး ဦးချက် က စတင် လုပ်ကိုင်ခဲ့ပြီး မျိုးရိုးစဉ်ဆက် သား ဦးဖီး မြေးမြစ်များဖြစ်သည့် ဦးလှဖေ နှင့် ဦးညွှန့်ဝင်း တို့က ဆက်လက်လုပ်ကိုင် ခဲ့ကြသည်။ ထို့နောက် ဦးတင့်-ဒေါ်ဆင့် (ပိတ်ထီးဆိုင်)သမီး ဒေါ်သက်မေ ၊ ကျားတိုက်၊ ဒေါ်နု၊ ရွှေကြေးစည် သင်္ကန်းတိုက်၊ ဇာမဏီသင်္ကန်း တိုက် ရွှေထီးဦးရင်မောင် ပိတ်ထီးသူ ဒေါ်ရင် သမီး ဒေါ်တင်အေးတို့လည်း ထီးလုပ်ငန်း လုပ်ကိုင်ခဲ့သည်။ အိမ်တော်ရာထီးကို အဆင့်ဆင့်ပြုလုပ်ရာတွင် ထီးခေါင်း နှင့် အခြာ တို့တွင် ထီးဆံလက်တန် ထည့်၊ ထီးလက်တန်အကွက်ညှိ၊ ထီးရွက်အနားသတ်၊ ကြိုးထိန်း၊ ထီးမိုး၊ ပန်းရေး၊ ရောင်စုံပုံခြယ်ရေး၊ ပန်းဖောက်ပန်းထိုး၊ ထီးရိုးတပ်၊ မိုးရေခံ ဆီဆေးသုတ်၊ နေပူတွင် တစ်နေ့တာ နေလှမ်းအခြောက်ခံပြီးမှ ထီးရိုးတပ်သူ ဆိုင်ထောင်မှ အပြီးသတ် ဆောင်ရွက်၍ ဆိုင်ပေါ်တင် အသင့်ရောင်းရပုံများနှင့် ထီးရွက်မှာ ပိတ်စဖြစ်၍ ထီးခရိုင်မှာ ဝါး ဖြစ်သည်။ ထီးရိုးတိုင်မှာ အမျိုးသမီးဆောင်းတွင် အသားပွ ပွတ်လုံးတိုင် ဖြစ်၍ သံဃာတော်သုံး ထီးရိုးတိုင်မှာ ဝါးတိုင်(ထီးရိုးဝါး)ဖြင့် ပြုလုပ်ထားသည်ကို ဆင်တံတားပေါ်က ဒေါ်ဒေါ့်မိတ်ဆွေက ရှင်းပြသည်။ တစ်ချိန်က အိမ်တော်ရာထီးလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဒေါ်ဒေါ့် မိတ်ဆွေထံမှာ လက်ကျန် ထီးပင်မရှိတော့။ မနည်းရှာလိုက်မှ နောက်ဖေးအဖီ အိမ်မိုးကြားတွင် ထိုးထားသော ထီးဟောင်းလေး တစ်လက်ကို တွေ့တော့သည်။

“ဒို့မှာလည်း အိမ်တော်ရာထီးက ဒီတစ်ချောင်းပဲ ရှိတော့တာ ဆင်တံတားပေါ် မင်းသွားမေးတုန်းက သူတို့မှာလည်း ဘိုးဘွား အမွေအနေနဲ့ သိမ်းထားတဲ့ ထီးတစ်ချောင်းပဲ ရှိတာ။ လောလောဆယ် ရှာလို့ မရသေးဘူးတဲ့လား။ အေးကွယ် မန္တလေးမှာ တစ်ချိန် ထင်ရှားခဲ့တဲ့ အိမ်တော်ရာထီးဆိုတာ နောက်လူတွေ မြင်ဖူးဖို့တောင် မလွယ်တော့ဘူးကွယ်” ဟု ဝမ်းနည်းစကား ဆိုသည်။ အိမ်တော်ရာ ထီးလေးကို ကျွန်တော့်လက်ထဲ ထည့်ပြီး “ဒီထီးလေးကို ဓာတ်ပုံရိုက်ပေးကွယ်၊ ဒီလိုထောင်ရက်လေးရော၊ ထီးဖွင့်ပြီးရော ၊ ပြီးတော့ မင်းဇနီးလေးကိုလည်း ထီးလေး ဆောင်းပြီး ရိုက်ခဲ့၊ ပုံတွေရရင် အမေ့ဆီလာပေး …၊ မင်းကျသင့်သလောက် အမေပေးမယ်” ဟု ဆိုသည်။

သြော် ကမ္ဘာကျော်သတင်းစာဆရာ၊ စာရေးဆရာမကြီးပေမင့် အခုမှတွေ့ကာ လူငယ် ကလောင်ပေါက်စ လေး တစ်ယောက် အပေါ် ဖေးဖေးမမ သိမ်သိမ်မွေ့မွေ့နှင့် တန်ဖိုးထားသင့်သည့် အရာများအပေါ် တန်ဖိုးထားတတ်၊ လေးစားသင့်သည့် အရာမျးာအပေါ် လေးစားတတ်အောင် ညင်သာစွာ သင်ကြားပေးမှုများပဲ ဖြစ်ပါသည်။

 

ရပ်ကွက်ထဲမှာ
—————-

ထိုရပ်ကွက်လေးတွင် ဆီသည်များရှိသလို ဆိုက်ကား နင်းသူများ၊ ဈေးချိုကိုင်းတန်းဈေး၊ ထီးတိုင်ဈေးများ တွင် ပျံကျဈေးရောင်းသူများ၊ နွားလှည်းထောင်၊ မြင်းလှည်းထောင်သူများ၊ ပွဲရုံများတွင် ကြက်သွန်ပြာ၊ ဆန်ပြာ အလုပ်ကို ဆန်ကောတစ်ချပ်စီဖြင့် အုပ်စုဖွဲ့လုပ်ကိုင်သူများ၊ ကောက်ညှင်းပေါင်း အကြော်ရောင်းသူများ အစုံရှိပါ၏။ အလွှာအနေဖြင့်မူ အောက်ခြေလက်လုပ်လက်စားအလွှာ အများစုရှိပါသည်။ အညာကျေးလက်များမှ ပြောင်းရွှေ့လာ သူများဖြစ်ကြသလို လက်လုပ်လက်စားများလည်းဖြစ်၊ အရံအတားမရှိ၊ ဝင်းထရံမရှိ၊ တန်းလျားလို အိမ်လေးများ အခန်းလေးများမှာ နေရတော့ သူ့ထမင်းအိုးကိုယ်နှိုက်၊ ကိုယ့်ထမင်းအိုး သူနှိုက်၊ ကိုယ့်အိပ်ရာသူဝင်၊ သူ့အိပ်ရာ ကိုယ်ဝင်နှင့် တစ်ရပ်ကွက်လုံး ကိုယ့်အိမ်ကိုယ့်ရာချည်း ဖြစ်နေပါသည်။

မနက်မိုးမလင်းခင်က လုပ်ငန်းခွင်အသီးသီးသို့ထွက်ခွာကြရပြီး ညနေစောင်းမှ အိမ်ကပ်ရတာမို့ နေ့ခင်း နေ့လယ် တိတ်ဆိတ်ငြိမ်သက်သလောက် ညနေစောင်းလျှင် ရပ်ကွက်လေးမှာ လှုပ်ရှားသက်ဝင် ဆူညံလာတော့သည်။ သမဝါယမခွဲတမ်းရ ဖိလစ်ရေဒီယိုကိုတကြော်ကြော် ဖွင့်သူဖွင့်၊ မူးလာသည့် ယောကျ်ားကို တကြော်ကြော် ဆဲသူဆဲ၊ ဟီးဟီးဟားဟား ရယ်သူရယ်၊ အော်သူ အော်၊ ငိုသူငို၊ ငေါက်သူငေါက်၊ ရန်ဖြစ်သူဖြစ်၊ ညည်းတွားသူ ညည်းတွားနှင့် အနောက်နိုင်ငံများမှ ဂန်္ထဝင်မြောက်ရုပ်ရှင် ကားကြီး၏ ဇာတ်ပို့ဇာတ်ရံများလို ဇာတ်ညွှန်းအတိုင်း အကွက်စေ့စေ့ လှုပ်ရှားနေသည်နှင့် တူလှသည်။

ထင်းရှူးသေတ်္တာရိုက်သူက သူ့စိတ်ကူးနှင့် လေလေး ချွန်ချွန်နှင့်ရွေပေါ်ထိုး။ သမဝါယမအသင်းတစ်သင်းမှ တာဝန်ခံ စာရေးကြီးကလည်း ဟန်းဘားဘီးအိုကြီး တွန်းကာသီချင်းလေးညည်း။ ထီးတိုင်ဈေး ပျံကျတန်းမှာ ရောင်းသည့် ဈေးသည်အပျိုမကလည်း ရေချိုးရင်း သူ့စိတ်ကူးနှင့် သူ့သီချင်းနှင့် သဘောတွေ့မနောခွေ့၊ သည်လိုသည်လို ကိုယ့်ဘဝကိုယ် ပျော်ရွှင်ကျေနပ်နေသူများလည်း ရပ်ကွက်ထဲမှာရှိပါသည်။ ထို့အတူ ညနေတိုင်း မူးပြီး တွေ့ကရာ ကော်ဆဲနေသူလည်းရှိမှာပေါ့။ မျက်နှာချင်းဆိုင်တာနဲ့ တကျက်ကျက်ရန်ဖြစ်နေသော လင်မယားလည်းရှိမှာပေါ့။ အိမ်ကလစ်တာနဲ့ အနည်းအများ လောင်းကစားဝိုင်းဆီ ရောက်နေလို့ အမြဲဆိုဆဲနေတဲ့ သားအမိလည်းရှိမှာပေါ့။

ထိုနေရာသည် လူနေထူထပ်သော ရပ်ကွက် ဖြစ်ကာ ၂၉လမ်း၏ မြောက်ဘက်တွင် သီရိဟေမာ အရှေ့ရပ်ကွက်ဖြစ်ပြီး တောင်ဘက်က ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် ဖြစ်ပါသည်။ ၂၉လမ်း အနောက်ထိပ် ပြည်ကြီးပျော်ဘွယ်အရပ်သည် မြန်မာမင်းများ လက်ထက်ကတည်းက ပုဏ်္ဏား ပေါက်ပေါက်ဆုပ်၊ ပုဏ်္ဏားကုလားပဲသုတ်၊ ရာမဇာတ် တော်၊ မဟာပိန်္နဲ လှည်းဆွဲပွဲ၊ စနီ်္ဒနတ်သမီးရေချတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါသည်။ မြောက်ဘက်ခြမ်း သီရိဟေမာ အရှေ့ရပ်ကွက်ကတော့ မြန်မာရပ်ကွက် စစ်စစ်ဖြစ်၏။ ဘုတလင်နယ်၊ ဆားလင်းကြီးနယ်ဘက်က မန်္တလေးမှာ လာ ရောက်အခြေချသူများ၏ ရပ်ကွက်လည်း ဖြစ်ပါသည်။ နှစ်ခန်း တစ်ခန်း၊ နှစ်အိမ့် တစ်အိမ်၊ တံခါးမရှိ၊ ဝင်းထရံမရှိ၊ ခြံစည်းရိုးမရှိ၊ ပူးပူးကပ်ကပ် နေကြသည်။

 

မီးကလေးတွေ မှတ်တုတ် မှတ်တုတ်
—————————————

အချိန်က မိကျောင်းတံတားသည် အခုလို လမ်းမသာသေး၊ လမ်းမီးကလည်းမရှိ၊ အသွားအလာကလည်း ပြတ်တော့ ညနေစောင်းလျှင်ပင် မိကျောင်းတံတားပေါ်မသွားရဲတော့။ အရပ်ထဲမှာ မြက်တံမြတ်စည်းတွေပြုလုပ်သည့် လုပ်ငန်းလည်း ရှိပါသည်။ ထိုအချိန်က အိမ်တော်ရာအနောက်ဘက်မှသည် ဟို တောင်ဘက် ဥယျာဉ်တန်းအထိ မိကျောင်းတံတား လမ်းမသည် မည်းမှောင်ခြောက်ကပ်လျက်။ ဥယျာဉ်တန်းလောက်ရောက်မှ တောအရက်ဆိုင်လေး တွေ့၏။ ရေနံဆီမီးခွက် အလင်းရောင်လက်လက်နှင့် လူစသူစမြင် ရတော့သည်။ မိကျောင်းတံတား၏ အရှေ့ဘက်ခြမ်း က ဒေါင်းရိုး ပုဏ်္ဏားစုဟုခေါ်ပါ၏။ အနောက်ဘက်ခြမ်းကိုတော့ ဥယျာဉ်တန်းဟု ခေါ်၏။ ယခင်က ထိုနေရာသည် လူသူပြတ်လပ်၊ ကားလမ်းပေါ်၌ အလုပ်သိမ်းပြန် နွားလှည်းသာရှိသော်လည်း အခုတော့ ထိုနေရာသည် ၂၉ လမ်းမှတစ်ဆင့် ဝင်လာသော ဈေးကား၊ ကုန်ကား၊ ဘတ်စ်ကား၊ ခေါက်တိုကား၊ ဥယျာဉ်တန်းလမ်းမှတစ်ဆင့် ဈေးသို့သွားမည့်ကား၊ ခေါက်တို ကုန်တင်ယာဉ်၊ ထော်လာဂျီ၊ လက်တွန်းလှည်း၊ ဆိုင်ကယ် တို့ဖြင့် အမြဲမပြတ် ကျပ်ညပ်နေတော့၏။

ယခင်ကလက်လုပ် လက်စားအများစုသာရှိသော ဥယျာဉ်တန်းရပ်ကလည်း ပွဲရုံကြီးတွေ ဖြစ်ကုန်ပြီ။ လမ်းပေါ်မှာလည်း ထမင်းဆိုင်၊ အထည်ဟောင်းဆိုင်၊ ကွမ်းယာဆိုင်၊ အအေးဆိုင်၊ လိုင်စင်ရအရက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ပွဲရုံ၊ အမှုန့်ကြိတ်စက်၊ ရွှေပန်းတိမ်၊ အသုပ်စုံဆိုင်စသည်ဖြင့် ဈေးတန်း ကလေးဖြစ်နေတော့၏။ ပွဲရုံများနှင့်လည်းနီး၊ ကုန်တင်ကုန်ချ၊ လှည်းဆွဲအလုပ်သမားတွေ နှင့်လည်းနီးတော့ ထမင်းဆိုင်၊ အရက်ဆိုင်တွေမှာ လူစည်နေတော့သည်။
ဥယျာဉ်တန်းလမ်းနှင့် မိကျောင်းတံတားလမ်းဆုံ၏အနီး မိကျောင်းတံတားလမ်းပေါ်၌ ယခင်က အစိုးရ အရက်ဖြူဆိုင် တစ်ဆိုင် ရှိခဲ့ဖူးပါသည်။ ဥယျာဉ်တန်းဘားဟု အများက ခေါ်ခဲ့ကြသည်။

ယခင်က အရက်ဖြူကို တန်းစီ၍ ခွဲတမ်းနှင့် ရောင်းချသော ခေတ်က ထိုအစိုးရ အရက်ဖြူဆိုင်များကို မန္တလေးက အရပ်နာမည်နှင့် တွဲ၍ ခေါ်ကြ၏။ ကျောက်သပိတ်ဘား၊ ဂေါဝိန်ဘား၊ ပိုက်ကျုံးဘား၊ ဥယျာဉ်တန်းဘား၊ ညွန့်ပေါင်းဈေးဘား၊ မင်္ဂလာဘား စသည်ဖြင့် ဖြစ်၏။ မိကျောင်းတံတားပေါ်ရှိ ဥယျာဉ်တန်းဘားကတော့ ထိုအချိန်က အစောကြီးမှာပင် ခွဲတမ်းအရက်က ပြတ်သွားသည်။ သို့သော်ကိစ္စမရှိ၊ ထိုအရက်များကို ပိုက်ဆံနည်းနည်း ပိုပေးရုံဖြင့် အနားကဆိုင်ကလေးတွေမှာ လိုသလောက် ရနိုင်ပါသည်။

အလားတူ ဦးလေးပိုက်တို့ စိုင်ပျိုရိပ်သာ အနောက်နားဝန်းကျင်မှာလည်း အရက်ပုန်းဆိုင်လေးတွေ ရှိသည်။ ထို့ကြောင့် မိကျောင်းတံတားပေါ်မှာ၊ ဥယျာဉ်တန်းလမ်းထဲမှာ၊ ဆီသည်ချောင်ထဲမှာ ညသန်းခေါင်သန်းလွဲအထိ မီးခွက်မှိတ်တုတ် မှိတ်တုတ်နှင့် ဆိုင်ကလေးတွေမှာ သောက်သုံးသူတွေ မပြတ်ရှိနေခဲ့ပါသည်။ အများစုက အလုပ်သမားများဖြစ်၏။ အလုပ်ကအပြန် ထိုဆိုင်ကလေးများတွင် ဝင်ရောက် အပန်းဖြေကြပြီး မိုးစုပ်စုပ်ချုပ်သည့်အခါ လူမှန်းမသိအောင် မူးကာအိမ်သို့ ဒယိမ်းဒယိုင် ြပြန်ကြသည်။ အိမ်အပြန်မှာ သူ့လုပ်ခမပါတော့တာ သေချာပါသည်။ ဤသို့ဖြင့် မနက်မိုးလင်းတော့ ဥယျာဉ်တန်းဘားနှင့် ဆိုင်လေးတွေဆီ ပြန်ရောက်လာပြီး တစ်ခွက်မော့ဖြေကာ အလုပ်ခွင် ဝင်ကြပြန်၏။

×××××××××××××

Related posts

Leave a Comment

VOM News

FREE
VIEW