အောက်တိုဘာ ၁၉၊ ၂၀၂၅
Shy V (VOM)
အစိုးရတပ်က ပြန်လည် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းကစပြီး ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ တုန်းကတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဝင်လာတာတွေ့တယ်။ ဌာနဆိုင်ရာတွေ အကုန် ဝင်လာကြပြီ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လဝက၊ ရဲ၊ မီးသတ် အကုန်လုံးပါတာတွေ့ရပြီး ဒေသခံ တချို့ သွားကြိုနေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
ဌာနဆိုင်ရာတွေ မနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်း ၂ နာရီခွဲကျော်ခန့်က သီပေါမြို့ထဲ ဝင်ရောက်လာတာလို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
မြို့တွင်းထဲ လက်ရှိ မိုင်းရှင်းလင်းရေးတွေ လုပ်နေကြတာကိုတွေ့ရပြီး ဆေးရုံ၊ ကျောင်းတွေလည်း ပြန်ဖွင့်ပေးတော့မယ်လို့ သိရတယ်လို့ သူကပြောပါတယ်။
သီပေါက လက်ရှိ မြို့ပြင်ဘက်မှာ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
သီပေါ – နမ္မတူ လမ်းမပေါ်ရှိ မိုးတေတံတား အောက်တိုဘာလ ၁၇ ရက်နေ့ည ၈ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံထားရလို့ အလယ်မှာ ကျိုးကျ သွားကြောင်း သတင်း ထုတ်ထားပါတယ်။
သီပေါကို အစိုးရတပ်ဖွဲ့က အခုလ အောက်တိုဘာလ ၁၆ ရက်နေ့ညပိုင်းက ပြန်လည် သိမ်းပိုက် ထိန်းချုပ် လိုက်ပြီးနောက် အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ဖို့ ဌာနဆိုင်ရာရုံးတွေမှာ ပြန်လည် ဝင်ရောက်လာတာဖြစ်ပါတယ်။
Photo Crd#
