သတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြန့်ဝေ

ရန်ကုန်၊ နိုဝင်ဘာ-၆-၂၀၂၅
Voice of Myanmar
လာမယ့် ရွေးကောက်ပွဲမှာ သတင်းရယူမယ့် သတင်းမီဒီယာတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲနဲ့ ဖြန့်ဝေတဲ့ အခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်း၊ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းရှိ ရွှေဥ‌ဒေါင်းခန်းမမှာ ဒီကနေ့မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပါတယ်။
သတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွေကလည်း ဖြန့်ဝေခဲ့ဖူးပြီး ဒီစာအုပ်ကတော့ တတိယမြောက် လည်းဖြစ်ပါတယ်။
“၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီတုန်းက သတင်းမီဒီယာကောင်စီဆိုပြီး မဖြစ်သေးပါဘူး။ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါတယ်။ အခုစာအုပ်က ၂၀၁၅ နဲ့ ၂၀၂၀ က ထုတ်ခဲ့တဲ့စာအုပ်တွေကို အခြေခံတယ်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတာတွေ အပါအဝင် အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လမ်းညွန်ချက်တွေ ပါဝင်တယ်။ “ လို့ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ပြောပါတယ်။
စာအုပ်မှာ အခန်းသုံးခန်းပါဝင်ပြီး အခန်း ၁ မှာတော့ ရွေးကောက်ပွဲ သတင်းယူရာမှာ သတင်းမီဒီယာသမားတွေအတွက် ရှောင်ရန် ဆောင်ရန်၊ အခန်း ၂ အဖြစ် သတင်းမီဒီယာသမားတွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သိသင့် သိထိုက်တဲ့ အချက်အလက်တွေနဲ့ အခန်း ၃ မှာတော့ ပြည်တွင်း ပြည်ပ မီဒီယာတွေ ရွေးကောက်ပွဲ သတင်းရယူခွင့် လျှောက်ထားတာနဲ့ပတ်သက်တာတွေပါဝင်ပါတယ်။
“နောက်ဆက်တွဲအနေနဲ့က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရဲ့ ဆက်သွယ်ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်နဲ့တွေထည့်ပေးထားတော့ မီဒီယာသမားတွေအတွက် အတော်အသုံးဝင်မယ့် စာအုပ်ပါ” လို့ ဒေါက်တာတင်ထွန်းဦးက ဆိုပါတယ်။
ဒီစာအုပ်ကို အုပ်ရေ ၂၀၀၀ ရိုက်နှိပ်ထားပြီး သတင်းသမားတွေထံ တိုက်ရိုက်ဖြန့်တာအပါအဝင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတဆင့်လည်း ဖြန့်ဝေသွားမှာဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်မရတဲ့ သတင်းသမားတွေအနေနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာ လာရောက်ထုတ်ယူနိုင်ကြောင်း သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW