ဆူးငှက်
ငယ်ဘဝကိုပြန်တွေးလိုက်တော့ မေးခွန်းတစ်ခုကခေါင်းထဲသို့ ရုတ်ချည်းပေါ်လာသည်။
“ဘာလို့ အားနေတာပါလိမ့်…” တဲ့။ ဟုတ်သည်၊ ငယ်ဘဝကိုပြန်တွေးလိုက်တိုင်း အားနေတဲ့ ရက်တွေက များနေတာကိုး။ ထိုအခါ ပြန်လှန်မေးခွန်းထုတ် စရာတစ်ခုကလည်း ရှိလာချေ၏။ “ကလေးဘဝပဲဗျာ၊ ဘာလုပ်စရာ ရှိတာမှတ်လို့၊ အားမနေပေဘူးလား” ဟူလို့။
တကယ်တော့ ငယ်ဘဝဟုသာ သိမ်းကျုံးခေါ်လိုက်ရသည်။ သေချာပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့က အထိ အားနေသေးသည် မဟုတ်လော။ ဘာလို့များ တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက် မအားလပ်မှုတွေ ဖိစီးလာပါလိမ့်။ မအားလပ်မှုတွေများလာမှ အားလပ်မှု၏ တန်ဖိုးကိုသိလာသည်။ အားလပ်ခြင်း၏ အရသာ ကိုသိလာသည်။ အားလပ်မှုဆိုသည်နှင့်အတူ နောက်ကွယ်မှ ဝါသနာပါသည့်၊ နှစ်ခြိုက်သည့်လုပ်ငန်းများကို စိတ်လို လက်ရ လုပ်ကိုင်နိုင်၍ ဝမ်းသာပီတိဖြစ်ရခြင်းဟူသည်ကလည်း ကပ်ပါလာသည် မဟုတ်လော။ ပြေးဟယ် လွှားဟယ် အလုပ်ရှုပ်နေချိန်မှာ စိတ်တွေက အများသား။ မပြတ်သေးသော အလုပ်တစ်ခုအတွက် နောက်ဆံတင်း။ ချိန်းဆိုထားသည့် ကိစ္စတစ်ခုအတွက်စိတ်မော။ နောက်ရက်တွေ၊ နောက်ရက်တွေအတွက် တန်းစီနေသည့် ပြဿနာ အတွက် တွေးပူ။
ထိုအခါ ရောက်သည့်နေရာ၊ ရောက်သည့်လမ်း၊ ရောက်သည့် အရပ်ဆိုတာ အလုပ်ဟူသော ဝန်ထုပ်ဝန်ပိုးကြီး ဖြင့် အေးဆေး သက်သာစွာနေထိုင်နိုင်မှုက ပါးလျားသေးသိမ် ပျောက်ကွယ် သွားရတော့၏။ ထိုအခါ ရသည့်နည်းဖြင့် အားလပ်မှုကို ဇွတ်ဖန်တီးယူရတော့သည်။ ဥပမာ မအားလပ်သောရက်များဆီက အဖြစ်အပျက်ကိုပဲ ကြည့်ပါလား။
မိတ်ဆွေတစ်ယောက်က သူ့သားမင်္ဂလာဆောင်ကို ဖိတ်ထားသည်။ မင်္ဂလာဆောင်ကရွှေဘိုမှာဖြစ်၏။ မိတ်ဆွေ ကလည်း ဖိတ်ကတည်းက တကူးတကန့် လာစရာမလို၊ အသိပေးသည့်သဘော ဖိတ်တာပါဟုဆိုထားသည်။ ဖိတ်ကြားခံရသူ မိမိတို့ အပေါင်းအသင်းများမှာလည်း ဒီရက်ပိုင်းမှာယားလို့မျှပင် မကုတ်အားအောင် ကိစ္စများမြောင်ဖြင့် ရစ်ပတ်ရှုပ်ထွေး ပွေလီနေသည်။ မင်္ဂလာဆောင် ဖိတ်စာလေး ဖွင့်ကြည့်ကာ ဘေးသို့ချထားပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်၊ ကိုယ့်လမ်းကိုယ် ဆက်သွားနေကြရ၏။ ထို့ကြောင့် မင်္ဂလာဆောင် နှင့်ပတ်သက်၍ ရှေ့ဆက် ဘာမျှမပြောဖြစ်ကြ။ သို့သော် ထိုနေ့က မနက်ပိုင်း စောစောထပြီးစားပွဲထိုင် အလုပ်လုပ်နေဆဲမှာပင် မိတ်ဆွေတစ်ဦး ကားနှင့် ရောက်လာသည်။ အလုပ်ကိစ္စ တစ်ခုနှင့် စစ်ကိုင်းခဏသွားကြဖို့ လာခေါ်တာတဲ့။ ဒါနဲ့ လုပ်လက်စ အလုပ် အမြန်လက်စသတ်၊ စာတိုက်သွားဖို့ကိစ္စ မှာစရာမှာပြီး မိတ်ဆွေကားနှင့် ထလိုက်ရသည်။
ထို့နောက် ထိုင်နေကျ လက်ဖက်ရည်ဆိုင်သွားကာ မနက်စာ လက်ဖက်ရည်ဝင်သောက်ကြတော့ နောက်ထပ် မိတ်ဆွေ နှစ်ဦးလည်း ရောက်လာ၏။ သူတို့ကလည်း အချိန်ရတုန်းလေး လက်ဖက်ရည် လာသောက်တာတဲ့လေ။ ဆုံမိကြတော့ မှတ်မှတ်ရရ မင်္ဂလာဆောင် ဖိတ်စာလေးအကြောင်း ပြောမိကြ၏။
“ဒီနေ့ပဲဗျ၊ ရွှေဘို ကိုကျော်ဝင်းသား မင်္ဂလာဆောင်”ဟု တစ်ယောက်က သတိရမိခြင်းဖြစ်သည်။ ထိုအခါ စစ်ကိုင်းသွားဖို့ ကားပါလာသူက-“ကိုင်း – ဒါဖြင့်သွားလိုက်ကြရအောင်လား”တဲ့ စကားစ၏။ အားလုံးက အံ့အားသင့် သွားသည်။ ရုတ်ချည်းပင် ဆုံးဖြတ်လိုက်ကြ၏။ “ကဲ-သွားမယ်၊ မြောက်ပြင်ကလူကို အပြင်မထွက်မီ အုပ်မိအောင် သွားခေါ်။ ထွက်ရင်းနဲ့ တာရဲတန်းကလူ ဝင်ခေါ်မယ်” သူက မနက် ၉နာရီခွဲလောက်မှ အိပ်ရာထတာမို့ မတွေ့မှာမပူရ။ ဤသို့ဖြင့် တစ်မုဟုတ်ချင်းစီစဉ်ဖြစ်ပြီး ကားလေးပေါ် အသီးသီး စွေ့ခနဲ ဝင်ထိုင်လိုက်ကြကာ အရှေ့ကျုံးလမ်းအတိုင်း ကားမောင်းပြီး မြောက်ပြင်က မိတ်ဆွေသွားခေါ် ကြ၏။“ရွှေဘိုသွားမယ်”ဟု ဆုံးဖြတ်ချက်ချပြီး ကားပေါ်တက်၊ ကားတံခါးပိတ်လိုက် ကတည်းက ကျွန်တော်တို့သည် အလုပ်အသီးသီးကို ဖြတ်တောက်လိုက်ကြပြီဖြစ်သည်။ စိတ်ဒုံးဒုံးချ ဖြတ်တောက်လိုက်ကတည်းက လူမှာပေါ့ပါးလွတ်လပ် ရွှင်လန်းသွား၏။ ဤသို့ဖြင့် အလွန် အလုပ်ရှုပ်လှပါသည်ဟု ညည်းတွားကာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ ဖြစ်လောက်အောင် မအားလပ်ခဲ့ကြသော မိမိတို့ခုနစ်ဦးမှ မချိန်းဆိုရ ပါဘဲ ရုတ်ချည်း ခရီးထွက်ဖြစ်ခဲ့ကြခြင်းဖြစ်၏။
စစ်ကိုင်းရောက်တော့ တောင်ခြေ နန်းဦးတိုက် အလှူတစ်ခုမှာ ကားဝင်လဲကြသည်။ ပြီးတော့ ရွှေဘိုသို့ တောက်လျှောက် ထွက်ခဲ့ကြခြင်းဖြစ်၏။ တကယ်တော့ ရွှေဘိုသွားခြင်းက မိတ်ဆွေသား မင်္ဂလာဆောင်ဝင်ရန်ဖြစ်ပါသည်။ ဦးတည်ချက်က မင်္ဂလာဆောင်ဖြစ်၏။ ရွှေဘိုမင်္ဂလာဆောင်ကလည်း ထူးခြားသည်။ မင်္ဂလာဧည့်ခံချိန်က နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိတဲ့။ သည်တော့ ၁၁ နာရီကျော်မှ ရွှေဘိုရောက်လည်း ဖြစ်ပါသည်။ ညနေ ၄ နာရီအတွင်းတော့ ရောက်ရမှာပေါ့။ ဒါကလည်းအကန့် အသတ်တစ်ခုဖြစ်နေ၏။ လွတ်လပ်ပေါ့ပါးစွာ ခရီးထွက်ခြင်းအပေါ် အနှောင်အဖွဲ့တစ်ခု ဖြစ်နေချေ သေးသည်။ သူ့သားမင်္ဂလာဆောင်ကို မလာဖြစ်တော့ဘူးဟု မိတ်ဆွေကစွဲမှတ်ထားသဖြင့် မျှော်နေမှာတော့ ပူစရာမလို။ မိမိတို့ခုနစ်ယောက် ကားပေါ်မှာပင် ဆုံးဖြတ်လိုက်ကြသည်။ ရွှေဘိုသွားတာ မင်္ဂလာဆောင်သွားတာမဟုတ်။ ခရီးထွက် အပန်းဖြေခြင်းပဲ သဘောထားကြစို့။ ရောက်ချင်သည့် အချိန်မှ ရောက်ပေရော့။
ထို့ကြောင့် ကားကို ဖြည်းဖြည်းမောင်းရင်း လမ်းတစ်လျှောက် စကားတွေ ပြောကြ။ သီချင်းတွေဆိုကြသည်။ သည် လိုနှင့် လမ်းခုလတ်ကျားမင်းကြီးရွာရောက်တော့ ၁၁ နာရီထိုးလုပြီ။ ရွာကလေးက လမ်းဘေးမှာပဲရှိသည်။ လမ်းပေါ်က လှမ်းကြည့် လိုက်တော့ ပဲစင်းငုံတွေရိတ်သိမ်းပြီး စုပုံထားတာတွေ့ရသည်။ တလင်းပြင်တွေမှာ ပဲစင်းငုံရိုးပြတ်တွေရှိသည်။ တလင်းဘေးမှာ တမာရိပ်၊ ထနောင်းရိပ်တို့လည်း ရှိနေ၏။ ခပ်ဖြည်းဖြည်း မောင်းလာတဲ့ကားကလေးက ရွာကလေး၏ မြင်ကွင်းအစုံကို တစ်ကွက်ချင်း မြင်တွေ့ ခွင့်ပေးနေသလား အောက်မေ့ရသည်။
လမ်းနံဘေးရွာထဲက အိမ်တစ်အိမ်မှာတော့ ပြောင်းရိုးစဉ်းစက်သံ တထိန်းထိန်း ကြားနေရသည်။ ထိုအခါ ကျွန်တော်တို့ သည် လမ်းနံဘေး သစ်ပင်ရိပ်အောက် ကားကိုထိုးရပ်လိုက်၏။ မလှမ်းမကမ်းက အိမ်ကလေးဆီ သွားကြည့်တော့ ဆိုင်ကလေး တစ်ဆိုင်ဖြစ်နေတာ အခန့်သင့်တွေ့ရသမည်။ ဆိုင်ကလေးမှာ စားသောက်စရာလေးတွေ တချို့ရှိနေပါသည်။ တစ်နေရာဆိုင်ကလေး နံရံမှာ အဝကျဉ်းမြေအိုး သစ်သစ်လေးတွေ သုံးလေးလုံး အစီအရီတွေ့ရသည်။ အိုးလေးနှုတ်ခမ်းကို ပလတ်စတစ်ကြည်ကြည်လေးပိတ်ပြီး သားရေပင်လေးဖြင့် သပ်သပ်ရပ်ရပ် ပိတ်ထားသည်။
မြေအိုးလေးတွေမှာ စိုစွတ်ရဲမှည့်နေ၏။ ဆိုင်ရှင်က-“ပင်ပေါ်ကျလေးတွေလေ”တဲ့။ ဆိုင်လေးထဲ မျက်လုံးဝေ ့ကြည့်လိုက်တော့ ကျပ်တင်ထားသော အသားကင်ရဲရဲတွေလည်း အနံ့တသင်းသင်း မြင် နေရ၏။ ပါလာသည့် ရွှေဘိုသား မိတ်ဆွေက -“အဲဒါ လယ်ကြွက်ကင်တွေလေ၊ စူနေတာပဲဗျာ” တဲ့။
ဆိုင်ကလေးဆီမှ လှမ်းမျှော်ကြည့်လိုက်တော့ ကားလမ်းမ၏ တစ်ဖက်မှာ တလင်းပြောင်ပြောင်လေးက တမာရိပ်လေးတွေ ဝန်းရံပြီး အေးမြမြ လှမ်းမြင်နေရသည်။ တလင်းလေးထဲမှာ ပဲရိုးတွေပုံထား၏။ တလင်းဘေးမှာ နွားစာတဲလေးရှိနေသည်။ တလင်းလေး အဝင်မှာက စဉ်းပြီးသား ပဲရိုးအိတ်တွေ တင်ထားသော လှည်းတစ်စီးကို ချွတ်ထားသည်။ ပြီးတော့ နွားစာတဲလေးမှာ ထန်းတက်သည့် ရင်းထောင်များလည်း ထောင်ထား၏။ အနားမှာ ထန်းရွက် အသစ်အပုံ တစ်ပုံ ထပ်ထား၏။ ကျွန်တော်တို့ ထိုနေရာလေးကို အာရုံရနေကြသည်။ ဘယ်သူ့ဘယ်သူမှ ညှိနှိုင်းစရာ တိုင်ပင်စရာမလိုဘဲ ကားတံခါးကို သေချာပိတ်ကာ တလင်းလေးဆီ အားလုံးက ခြေဦးလှည့်လိုက်ကြတော့သည်။
တလင်းပြင်ရောက်တော့ အနားမှာရှိသည့် ထန်းရွက်ခြောက်နှင့်ပဲရိုးတွေ ရှင်းလင်းလိုက်၏။ အပေါက်ဝက ပဲရိုး အိတ်လှည်းကို ဒေါက်ဖြုတ်ပြီး နွားစာတဲလေးရှေ့ တွန်းရွှေ့လိုက်သည်။ ဆိုင်ရှင်အစ်ကိုကြီးလည်း ရောက်လာပြီး ကူညီညာ ရွှေ့ပေးသည်။ လှည်းကလေးကို နွားစာတဲလေးရှေ့ ခပ်ခွာခွာနေရာမှာ ထောက်ပြီးသောအခါ ရင်းထောင်များကို ယူပြီး တဲလေးခေါင်မိုးနှင့် လှည်းပေါ်မှ ပဲရိုးအိတ်များပေါ် ပေါင်းကူးတင်လိုက်သည်။ ထို့နောက် ရင်းထောင်များပေါ် ထန်းရွက် အသစ်တွေ ဖြန့်မိုးလိုက်၏။ နွားစာတဲလေးထဲက ရိုင်ဖျာအသစ်ကိုယူပြီး ထန်းရွက် မိုးလေးအောက်မှာ ဖြန့်ခင်း လိုက်ကြသည်။ ထို့နောက် ဆိုင်ကလေးဆီမှ စားစရာသောက် စရာတွေ မှာလိုက်ကြသည်။ လယ်ကြွက်ကင်နှင့် တောဟင်း တောထမင်းပေါ့။ နီနီရဲရဲ မြေအိုးလေးတွေလည်း ပါတာပေါ့။ ထန်းလျှော် ကရွတ်ခွေလေး ခံထားသော မြေအိုးလေး တစ်လုံးကို ဖုံးထားသည့် ပလတ်စတစ်စလေး ဖယ်လိုက်သည်။ ထို့နောက် အုန်းမှုတ်ခွက်လေးထဲ လောင်းထည့်ဖို့ အိုးလေးကို လက်နှစ်ဖက်နှင့် မ လိုက်တော့ အိုးကလေး အတွေ့အထိက ထူးထူးကဲကဲ အေးစက်နေသည်။ အသာ အယာမကာ အုန်းမှုတ်ခွက်ထဲ လောင်းထည့်၏။ ထို့နောက် ရေငတ်နေလို့ အားပါးတရ သောက်ချလိုက်သည်။ ထူးထူးခြားခြား ရင်ထဲမှာ အေးမြ ဆင်းသွား၏။ လောလောလတ်လတ် ရေခဲသေတ္တာထဲမှ ထုတ်ယူလာခါစ အအေးဓာတ်မျိုးပဲ ဖြစ်ပါသည်။
သေချာ ပြန်စဉ်းစားကြည့်တော့ တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက် ထက်တစ်ရက် မအားလပ်မှုတွေ ဖိစီးလာပါလိမ့်။ မအားလပ်မှုတွေ များလာမှ အားလပ်မှု၏ တန်ဖိုးကို သိလာသည်။ အားလပ်ခြင်း၏ အရသာ ကိုသိလာသည်။
ကိုင်း… အခုလည်း အားသလေ..၊ အားသမှ အိမ်တွင်းအောင်းနေရတာ နှစ်ချီနှစ်လီ။ အလုပ်မရှိ အကိုင်မရှိ။ သို့သော် စိတ်မအား။ စိတ်မအားလိုက်ပုံက မိနစ်နှင့်အမျှ ဟု ပြောရမလို။ စိုးရိမ်စိတ်၊ သောကစိတ်၊ ဒေါသစိတ်..။ ရန်သူမျိုး ငါးပါးဘေးက အမြန်ဆုံး ကင်းလွတ်ရပါလို၏။ ရောဂါကပ်ဘေးက ကင်းရှင်း လွတ်မြောက်ရပါလို၏။ စိတ်အား လက်အား ချမ်းမြေ့ ပျော်ရွှင်ကြည်နူးဖွယ် ခရီးတွေ ထွက်ချင်လှပါပြီ။
ဆူးငှက်
