ဇန်နဝါရီ ၂၆၊ ၂၀၂၅။
NN(VOM)
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ က သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၅၀၀ ကိုမနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
တရုတ်ရိုးရာ “တာကျောင်းမဟာပူဇော်ပွဲ” ကာလအတွင်း လူသားချင်း စာနာမှုအရ အခုလို လွှတ်ပေးလိုက်တာလို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အစိုးရထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။
“လွှတ်တဲ့အထဲပါတဲ့သူတွေတော့ ဖုန်းဆက်လာကြတယ်။ ကျွန်မတို့အိမ်ကတော့ ပါမပါ မသိသေးဘူး။ အဆက်အသွယ် မရသေးဘူး” လို့ စစ်သုံ့ပန်း မိသားစုဝင်တယောက်က ပြောပါတယ်။
စစ်သုံ့ပန်း ၅၀၀ အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြသနိုင်သူ အကျဉ်းသား ကိုးယောက်နဲ့ အခြားအကျဉ်းသား ၄၉ ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အခုလ ၁၅ ရက်နေ့တုန်းကလည်း စစ်သုံ့ပန်း ၈၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့လိုပဲ တအာင်း (ပလောင်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ကလည်း သူတို့ရဲ့ ၆၃ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ မှာ စစ်သုံ့ပန်း ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
“ပလောင်က လွှတ်ပေးတဲ့အဖွဲ့တွေလည်း လားရှိုး ရောက်လာပြီ။ မိသား စုတွေတော့ အဆက်အသွယ်ရကြတယ်။ ကျန်တဲ့သူတွေလည်း ထပ်လွှတ် မယ်လို့တော့ ကြားတယ်” ဟု လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်း TNLA နဲ့ MNDAA တပ်ဖွဲ့တွေ ရဲ့ မြို့သိမ်းတိုက်ပွဲများ အတွင်းမှာ အစိုးရတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးလို့ အစိုးရတပ်နဲ့ TNLA၊ MNDAA တပ်ဖွဲ့ တွေ အပစ်အခတ်ရပ်စဲပြီးနောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဘက်က သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို မကြာခဏဆိုသလို ပြန်လွှတ် ပေးနေတာဖြစ်ပါတယ်။
ပုံ ကိုးကန့်သတင်းကွန်ယက်
