ပို့ကုန်ရငွေဖြေလျှောမှုနဲ့အတူ ပဲအဝင်နည်းလို့ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးကွက်ဆက်တိုက်မြင့်တက်လာ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆
GG (VOM)
ပြည်ပပို့ကုန် ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီက စျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ် စျေးနူန်းနဲ့ ကျပ်ငွေလဲလှယ်မှုကနေ ၁၅ ရာခိုင်နူန်းကိုသာ ကျပ်ငွေလဲလှယ်ဖို့ ဖြေလျှော့သတ်မှတ်ပြီး နောက်ပိုင်းကစလို့ ပြည်တွင်းပဲစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးနူန်း ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါအပြင် လက်ရှိကာလက ဆောင်းမတ်ပဲအသစ်နဲ့ ပဲစဥ်းငုံနီအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှု နည်းပြီး ပြည်တွင်းရှိ လှောင်လက် ကုန်သည်နဲ့ ​ပြည်ပက ဝယ်လိုအား ရှိနေတာကြောင့်လည်း စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ပို့ကုန်ရငွေကို ကျပ်ငွေလဲလှယ်ရတဲ့ ပမာဏကို လျှော့ချပေးတော့ ကုန်သည်တွေလည်း စျေးကောင်းပိုပေးပြီး ဝယ်နိုင်လာတဲ့ သဘောရှိတယ်။ ကုန်သည်တွေရဲ့ အကျိုးအမြတ်ထဲကနေလည်း သုံးလာတာပေါ့ ။စျေးကတော့ ပို့ကုန်ရငွေ ဖြေလျှော့ပြီးကတည်းက တက်လာတာ ။ခုရက်ပိုင်းတော့ နည်းနည်းအေးတယ်။ တက်လိုက် အေးလိုက်ဖြစ်နေတယ်။ ပြည်ပကလည်း အဝယ်ရှိနေပါတယ်။အခုက ပဲတွေက အဝင်လည်းနည်းသေးတယ်။ ပဲစဥ်းငုံဆိုရင် အထွက်နူန်းနည်းတယ် ဘာညာသိရတာလည်းရှိတယ်။ ” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်း အကြံပေး ဦးစိုးဝင်းမောင်က ပြောပါတယ်။
လက်ရှိမှာ မတ်ပဲ FAQ တတန်ကို နှစ်ဆယ့်ရှစ်သိန်းခုနှစ်သောင်းငါးထောင် ကျပ်စျေးရှိပြီး ​ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်) တတန်ကို နှစ်ဆယ့်ကိုးသိန်းတသောင်းကျပ် ရှိပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ်မှာ ထွက်ရှိတဲ့ ပဲစဥ်းငုံနီ အသစ်ကတော့ တတန်ကို ကျပ်သိန်းသုံးဆယ်သုံးသောင်းခုနှစ်ထောင်ကျပ် ရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၇ ရက်ကဆိုရင် မတ်ပဲ FAQ တတန်ကို နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းခုနှစ်ထောင် ကျပ်စျေးရှိပြီး ​ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်) တတန်ကို နှစ်ဆယ့်ခြောက်သိန်းငါးသောင်းကျပ်သာ ရှိခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာ ထွက်ရှိတဲ့ ပဲစဥ်းငုံနီ အသစ်က တတန်ကို နှစ်ဆယ့်ခုနှစ်သိန်းရှစ်သောင်းကျပ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ပို့ကုန်ရငွေဖြေလျှော့မှုအပြီး ၁၇ ရက်လောက်အတွင်းမှာ မတ်ပဲတတန်ကို တသိန်းလေးသောင်းကျပ်လောက် စျေးတက်လာတာ ဖြစ်ပါတယ်။
အလားတူ ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်)ကလည်း တတန်ကို နှစ်သိန်းခြောက်သောင်းကျပ်လောက် စျေးနူန်းတက်လာပြီး ၂၀၂၆ ခုနှစ်ထွက် ပဲစဥ်းငုံနီ အသစ်ကလည်း တတန်ကို နှစ်သိန်းငါးသောင်းကျပ်ကျော် မြင့်တက်လာပါတယ်။
” အဓိက ပို့ကုန်ရငွေ ဖြေလျှော့မှုနဲ့ ပဲတွေ လှိုင်လှိုင်မပေါ်သေးတာကြောင့်ပါ ။ ခုထိပွဲရုံတွေကို ပဲအဝင်နည်းနေသေးတယ်။ ရှေ့လ ဖေဖော်ဝါရီ နဲ့ မတ်လောက်ရောက်မှ နေရာစုံပေါ်မှာ။ အခုကနည်းသေးတယ် ။ ပဲကတော့ လှောင်လက်သမားတွေလည်း လှုပ်လာတယ်။ အိန္ဒိကလည်း ဝယ်နေတယ်။ဆိုတော့ အဝယ်က ရှိနေပြီး ပဲကအဝင်နည်းတော့စျေးတက်လာတာ။ ” လို့ ဟင်္သာတကုန်စည်ဒိုင်က တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိမှာ စျေးကွက်ထဲကို ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရန်ကုန်က စတင်ထွက် ထွက်ရှိတဲ့ မတ်ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုရှိနေပြီး ပဲစဥ်းငုံကတော့ အညာဒေသဖြစ်တဲ့ မန္တလေးတိုင်းအတွင်း ဒေသတွေကနေ ထွက်ရှိတဲ့ ပဲစဥ်းငုံတွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။
မကွေးတိုင်းမှာတော့ ပဲစဥ်းငုံတွေကို မကြာခင်ရိတ်သိမ်းရတော့မှာ ဖြစ်ပြီး မတ်ပဲနဲ့ ပဲစဥ်းငုံဟာ ဖေဖော်ဝါရီ နဲ့ မတ်လမှာ နေရာဒေသအစုံ ရိတ်သိမ်းခြွေလှေ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ်ဆောင်းရာသီမှာ မတ်ပဲနဲ့ ပဲစဥ်းငုံ စိုက်ပျိုးမှုနဲ့ ရိတ်သိမ်းခြွေလှေ့မှု ကုန်ကျစရိတ်တွေ မြင့်တဲ့လာအတွက် တတင်းကို အနည်းဆုံး ၁ သိန်းကျပ်အထက်ရရှိဖို့ လိုအပ်ကြောင်း တောင်သူတွေက ဆိုကြပါတယ်။
လက်ရှိမှာ မတ်ပဲ နဲ့ ပဲစဥ်းငုံနီကို ပြည်ပတင်ပို့မှု အနေနဲ့ အိန္ဒိယနိုင်ငံကိုသာ အဓိက တန်ချိန်အများဆုံးတင်ပို့မှုရှိနေပြီး နှစ်နိုင်ငံ MOU ရေးထိုးထားတဲ့ မတ်ပဲ နဲ့ ပဲစဥ်းငုံကို အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့လွတ်လပ်စွာတင်သွင်းခွင့်ကတော့ လာမယ့် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီအတွက် MOU သက်တမ်းထပ်တိုးရေးနဲ့ တင်ပို့နိုင်မယ့် မတ်ပဲနဲ့ ပဲစဥ်းငုံနီ တန်ချိန်ပမာဏကိုပါ တိုးမြှင့်ဖို့အတွက် နှစ်နိုင်ငံ အစိုးရက ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW