ဇန်နဝါရီ – ၂၄- ၂၀၂၆
VOICE OF MYANMAR
ရှမ်းပြည်မြောက်ပိုင်းက သီပေါနဲ့ မိုင်းရယ်မြို့နယ်တွေမှာ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ပမာဏအများဆုံးသိမ်းဆည်းရမိမှု အတွက် ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့မနက်ပိုင်းက မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ဦးဆောင်ပြီးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး တို့က ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
အဲ့ဒီ သတင်းစာရှင်းလင်းပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့က သံတမန်များ၊ စစ်သံမှူးတွေနဲ့ တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UN ODC)မှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးမှာ မူးယစ်ဆေးဝါး ချက်လုပ်တဲ့ နေရာ ၁၄ ခုထဲက နေရာ ၄ နဲ့ နေရာ ၈ တို့တည်ရှိတဲ့ နေရာတွေကို တက်ရောက်လာကြတဲ့ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေကို လိုက်လံပြသခဲ့ပါတယ်။
မူးယစ်ဆေးဝါး ချက်လုပ်တဲ့ နေရာတွေဖမ်းမိတဲ့ အကြောင်းကို ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး ကရှင်းပြသလို သိမ်းဆည်းရမိတဲ့မူးယစ်ဆေးခုတ်လုပ်တဲ့ ဓါတုပစ္စည်းတွေရဲ့အကြောင်းကိုလည်း အဲ့ဒီနေရာမှာ ရောက်ရှိ စစ်ဆေးနေတဲ့ ဓာတုဗေဒ စစ်ဆေးရေးဌာန က ဒေါက်တာကြည်မင်းဦးက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
