ဖေဖော်ဝါရီ ၂ – ၂၀၂၆
SN (VOM)
လူငယ်ဆိုတာဟာ လူ့ဘောင် အဖွဲ့အစည်းတခုမှာ အားကိုးအားထား ပြုကြရတဲ့ လူ့စွမ်းအား အရင်းအမြစ်တခု ဖြစ်ပါတယ်။ ခေတ်စနစ်တွေကို ဘယ်လိုပဲ ဖြတ်သန်းရပါစေ။ လူငယ် မျိုးဆက်သစ်တွေရဲ့ အတွေးအခေါ် ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးပိုင်းနဲ့ ကိုယ်ပိုင် အစွမ်းအစပိုင်းတွေ ကောင်းမွန် မှန်ကန်စွာ ထူးချွန်ထက်မြက်နေဖို့ လိုအပ်ပါတယ်။
ကလေးတယောက်ကို လိမ်မာရေးခြားရှိအောင်၊ မှန်ကန်တဲ့ နေရာတခုမှာ ထူးချွန်တဲ့သူတယောက် ဖြစ်အောင် ပြုစု ပျိုးထောင်နိုင်ဖို့ ဆိုတာဟာ ကောင်းမွန်တဲ့ အဝန်းအဝိုင်းမှာ ရှင်သန် ကြီးပြင်းလာနိုင်ရေးသည်သာ အခရာပါ။ ဒါဟာ သူတို့ရဲ့ အုပ်ထိန်းသူတွေ၊ မိဘ၊ ဆရာသမားတွေပေါ်မှာ အများကြီး မူတည်နေသလို ဝန်းကျင်အသိုက်အဝန်း ကောင်းနေဖို့လည်း လိုအပ်ပါတယ်။
ဆယ်ကျော်သက်အရွယ် ဆိုတာဟာ ကလေးတယောက်အတွက် ခန္ဓာကိုယ်ရော၊ ခံစားချက်တွေရော ဖွံ့ဖြိုးလာတဲ့အချိန် ဖြစ်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တယောက်က ပြောပါတယ်။ ဒါကြောင့် ဒီလို ကလေးတယောက်အတွက် သူ့အိမ်၊ ကျောင်းနဲ့ ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ အခြေအနေတခု ဖန်တီးပေးနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိ ခေတ်ကာလ အနေအထားအရ မိသားစုတိုင်းလိုလိုမှာလည်း ပြဿနာတွေက ကြီးမားလွန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ စားဝတ်နေရေးအတွက်ကိုပဲ လုံးပမ်းနေကြရတာ ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးနဲ့ ပတ်သက်လို့ သွန်သင်ပဲ့ပြင်နိုင်မှု အပိုင်းမှာ အားနည်းသွားကြပြီ ဖြစ်တယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်က သုံးသပ် ပြောဆိုပါတယ်။
“ဒီအကျပ်အတည်း ကာလမှာတော့ ဆယ်ကျော်သက် အရွယ်လေးတွေက အထိခိုက်ဆုံးပဲ။ ဒီကလေးတွေက ကိုဗစ်ကာလမှာ ခြောက်တန်း၊ ခုနစ်တန်း ဖြစ်မယ်ဆို ကျောင်းက ပိတ်လိုက်တော့ အဲဒီမှာလည်း အရွယ်ကကြီးလာပြီး အတန်းက မတက်ရသေးဘူး။ နောက်တခါ နိုင်ငံရေး အကျပ်အတည်းဖြစ်လာတော့ တော်တော်များများက ကျောင်းကို ဆက်မတက်ဖြစ်တာတွေ ရှိတယ်။ အဲဒီတော့ အသက်ကကြီးပြီး အတန်းက ငယ်နေတာကလည်း သူတို့အတွက် စိန်ခေါ်မှု အကြီးကြီးဖြစ်လာတယ်” လို့ သူက ပြောပါတယ်။
ကလေးတွေဟာ ကျောင်းတက်ရမယ့် အရွယ်မှာ ကျောင်းမတက်ခဲ့ကြတာဟာ ကြီးမားတဲ့ ပြဿနာတရပ် ဖြစ်တယ်လို့ သူက ပြောပါတယ်။ စာသင်ကျောင်းခန်းထဲမှာ ငယ်စဉ်ကတည်းကစပြီး ဆရာ၊ ဆရာမတွေနဲ့ ထိတွေ့မှုအပိုင်း၊ နာခံ၊ ရိုကျိုးရမယ့်အပိုင်းတွေ လစ်ဟင်းသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကလေးဆိုတာ ဖယောင်းလိုပဲလို့ ပြောကြတယ်မဟုတ်လား။ လိမ္မာယဥ်ကျေးအောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ ပုံသွင်းယူရမယ့် အချိန်မှာ အပြင်လောကမှာ ရှိနေခဲ့ကြတာက ကြီးမားတဲ့ ဆိုးကျိုးတခုပဲ။ မြီးကောင်ပေါက်အရွယ်၊ အရာရာကို ရင်ပေါင်တန်းချင်စိတ် ဖြစ်လာတဲ့အရွယ်မှာ နေ့တိုင်း ထိတွေ့နေရတဲ့ မိဘနဲ့တောင် အမြင်မတူတာတွေ ရှိလာတာပဲလေ။ အဲဒီအချိန်မှ ကျောင်းခန်းထဲ ပြန်ရောက်လာကြတော့ နာခံတတ်မှု ဆိုတာတွေ မရှိကြတော့ဘူး။ အဲဒီမှာ ဆရာကို ဆရာမှန်းလည်း မသိနိုင်ကြတော့ဘူး” လို့ သူက ပြောပါတယ်။
ကလေးတယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်နေ၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှသာ တခြားသူအပေါ်မှာလည်း ဆက်ဆံရေးတွေ ကောင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် သင်ယူမှု ကောင်းကောင်းလည်း ရရှိဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“ဒါပေမယ့်လည်း အခုက မြန်မာတပြည်လုံးက ဘာဖြစ်နေလဲဆိုတော့ သတ်မယ်၊ ဖြတ်မယ် ဆိုတာတွေချည်း ဖြစ်နေတယ်။ အဲဒါတွေကို ဒီကလေးတွေက မြီးကောင်ပေါက်ကတည်းက ကြုံနေကြရတာလေ။ သူတို့မှတ်ဉာဏ်ထဲ ဒါတွေချည်း ဝင်နေပြီ။ ဒါက social learning ဖြစ်နေတာ။ နဂို စိတ်အခံကလည်း ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း၊ ကျေနပ်ခြင်း မရှိတဲ့အခါကျတော့ အဲဒီအခံနဲ့ ဒေါသနဲ့ ဟိုဘက်က သတ်တာဖြတ်တာကြီးကလည်း normalize ဖြစ်နေတာဆိုတော့ ဒါတွေအကုန်ပေါင်းပြီး လမ်းကြောင်းတွေ မှားလာကြတာ” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ကလေးသူငယ် ဥပဒေအရ ပြစ်မှုကျူးလွန်စဉ်မှာ အသက် ၁၆ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေကို သာမန် အကျဉ်းထောင်တွေဆီကို မပို့ဘဲ လူငယ် သင်တန်းကျောင်းတွေဆီကို ပို့ရတာဖြစ်ပါတယ်။ မော်လမြိုင်၊ ကျိုင်းတုံ၊ လားရှိုး၊ မန္တလေးနဲ့ သံလျင်တို့မှာလည်း လူငယ်သင်တန်းကျောင်းတွေ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ ပြစ်မှုကျူးလွန်မှုတွေမှာ ကလေးငယ်တွေ ပါဝင်ပတ်သတ်မှု အများအပြားရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ ပြုပြင် ထိန်းသိမ်းရေးကျောင်းကို ရောက်သွားကြတဲ့ ကလေးတွေဟာ လူအဖွဲ့အစည်းကို ဒုက္ခပေးလို့ ဆိုတာထက် လူ့အဖွဲ့အစည်းကပေးတဲ့ ဒုက္ခကြောင့် ရာဇဝတ်သား ဖြစ်လာကြသူတွေ ပိုများတယ်လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။
“ဒါကလည်း ခေတ်အခြေအနေပေါ်မှာပဲ အများကြီး မူတည်နေတာပါ။ ပတ်ဝန်းကျင် အခြေအနေနဲ့လည်း အများကြီး သက်ဆိုင်တယ်။ အဓိက ကတော့ ဒီခေတ်ကြီးမှာ မူးယစ်ဆေးဝါး အလွယ်တကူ ရနေတာတွေ၊ ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးတွေပေါ့။ အွန်လိုင်းဂိမ်း၊ လောင်းကစား လုပ်တာ၊ ဒါတွေကလည်း လူ့ပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ ပြဿနာကြီးတခုပဲ” လို့ သူက ပြောပါတယ်။
ကလေးဆိုတာဟာ အပြစ်မဲ့ပြီး ရိုးသားဖြူစင်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ အနာဂတ်တခုကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ချက်ကြီး တခုလည်း ဖြစ်ပါတယ်။ အခုချိန်မှာ ဘာမှမသိ နားမလည်သေးတဲ့ ကလေးတွေကို ငယ်ရွယ်နုနယ်တုန်း ပြုပြင်လို့ အလွယ်ကူဆုံး အချိန်မှာ ကိုယ်လိုသလို ပြုပြင် ပုံသွင်းယူနိုင်ပါတယ်။
လက်ရှိမှာတော့ ခေတ်စနစ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ လူငယ်တွေ (အထူးသဖြင့် ဆယ်ကျော်သက် အရွယ်လေးတွေ) ဟာ ရေလိုက်လွဲပြီး အတုယူမှား၊ အမြင်မှားတွေ ဖြစ်လာကြတာကို တွေ့ရပါတယ်။ မူးယစ်ဆေး သုံးစွဲတာ၊ အကြမ်းဖက်တာ၊ ခိုးဆိုးလုယက်တာတွေက စလို့ နောက်ဆုံး လူ့အသက်ကိုပါ ရန်ရှာရဲတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ ရှိလာကြတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရပါတယ်။
ဒါဟာ ဆိုရှယ်မီဒီယာတွေနဲ့ ပတ်သက်လို့ အတုယူမှားကြတာအပြင် မငြိမ်းချမ်းနိုင်သေးတဲ့ ပြည်တွင်းပဋိပက္ခ အခြေအနေတွေကလည်း ဆယ်ကျော်သက် အရွယ်လေးတွေကို လမ်းမှား မရောက် ရောက်အောင် တွန်းပို့နေသလိုပါ။ ခေတ်အခြေအနေအရ ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့ ကဏ္ဍအသီးသီးရဲ့ လိုအပ်ချက်တွေကလည်း လူငယ်တွေအတွက် အနုတ်လက္ခဏာဆောင်တဲ့ အနေအထားတခု ဖြစ်လာစေပါတယ်။
လူငယ်တွေဟာ အနာဂတ်နိုင်ငံတော်ကို ဖန်တီး တည်ဆောက်ကြရမယ့် နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေပါ။ နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တွေလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အနာဂတ် ကြယ်လေးတွေ လမ်းမှားကို ဆက်မလျှောက်မိစေဖို့၊ အချိန်မီ ထိန်းသိမ်းပေးဖို့၊ ကောင်းမွန်စွာ ပျိုးထောင်ပေးကြစေချင်ပါတယ်။
Photo – google
