ရန်ကုန်၊ မန္တလေး၊နေပြည်တော်၊ ပဲခူးက စက်မှုဇုန်တွေကို ၂၄ နာရီ မီးပေးပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်ကောက်ခံမယ်

ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်းက စက်မှုဇုန်တွေ အပြင် မန္တလေးတိုင်း၊နေပြည်တော် နဲ့ ပဲခူးက စက်မှုဇုန်အတွင်းရှိ စက်ရုံ အလုပ်ရုံတွေကို LNG ဓာတ်ငွေ့စက်ရုံကနေ ၂၄ နာရီ လျှပ်စစ်မီးဖြန်ဖြူးပေးပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်နူန်း သတ်မှတ်ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ယခု ဖေဖော်ဝါရီလထဲမှာပဲ မီတာခနူန်းထားသစ်ကို တိုးမြင့်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
” မီတာခ ညှိနေကြတာ အခုတော့ ၉၀၀ ပေးမှ အဆင်ပြေမယ် ဖြစ်သွားပါတယ်။ စက်မှုဇုန်ကိုတော့ ၂၄ နာရီ မီးဖြစ်စေရမယ် ပြောတယ်။ ပြည်သူတွေကိုတော့ မတက်ဖို့ ၊ အခုနူန်းနဲ့ပဲ ကောက်ဖို့ တင်ပြခဲ့တယ်။ ဒီနေ့စကောက်မှာလားဆိုတော့ မဟုတ်ဘူး ။အရင်သုံးထားတဲ့ ယူနစ်တွေကို စက်ရုံတရုံချင်းစီကို YESC ၊ စက်မှုဇုန်တာဝန်ရှိသူတွေ ၊ စက်ရုံပိုင်ရှင် တွေက သုံးဦးသုံးဖလှယ် စက်ရုံတရုံချင်းရဲ့ မီတာတွေကို ဓာတ်ပုံလိုက်ရိုက်မယ် ။ ရိုက်ပြီးတော့ လက်ရှိရှိတဲ့ ယူနစ်ကနေ နောက်သုံးမယ့်ဟာကိုပဲ ပေးရမှာ ။ကိုယ့်ဆီကို ဒီနေ့လာပြီး ဓာတ်ပုံရိုက်ပြီးပြီဆိုရင် ဒီနေ့ထိသုံးထားတာကို အရင်ပေးပေါ့ ။ဥပမာ ဓာတ်ပုံရိုက်လိုက်လို့ ယူနစ် ၁၀၀၀ ရှိတယ်ဆိုရင် ၁၀၀၁ ကစပြီး နောက်စျေးနဲ့ ပေးရမယ်ပေါ့ ။ ဒီလထဲတော့ စမှာပါ ။မစရင် သူတို့ ရှုံးနေတာလေ ။ ” လို့ ရွှေလင်ဗန်းစက်မှုဇုန်က စက်ရုံပိုင်ရှင် တယောက်က ပြောပါတယ် ။
လက်ရှိကောက်ခံနေတဲ့ မီတာခ နူန်းထားက တယူနစ်မှ ၅၀၀၀ ယူနစ်အထိကို ၂၅၀ ကျပ်ဖြစ်ပြီး ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိကို ၄၀၀ ကျပ် နဲ့ ၂၀၀၀၁ ယူနစ် နဲ့ အထက်ကို ၅၀၀ ကျပ်အထိသာ အများဆုံး ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” အရင်ကောက်တာက ယူနစ် အများဆုံးမှ ၅၀၀ ပဲရှိတာ ။ ယူနစ်များများသုံးရင် စျေးကြီးတဲ့ စနစ်ပေါ့ ။ အခုကတော့ တယူနစ်ပဲ သုံးသုံး ၊ တသောင်းယူနစ်ပဲ သုံးသုံး တယူနစ်ကို ၉၀၀ ကျပ်ကောက်မှာပါ ။ ကမ္ဘာ့ LNG စျေးကတက်လာတော့ သူတို့လည်း မကိုက်ဘူးလေ။LNG စက်ရုံနဲ့ ၅ နှစ် စာချုပ်ချုပ်လိုက်တယ်။ ပထမနှစ်နှစ်မှာ စျေးမပြောင်းဘူး။ LNG စျေးကျလည်း ဒီစျေးပဲ ။ စျေးတက်လည်းဒီစျေးပဲပေါ့ ။ နောက်သုံးနှစ်ကတော့အရှင်ပေါ့။ ” လို့ သူက ဆက်လက် ပြောပြပါတယ်။
စက်မှုဇုန်တွေအနေနဲ့ ၂၄ နာရီ လျှပ်စစ်မီးရရှိပါက လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ပြီး အော်ဒါတွေလည်း အချိန်မီ ပြီးစီးနိုင်မှာ ဖြစ်တဲ့အတွက် အဆင်ပြေပြီး မီတာခကိုသာ ၇၀၀ ကျပ်လောက်အထိ လျှော့ချကောက်ခံပေးမယ်ဆိုပါက ​လုပ်ငန်းရှင်တွေအနေနဲ့ ပိုပြီး အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။
” ဖြစ်နိုင်ရင်တော့ တယူနစ်ကို ၇၀၀ လောက်ဖြစ်ရင် ကောင်းတာပေါ့လေ ။ဒါပေမယ့်လည်း အခုက လျှပ်စစ်မီး ၂၄ နာရီရဖို့က ပိုအရေးကြီးနေတော့ ။မီးစက်နဲ့မောင်းရင် ၁၅၀၀ ၊၂၀၀၀ လောက်ကုန်တယ်လေ။အဲဒါထက်ဆိုရင်တော့ သက်သာတာပေါ့။ ဒီဇယ်ကုန်တာနဲ့ ဒီဇယ်မကောင်းလို့ ပျက်တာနဲ့ အပိုပစ္စည်းမရှိတာနဲ့ စက်ရုံတိုင်းမှာတော့ မီးစက်ရှိတယ်။ နိုင်ငံတကာမှာက မီးစက်ဆို backup ထားတာ။ခဏတဖြုတ်ပြတ်သွားရင် လည်မယ် ။လာရင်ပြန်ရပ်မယ်။ အခုက ကျွန်တော်တို့က ၂၄ နာရီတောက်လျှောက်မောင်းနေရတော့ စက်တွေလည်း ပျက်ကုန်တယ် ။အခုမီးမှန်သွားမယ်ဆိုတော့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်သွားနိုင်မယ်။ခုဆိုအော်ဒါတွေလည်း ကောင်းနေပြီ ။ မီးမမှန်ရင် အော်ဒါတွေ အချိန်မီ မပြီးတဲ့အခါ အလျော်အစားကြီးတယ်လေ ။ ” လို့ သူကထပ်မံ ပြောပါတယ်။
ရန်ကုန်တိုင်းမှာတော့ စက်မှုဇုန် ၂၉ ဇုန်ရှိပြီးစက်မှုဇုန်တွေကို ယခင်ပေးထားတဲ့ လျှပ်စစ်မီးကိုတော့ အများပြည်သူကို ပေးမှာဖြစ်တာကြောင့် အရင်ကထက် မီးပြတ်တောက်မှု နည်းသွားပြီး ၂၄ နာရီ နီးပါး လျှပ်စစ်မီး ရရှိလာနိုင်ကြောင်း သိရပါတယ်။
အများပြည်သူ လျှပ်စစ်မီးသုံးစွဲမှုအပေါ် မီတာခနူန်းထားကို အရင်နူန်းထားဖြစ်တဲ့ ၁ ယူနစ်မှ ၅၀ အထိကို ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ကို ၁၀၀ ကျပ် ၊ ၁၀၁ ယူနစ်မှ ၂၀၀ ကို ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်နဲ့ အထက်ကို ၃၀၀ ကျပ်နူန်းအတိုင်း ကောက်ခံနေဆဲ ဖြစ်ပါတယ်။
ဓါတ်ပုံ VOM

Related posts

Leave a Comment

VOM News

FREE
VIEW