ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုမှာ တိုင်းရင်းသားတွေထဲက ယုံကြည်ရသူတွေပါရင် ပိုကောင်းနိုင်

ဖေဖော်ဝါရီ ၅ – ၂၀၂၆
SN (VOM)
ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုမှာ တိုင်းရင်းသားတွေထဲက ယုံကြည်ရသူ၊ အရည်အချင်းရှိတဲ့သူတွေ ပါဝင်လာမယ်ဆိုပါက တိုင်းပြည်အတွက် ပိုမို ကောင်းမွန်နိုင်တဲ့ အရွေ့တခု ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ် လေ့လာသူတွေက ပြောပါတယ်။
ပြည်​ထောင်စု အတိုင်ခံဥပ​ဒေ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ကောင်စီ ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတအနေနဲ့ သင့်တော်မယ့် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပေးဖို့ လမ်းညွှန်သွားမယ်ဆ်ိုတာမျိုး တွေ့ရှိရတဲ့အတွက် ဖွဲ့စည်းလာမယ့် ကောင်စီမှာ သင့်တော်ကောင်းမွန်တဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်လာနိုင်သလို တိုင်းရင်းသားထဲမှာလည်း ယုံကြည်ရတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတာကြောင့် တိုင်းရင်းသားတွေလည်း ပါဝင်လာလိမ့်မယ်လို့ ယူဆထားကြောင်း ပြောပါတယ်။
“တိုင်းရင်းသားတွေ ပါဝင်လာနိုင်မယ် ဆိုရင်တော့ နိုင်ငံအတွက် ပိုပြီးကောင်းမွန်တဲ့ အရွေ့တခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေထဲကလည်း အထင်ကရ ပုဂ္ဂိုလ်တွေ ပါဝင်လာလိမ့်မယ်လို့ ယူဆပါတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ပြီး လျင်မြန်စွာ ပြီးဆုံးအောင် လုပ်ဆောင်ခြင်းအတွက် ဒီတိုင်းပြည်ရဲ့ အနာဂတ်ကို စုပေါင်း စွမ်းအားနဲ့ အကောင်အထည်ဖော်ခြင်းက ပိုပြီးတော့ ကောင်းလာနိုင်မယ်လို့လည်း မြင်ပါတယ်” လို့ သူက ပြောပါတယ်။
အခုလို ကောင်စီ ဖွဲ့စည်းမယ်ဆိုတာဟာ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို စဉ်းစားတဲ့အခါမှာ အသစ်တက်လာမယ့် သမ္မတနဲ့အတူ ပူးတွဲပြီးတော့ နိုင်ငံအတွက် တိုင်ပင် နှီးနှောလို့ရမယ့် အနေအထားတခုကို လုပ်ဆောင်တယ်လို့ သုံးသပ်ရကြောင်း သူက ပြောပါတယ်။
ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းနိုင်ဖို့ ဥပဒေ ပြဋ္ဌာန်းချက်တရပ်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစနစ် ခိုင်မာရေး၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးတွေကို ရည်ရွယ်တာဖြစ်ပြီး အတိုင်ပင်ခံကောင်စီမှာ အနည်းဆုံး အဖွဲ့ဝင် ငါးဦးထက်မနည်း ပါဝင်ရမှာဖြစ်ကာ သမ္မတက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို တိုက်ရိုက် ခန့်အပ်ရမယ်လို့ ဆိုပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလ ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ဒေါက်တာအောင်မျိုးကတော့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းတာဟာ check in balance အတွက် အရေးကြီးတဲ့ အဖွဲ့လို့ ဆိုပါတယ်။
“လက်ရှိ လွှတ်တော်ကို ကြည့်လိုက်တဲ့အခါမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အများစုမှာ၊ တိုင်းပြည်ရဲ့ အဓိကကျတဲ့ သမ္မတရွေးချယ်ပွဲမှာ အနိုင်ရသူအများစုက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ ဖြစ်နေတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာတော့ checks and balance ကတော့ အားနည်းသွားတယ်လို့ ပြည်တွင်းကသာမကဘူး၊ နိုင်ငံတကာကပါ ရှုမြင်ကြလိမ့်မယ်ပေါ့။ အဲဒီတော့ ဒါကို ချေဖျက်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဒါကို ပြည်ခိုင်ဖြိုးတင်မဟုတ်ဘူး၊ ဘက်ပေါင်းစုံက ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံရဲ့တည်ဆောက်ရေးမှာ တဖက်တလမ်းက ပါဝင်စေအောင် ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီးက ပြင်ဆင်ပြီးတော့ လမ်းဖွင့်ပေးလိုက်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။
ဒီကောင်စီမှာ နိုင်ငံရေးအရ ဝါကြီးသူ၊ သိက္ခာရှိသူ၊ ထင်ရှားသူတွေ ပါဝင်လာနိုင်တဲ့အပြင် ရည်မှန်းချက်ထဲမှာ ပါရှိတဲ့အတိုင်း စီးပွားရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး အစရှိတဲ့ ကိစ္စရပ်တွေမှာ ပါဝင် ဆောင်ရွက်နေတဲ့သူတွေရဲ့ လုပ်အားနဲ့ အကြံဉာဏ်တွေကို ရရှိနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့ လွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မထိခိုက်စေဘဲလို့ ရှင်းလင်းစွာ ပြောဆိုထားပြီးသား ဖြစ်တဲ့အတွက် အရင်အစိုးရ လက်ထက်က အတိုင်ပင်ခံပုဂ္ဂိုလ်လို အစိုးရအထက်မှာနေမယ့် အဖွဲ့အစည်းမျိုးလည်း ဖြစ်လာနိုင်စရာ မရှိဘူးလို့ သူက ပြောပါတယ်။
ဒါကြောင့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဟာ အစိုးရတရပ်ကို ကူညီပံ့ပိုးပေးနိုင်မယ့် အဖွဲ့အစည်းတခုသာ ဖြစ်နိုင်ပြီး အကျိုးဆက်အနေနဲ့ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အလားအလာတခု ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ သူက ပြောပါတယ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနဲ့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံး ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အခန်း (၄) ခန်း၊ ပုဒ်မ ၁၁ ခု ပါဝင်ကာ ကောင်စီရဲ့ သက်တမ်းကတော့ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းအတိုင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကောင်စီဝင်တွေရဲ့ လစာ၊ စရိတ်၊ အဆောင်အယောင်နဲ့ ခံစားခွင့်တွေကို ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးရမှာဖြစ်ပြီး ရုံးလုပ်ငန်းတွေအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ် ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။
ကောင်စီရဲ့ တာဝန်တွေကတော့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးတာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo -ဒီက​နေ့ ​ဖေ​ဖော်ဝါရီ ၅ရက် ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အပ်နှင်းခြင်း အခမ်းအနားမှာ​တွေ့ရတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Related posts

Leave a Comment

VOM News

FREE
VIEW