သူတို့အိမ် အခန်း – ၅၀

ဆူးငှက်
ခြေကျင် သင်္ကြန်
———————
ကျွန်တော် အခု ၁၀တန်းတက်ရမည့် နှစ်အထိ မန္တလေးသင်္ကြန်ကို ကားဖြင့် မလည်ဖူးပါ။ ကားဖြင့် လည်သည်ဟု ဆိုသည်မျာ ထိုစဉ်က သင်္ကြန်တွင် ဂှစ်ကားအမိုးဖြုတ် ဘောနက်ပေါ် ပေပါပြား အစားတင်ပြီး လူ၂၀လောက် စု၍ နေ့ရောညပါ လည်ကြသည်ကို ဆိုလိုပါသည်။ ၇တန်းနှစ် သင်္ကြန်တုန်းကတော့ ဦးကြီးကောင်းရင်၏ သောင်းမေတ္တာ ဘတ်စ်ကားကြီးနှင့် မန္တလေးတောင်၊ ရန်ကင်းတောင်၊ သခင်မတောင် တောင်သုံးလုံးကို လူကြီးတစ်ယောက် ၃ကျပ်၊ ကလေးတစ်ယောက် ၁ကျပ်နှင့် လိုက်ပို့စဉ် အမေနှင့် သားအမိနှစ်ယောက် လိုက်ကြပြီး အပြန်မှာ ဒရိုင်ဘာကိုစိန်ဝင်းက အဆစ်ဟု ဆိုပြီး ဝါးတန်းဘက် ရေပက်ခံ ထွက်ဖူးတာပဲ ရှိပါသည်။
တကယ်တမ်း ငယ်စဉ်ကတည်းက သင်္ကြန်ဆိုလျှင် ညရောက်မှ အဘနှင့် ခြေကျင်လည်ဖူးတာပဲ ရှိခဲ့သည်။ အဘက အကြိုနေ့ဆိုလျှင် မဝေးလှသော အသငးများ ဖြစ်သည့် ကျောက်သွေးတန်း ဟံသာဝတီ သတင်းစာတိုက်ရှေ့က ဗဟိုမဏ္ဍပ်၊ လက်ဆည်ကန်က နဂါးမယ်၊ ဒီဘိုးလမ်းက ယမင်းသူဇာ၊ ကိုင်းတန်းဈေးက လှသူဇာ၊ ဆိုင်းတန်းက သီရိရွှေစင် နှင့် ပွဲကုန်းက ပွဲညွန့်သူဇာတို့ကို လှည့်ကြည့်ကြသည်။ အကျနေ့ ရောက်တော့ အရှေ့တက်ပြီး ဘူတာတံတားကုန်းကြီးကို ဖြတ်ကာ မီးရထား၊ ဆေးတက္ကသိုလ်၊ ဆောက်လုပ်ရေး နှင့် ငုရွှေဝါ မဏ္ဍပ်အထိ သွားသည်။ အကြတ်နေ့ရောက်တော့ ဓားတန်းဘက်က ချစ်ပန်းနွယ်မှသည် ညောင်ပင်ဈေး၊ အနောက်ကျုံးလမ်းနှင့် ၈၁လမ်းဘက်က မဏ္ဍပ်များကို ကြုံသလို ကြည့်ကာ မေနုယဉ်ကို သွားကြသည်။
အတက်နေ့မှာတော့ ဗဟိုမဏ္ဍပ်မှာ ဆုပေးတာကြည့်ပြီး နဂါးမယ်၊ ယမင်းသူဇာ နှင့် ရွှေမန်းမေဘက် သွားသည်။ ဒီလိုပဲ နှစ်တိုင်း သားအဖနှစ်ယောက် ခြေကျင်ယွန်းကြသည်။ အလှပြယာဉ် များကတော့ လမ်းမှာတွေ့တာ၊ မဏ္ဍပ်မှာ တွေ့တာ ကြည့်ရုံပေါ့။ ထို့ကြောင့် သင်္ကြန်ဆိုလျှင် ညပိုင်းသာ ထွက်ဖြစ်ပြီး နေ့ခင်းပိုင်း ဘယ်မှ မထွက်ဖြစ်။ မနက်ခင်း သဖန်းကျောင်းသို့ မိဘများနှင့် သီလယူလိုက်စဉ် ဝင်းပေါက်က ရေကစားနေကြသော ရွယ်တူ ကလေးများက ရေပက်လို့ စိုတာပဲရှိသည်။ တချို့နှစ်များတွင် ရေပင်မစိုလိုက်ဘဲ သင်္ကြန်က ပြီးဆုံးသွားခဲ့သည်။
ဝင်းဦး စိုင်ပြွန်ရိပ်သာနှင့် မြို့မ
——————————-
သင်္ကြန်ရောက်တိုင်း နှစ်စဉ် အမှတ်တရ ရှိနေတာက ကျွန်တော်တို့နေထိုင်သော စိုင်ပြွန်ရိပ်သာဝင်း ပိုင်ရှင်ဖြစ်သူ ဦးလေးသောင် နှင့် မမကြည်တို့ တိုက်သို့ ထိုစဉ်က သင်္ကြန်ရောက်တိုင်း မြို့မနှင့် ဆင်နွှဲသော ရုပ်ရှင်မင်းသား ဝင်းဦး လာရောက်ခြင်း ဖြစ်သည်။ ရုပ်ရှင်မင်းသာ ဝင်းဦးက ထိုစဉ်ကာလ သျှမ်းသျှမ်းတောက် ကျော်ကြားနေသော ကာလဖြစ်၏။ သူက ၁၉၆၇ခုနှစ်ကတည်းက မန္တလေးသင်္ကြန်ကို နှစ်စဉ် ဆင်နွှဲခဲ့သည်။ မန္တလေးရောက်သည်နှင့် ထိုစဉ် မန္တလေးသားများခေါ်သည့် ကျောက်တိုက်တွင် တည်းသည်။
ကျောက်တိုက်ဆိုသည်မှာ တောင်ဘက်ကျုံးဘေးရှိ မန္တလေးဟော်တယ် ဖြစ်သည်။ ယခု မန္တလေးဆွမ်းဟော်တယ်ပေါ့။ ထိုမှာတည်းပြီး နေမွန်းတိမ်းတာနှင့် ဝင်းထဲက ဦးလေးသောင်နှင့် မမကြည်တို့တိုက်သို့ အပေါင်းအသင်းများနှင့် ရောက်လာသည်။ အပေါင်းအသင်းများ ဆိုသည်မှာ စန္ဒရားတင်ဝင်းလှိုင်၊ ကျော်စွာဝင်း စသူတို့ ဖြစ်မှာပေါ့။ တစ်နှစ်တင်က ရုပ်ရှင်မင်းသမီး ချိုပြုံးလည်း ပါလာသည်။ ဦးလေးသောင်တို့တိုက်မှာ သမီး မေမာ(မေဇော်ဦး) တီးသည့် စန္ဒရားရှိသည်။ ထိုစန္ဒရားရှေ့တွင် စာပွဲတွေခင်းပြီး စားကြ သောက်ကြ စကားပြောကြရင်း မင်းသားကြီးက စန္ဒရားနှင့် သီချင်းဆိုသည်။ ကျွန်တော်တို့ ကလေးများက တိုက်ဘေး ပြတင်းပေါက်က သံတိုင်ကို တွယ်ပြီး တိုက်ထဲ ချောင်းကြည့်ကြရသည်။
မင်းသားကြီးလာလျှင် အထူးအဆန်း အစားအသောက်တွေ စားတတ်တာတဲ့။ ထိုရက်ရောက်လျှင် ဦးလေးသောင်၏ စာဖိုချောင်ကို တာဝန်ယူသည့် တူမ မကောင်းကြည်မှာ ဖား၊ စနိုက်၊ ချိုး၊ စာကလေး၊ ပဒတ်စသည့် ရှားပါး အညာအစားအသောက်တွေ ပြင်ရဆင်ရသတဲ့။ မင်းသားကြီးက တိုက်မှာ စားရင်း သောက်ရင်း ပြောရင်း သီချင်းဆိုရင်း ညနေ ၆နာရီလောက်မှ ပြန်သည်။ အပြန်မှာ မလွန်က သူ့မိတ်ဆွေ ကိုပါတို့ တိုက် ဝင်သတဲ့။ ထိုတိုက်မှာ အဝတ်အစားလဲရင်း မြို့မငွေငန်းအလှပြယာဉ်ပေါ် လမ်းကကြိုပြီး တက်ကာ ညလုံးပေါက် မြို့လုံးအနှံ့ မဏ္ဍပ်တွေ ဖျော်ဖြေသည်။ ငွေငန်းအလှပြယာဉ်က ဓားတန်းရပ် အသင်းတိုက်ရှေ့က ထွက်သည်။
ထိုအထွက်မှာက ကားထွက် မရလောက်အောင်ပင် လူအုပ်ကြီးက ပိတ်ဆို့နေတတ်၏။ ထို့ပြင် မင်းသားကြီးနှင့် ငွေငန်းအလှပြယာဉ်နောက်က လိုက်ကြမည့် မန္တလေးသူလေးတွေ အပြည့် မတ်တပ်ရပ် လိုက်ပါကြသည့် ဂျစ်ကား လင်းနိုဗာ စသည့် အမိုးဖွင့်ကားတွေ အစီး ၅၀၊ ၆၀ လောက်ကလည်း တန်းစီနေသည်။ ထို့ကြောင့် ထိုနေရာက စပြီး မင်းသားကြီး လိုက်လျှင် အလှပြယာဉ်ပင် ထွက်လို့ ရမှာမဟုတ်ပေ။ ထို့ကြောင့် မင်းသားကြီးက အလှပြယာဉ်နှင့် အချိတ်အဆက်လုပ်ကာ မထင်မှတ်သည့် နေရာက ကြိုပြီး အလှပြယာဉ်ပေါ်တက်ရသည်။
တကယ်တော့ မင်းသားကြီး ဝင်းဦးသည် ၁၉၆၈ခုနှစ်မှစ၍ ၁၉၇၈ခုနှစ်အထိ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ် ကာလမျှ မန္တလေးသင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့သည်။ မန္တလေးသင်္ကြန်သို့ မင်းသားဝင်းဦး ဆယ်နှစ်ကျော်ကြာ လာရောက်ခြင်းမှာ သိန်းဘယ်နှဆယ်နှင့် ငှားရမ်း၍ သို့မဟုတ် ဘယ်သူ ဘယ်ဝါ ဘယ်သူဌေးက စပွန်ဆာပေး၍ လာရောက်ခြင်း မဟုတ်။ ကိုယ်ကိုယ်နှိုက်က အနုပညာအပေါ် နှစ်ယူခံစား လေးစား မြတ်နိုးလွန်း၍ “အနုပညာ”များ အတောက်စား၊ အမြူးထူးဆုံး မန္တလေးသင်္ကြန်တွင် ကိုယ့်စရိတ်နှင့် ကိုယ် လာရောက်ကာ ဆင်နွှဲခြင်း ဖြစ်သည်။
အကသင်္ကြန်၊ အလှသင်္ကြန်၊ ဂီတ သင်္ကြန်
————————————————-
သင်္ကြန်ရောက်သည်နှင့် အကြိုနေ့မှ စတင်ကာ ဧည့်ခံ အလှပြမဏ္ဍပ်တွေက မြို့လုံးပတ်လည် ရှိသကဲ့သို့ မြို့လယ် လမ်းမကြီးများပေါ်တွင် အလှပြယာဉ်ကြီးများ၊ သင်္ကြန်ပျော် ဂျစ်ကားများ ပျားပန်းခတ်မျှ ဥဒဟို သွားလာ နေကြသည်။ လမ်းမကြီးတွေပေါ်သာမက လမ်းသွယ်၊ လမ်းကြားများ လျှပ်စစ်မီး တထိန်ထိန်၊ မီးစက်သံ တညံညံနှင့် အလှယာဉ်ကြီးများ ဖြတ်သန်းသွားကြသလို ဘောနက်ဖုံးကို စည်းချက်ကျကျ ထုရိုက်သံနှင့် ဂျစ်ကားများကလည်း ဆူညံစွာ အော်ဟစ်ရင်း အပြေးအလွှား မောင်းနှင် သွားကြသည်။ အထူးသဖြင့် ချစ်ပန်းနွယ်၊ ဈေးချိုသူ၊ ဗဟိုမဏ္ဍပ်၊ နဂါးမယ်၊ အောင်မြေသူဇာ စသည့် မဏ္ဍပ်ကြီးများ တစ်ဆက်တည်း ရှိနေသော မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄လမ်း)နှင့် ဈေးချိုသူ၊ မီးရထား၊ ဆောက်လုပ်ရေး၊ ငုရွှေဝါ စသည့် မဏ္ဍပ်များသို့ ဆက်စပ် သွားလာနိုင်သည့် အာဇာနည်လမ်း (၂၆ဘီလမ်း)၊ ၇၈လမ်းနှင့် လမ်း၃၀မှာလည်း အလှပြယာဉ်တွေ။ ဂျစ်ကားတွေ အကြားမလပ်မရှိ တေးသံမြိုင်မြိုင်နှင့် ဆက်စပ် သွားလာလျက် ရှိ၏။
ညဉ့်ဦးယံ ၇နာရီကျော်သည်နှင့် ဟို အနောက်ဘက် နာရီစင်ဆီမှ အာဇာနည်လမ်း(၂၆ဘီလမ်း) အတိုင်း အမိုးဖွင့်ဂျစ်ကားနှင့် လင့်ရိုဗာ ကားအစီး၂၀ခန့်က ကားဦး၌ ငွေငန်းရုပ်များကို ဆင်ယင်ထားပြီး မြို့မ ငွေငန်း အလှပြယာဉ်ကြီးကို ဦးဆောင်ကာ အရှေ့သို့ တက်လာသည်။ မီးလုံးရောင်စုံများ၊ အလှဆင် မီးဆိုင်းများ ဆင်ယင်ထားသော ငွေငန်းယာဉ်ကြီးပေါ်မှာ မင်းသားကြီးဝင်းဦးက မိုက်ကရိုဖုံးတိုင်ကို ကိုင်ရင်း သီချင်းတစ်ပုဒ်ကို သီဆိုလာသည်။ သီချင်းနှင့်အတူ ဥရောပဗုံချက် အသွားဖြင့် တေးသံစုံကိုလည်း ညက်ညက်ညောညော တီးမှုတ်လာလို့ အလှပြယာဉ်ကြီးမှာ စည်းချက်နှင့်အတူ တငြိမ့်ငြိမ့်ဖြင့် ရွေ့လျား မောင်းနှင်လာ၏။
“ခါသင်္ကြန်တေးသံယဉ်ယဉ်၊
ငြိမ့်ညောင်းစွာနားမှာချိုရွှင်၊
ဗေလုဝညင်းသွဲ့သွဲ့မို့ပင် …၊
နှစ်ဦးငွေငန်းမောင်ပျော်ရွှင်၊
တင့်ထူးစွာအမြဲသာဆင်ယင်….၊
စိတ်ရောကိုယ်
ချမ်းမြေ့ကြည်ကြည်လင်…””
မြို့မ အလှပြယာဉ်ကြီး၏ ဘေးတစ်ဖက် တစ်ချက်စီမှာ ကားတန်းကြီး နှစ်တန်းက လမ်းလုံး ပြည့် ယှဉ်၍ လိုက်လာကြသည်။ ကားပေါ်ပါလာသူ ရွှေမန်းသူ ပျိုပျိုရွယ်ရွယ် အားလုံးကလည်း ကားအမိုးကိုင်းကို ကျောမှီပြီး အကဲပိုလှစွာဖြင့် အလှပြယာဉ်ကြီးပေါ်က မင်းသားဆီ မျက်နှာမူကြသည်။ အလှပြယာဉ်ကြီး၏ ဘေးမှာ၊ နောက်မှာ အမိုးဖွင့်ထားသော ကားအမျိုးအစား ပေါင်းစုံက အစီးလေးဆယ်၊ ငါးဆယ်အနည်းဆုံး ရှိမှာပေါ့။ ထိုယာဉ်တန်းကြီးက အာဇာနည်လမ်း(၂၆ဘီလမ်း)အတိုင်း မစိုးရိမ်မီးပွိုင့်ကို ကျော်သည်။ ၇၈လမ်း ဓာတ်ဆီဆိုင် ရောက်တော့ တောင်ဘက်သို့ ချိုးသည်။ မီးရထားမဏ္ဍပ်မှာ ခေတ္တခဏ ဖျော်ဖြေသည်။ ထို့နောက် လမ်း၃၀အတိုင်း အရှေ့တက်ပြီး ဗထူးကွင်း တောင်ဘက်က ဆောက်လုပ်ရေး မဏ္ဍပ်မှာလည်း အပြန်အလှန် သီဆိုကြသည်။ ထို့နောက် အရှေ့သို့ ဆက်တက်ကာ မန္တလေးတွင် အကနာမည်ကျော်သော ငုရွှေဝါ အမျိုးသမီး အလှပြ မဏ္ဍပ်သို့ ဝင်တော့ ညသန်းခေါင် တိုင်လုပြီ။
ခေါင်းမှာလည်း ကောက်ရိုးတွေပုံ
———————————-
ငုရွှေဝါမဏ္ဍပ်ရှေ့တွင် မြို့မ အလှပြယာဉ် ထိုးဆိုက်ပြီး မြို့မနှင့် ငုရွှေဝါ အပြန်အလှန် သီဆို တီးမှုတ် ကပြကြတော့ ပရိသတ်မှာ အားရလို့ မဆုံးတော့။ ဆံတောက်များ ဖားလျားချကာ ပိတောက်တွေ ဝေနေအောင် ပန်ပြီး သနပ်ခါးပါးကွက်ကျားများဖြင့် မြန်မာဆန်ဆန် ချောမောလှသော ‘ငုရွှေဝါ’ နှမငယ်တို့ က သီဆို ကပြ ဖျော်ဖြေသည်။ ကျိတ်ကျိတ်ခဲမျှ အားပေးနေသော ပရိသတ်ကြီးက သီချင်းတစ်ပိုဒ်ပြီးတိုင်း ပြီးတိုင်း အားပါးတရ လက်ခုပ်သြဘာနှင့် အားပေးကြသည်။ ထိုစဉ်ကာလက စာသားသာမက သံစဉ်ပါ ထူးခြားလှသော ငုရွှေဝါတို့၏ သီချင်းတိုင်းက ထူးခြားဆန်းသစ်နေသည်။
‘လမ်းသူရဲယောင်၊ အမောက်ထောင်၊ မျောက်ကောင် အသုံးအဆောင်၊ သူ့ခမျာ ပြူးကြောင်ကြောင်…တော့။ ဘိုးဘွားအစဉ်အဆက်၊ မြန်မာမှုမဟုတ်ပြန်၊ နားမှာလည်းဆံပင်အုပ်၊ ယောကျ်ားမပီလေပြန်၊ ဘောင်းဘီကျပ် မောင်တို့၊ ဆင်ယင်မှု မပီသလေ…တော့၊ သူ့အဖေက ဒက်ဒီ၊ သူ့အမေက မာမီ၊ စကားမပီရှာ သလေ၊ ပျို့မောင်ကြီးရေ .. တော့၊ ခေါင်းမှာလည်း၊ ကောက်ရိုးတွေပုံ …’ ဟူသော သီချင်းနှင့် ‘ငုရွှေဝါ’ တို့က လှပညီညာစွာ ကပြ အသုံးခံသည်။ ထို့နောက် မောင်ကြီးမြို့မတို့က နှုတ်ဆက် သီချင်း သီဆိုပြီး ထွက်ခွာမည် ဖြစ်သည်။
(ငုရွှေဝါ အမျိုးသမီးရေသဘင်အဖွဲ့ကြီး ကျန်းမာပါစေ) ၃
(မြို့မငွေငန်း အလှပြယာဉ်ကြီး ကျန်းမာပါစေ)၃
ဟု အပြန်အလှန် ဆုတောင်း မေတ္တာ ပို့သပြီးသည် နှင့် မြို့မငွေငန်းယာဉ်က နှုတ်ဆက် သင်္ကြန်သီချင်းကို သီဆိုလေ့ရှိသည်။
““သည်ရေနန်းကိုလေ၊ နှုတ်ဆက်ခဲ့ရပေ၊
ပြန်ပါဦးမယ်လေ၊ ပျိုဖြူခိုင်ညှာဆွေ၊
နွေညချမ်းမှာလေ၊ တွေ့ကြမေ့မရပေ၊
ဝေဆာအပြုံးမှာလေ၊ မခွဲရက်လှတဲ့အခြေ၊
ငွေကြယ်တွေဖြိုးဝေလှတဲ့ ညမှာလေ၊
ဆုံကာလေ တွေ့စေကြောင်းနဲ့ လာခဲ့ပေ၊
လေပြည်ဆော် ညှင်းကာသွဲ့သွဲ့ တေးသံဝေ၊
သာယာစေ၊ တီးဆိုခဲ့တဲ့ နှုတ်ခွန်းခြွေ၊
ပြန်လာမယ်ငွေငန်း၊ လှမ်းကြိုပါလေ၊ မှန်းဆလို့နေ၊
လွမ်းစရာပေ၊ အခုလို ညချမ်းမလေ”
“နှုတ်ဆက်ညချမ်း”သီချင်းကို ဥရောပဗုံချက် ခပ်သွက်သွက်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ပြီး ငွေငန်း အလှပြယာဉ်ကြီးက စည်းချက်အလိုက် တငြိမ့်ငြိမ့်နှင့် ထွက်ခွာတော့ သင်္ကြန်ပျိုဖြူတို့ နှုတ်ဆက် ကျန်ရစ် ခဲ့သည်။ သင်္ကြန်ပျော်ကားများ၊ ပရိသတ်များကလည်း ငွေငန်းယာဉ်နောက် ဆွဲငင်လိုက်ပါသွားတော့၏။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW