ဖေဖော်ဝါရီ ၉ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ အစိုးရ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ပိတ်ဆို့ ဟန့်တားမှုတွေကြောင့် ကုန်စည်အဝင် မရှိတော့ဘဲ ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကန့်ဘလူမြို့ကို အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေ အဝင်အထွက် ပိတ်ဆို့ထားသလို မြို့ပြင်မှာလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေက အဲဒီမြို့ကိုသွားမယ့် ကုန်တင်ကားတွေကို ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေလို့ ကုန်စည်စီးဆင်းဖို့ ခက်နေတယ်လို့ သိရပါတယ်။
“ဘယ်သူ့ဘက်ကိုမှ လိုက်ပြီး ပြောတာမဟုတ်ဘူး။ တကယ်တမ်းက ကန့်ဘလူ ကျွန်းလှဘက်ကိုသွားတဲ့ ကုန်ကားမှန်ရင် လမ်းတင် ဖမ်းပြီး ပစ္စည်းတွေဆွဲချ လုပ်နေတာက လက်နက်ကိုင်တပ်တွေပါ။ အဲဒီဂိတ်တွေက ပိုက်ဆံကောက်တာတွေလည်း အရမ်းများတယ်။ ဒါကြောင့် ကန့်ဘလူနယ်ထဲ ကုန်အဝင် မရှိတော့တာ။ အဲဒီမှာ အစိုးရတပ်တွေဘက်ကလည်း မြို့ကို လေးဘက်လေးလံ အဝင်အထွက် ပိတ်ထားတော့ ပိုဆိုးကုန်တာပေါ့။ ပြည်သူတွေ ဘယ်မှ သွားမရ၊ လာမရနဲ့ အကုန် ငတ်တလှည့် ပြတ်တလှည့် ဖြစ်လာနေကြပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ကန့်ဘလူမြို့မှာ ဆား တပိဿာ ၈၅၀၀ ကျပ်ဝန်းကျင်၊ ငါးပိ ၂၅ ကျပ်သားကို ၆ဝဝဝ ကျပ်ဝန်းကျင် ရောက်ရှိနေကာ လက်ရှိမှာတော့ ငါးပိအပါအဝင် ဆီ၊ ဆန်၊ ဆား အစရှိတဲ့ အခြေခံ စားသောက်ကုန်စည်တွေ ပြတ်လပ်နေပြီး ဝယ်ယူလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
“အခုလို ဖြစ်နေတာ နှစ်လလောက် ရှိနေပြီ။ စားသောက်ကုန်တွေဆိုတာ ဆိုင်တွေမှာ ရောင်းစရာကို မရှိသလောက်ဘဲ။ ဆေးဆိုင်တွေမှာလည်း ဆေးဝါးတွေ တဖြည်းဖြည်း နည်းလာပြီ။ မြို့ထဲမှာ စားစရာ လုံးဝ မရှိတော့ရင် ဘာလုပ်မလဲ၊ တခြားမြို့ပြောင်းကြ ဆိုပြန်ရင်လည်း အစိုးရတပ်တွေက မြို့အဝင်အထွက်တွေ အကုန်ပိတ်ထားတော့ ဘယ်မှသွားမရဘူး။ အကုန် ဒုက္ခရောက်နေကြတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ဒေသတွင်း လက်နက်ကိုင်တပ်တွေက တာဝါတိုင် ဖျက်စီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကန့်ဘလူမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းကစပြီး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့လည်း သိရပါတယ်။
“လျှပ်စစ်မီး ပြတ်တောက်သွားတာက လက်နက်ကိုင်တွေ လက်ချက်ပါ။ အခုတော့ ပြည်သူတွေမှာ မီးမရ၊ ရေမရနဲ့ အတော်ကို အခက်အခဲ ဖြစ်နေကြတာ။ ပြီးတော့ ရွှေဘိုနဲ့ ဇီးကုန်းမြို့ကြားမှာ ကန့်ဘလူကို ဝင်မယ့် ကုန်ကားတွေကို ပိတ်ထားတာ၊ ကုန်ပစ္စည်း သိမ်းတာတွေ လုပ်နေတာလည်း သူတို့ပါပဲ။ ဘက်ပေါင်းစုံက ပိတ်ထားပြီး ရိက္ခာ ဖြတ်တောက်ထားတာပါ။ တကယ်တမ်း ခံနေရတာကတော့ ပြည်သူတွေပါပဲ” လို့ သူက ပြောပါတယ်။
လက်ရှိ ကန့်ဘလူမြို့မှာ ပြည်သူ့စစ်တွေက အမြောက်တပ် ၆၀၀၆ ရဲ့ ပစ်ကူနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို တဖက်မှာလည်း ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ တန်ပြန် ပိတ်ဆို့ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
