ဖေဖော်ဝါရီ ၉ – ၂၀၂၆
SS (VOM)
ချင်းပြည်နယ် (တောင်ပိုင်း) က မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေနဲ့ မကွေးတိုင်းအတွင်းက ပေါက်မြို့နယ်မှာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုတွေရှိနေတဲ့အပြင် ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ချင်းတောင်ပိုင်းက မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့တွေမှာ မနေ့ ဖေဖော်ဝါရီ ၈ ရက်၊ တရက်တည်းမှာတင် လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မတူပီမြို့က ချန်းပြန်း (က) ကျေးရွာမှာ မနေ့ နေ့လယ် ၁၂ နာရီ ၃၃ မိနစ်ဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၁ မိနစ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တဲ့အပြင် ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“မတူပီဖြစ်စဉ်က နေရာမှာတင် ပွဲချင်းပြီး တယောက် သေတယ်။ ဗုံးထိလို့ သေတာတော့ မဟုတ်ဘူး။ အပစ်ခံရတာကြောင့်ပါ။ ဒဏ်ရာရက ကနဦး ၁၂ ယောက်ရှိတယ်။ အဲဒီ ၁၂ ယောက်ထဲမှာ နှစ်ယောက်က ပြင်းထန်အဆင့်။ အဲဒီ နှစ်ယောက်က ဆေးကုသနေရင်း သေသွားတာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ချန်းပြန်းရွာရှိ နေအိမ်တချို့နဲ့ ဆီသယ်ကားတစီး ပျက်စီးခဲ့သလို အိမ်မွေးတိရစ္ဆာန် သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မင်းတပ်မြို့မှာလည်း မနေ့ မနက် ၁၀ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ဓမ္မာရုံ၊ ဂုဏ်စီခန်းမဆောင်ဟောင်းနဲ့ စျေးဆိုင်တွေအပြင် နေအိမ်တချို့ ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ကန်ပက်လက်မြို့မှာလည်း မနေ့ မနက် ၉ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အစိုးရရုံးတချို့နဲ့ နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မကွေးတိုင်းအတွင်းက ပေါက်မြို့နယ်မှာလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့အတူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ ပေါက်မြို့နယ်မှာ စစ်ရိပ်သန်းလာတဲ့ အခြေအနေကြောင့် သစ်ချိုကုန်းရွာ အပါအဝင် ကျေးရွာ ခြောက်ရွာက အိမ်ထောင်စု ၁၁၀၀၊ လူဦးရေ ၅၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ရှောင်ကြတာကတော့ ချောင်းတွေ၊ မြောင်းတွေဖြတ်ပြီး ခြေလျင်သွားကြရတာများတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကအစပေါ့။ တချို့လည်း ထော်လာဂျီ၊ တချို့ကတော့ လှည်းတွေနဲ့ပေါ့။ မသွားနိုင်၊ မလာနိုင်တဲ့ သူတွေလောက်သာ ရွာတွေမှာ ကျန်ခဲ့တာ” လို့ ကူညီပေးနေသူက ပြောပါတယ်။
ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ထွက်လာတဲ့ အစိုးရစစ်ကြောင်းဟာ ပြည်သူ့စစ်တွေရှိရာ သစ်ချိုကုန်း ကျေးရွာကနေတဆင့် အနီးနားကရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသတွင်း လက်နက်ကိုင် တပ်တွေက သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီလို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်စက်ရုံထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုပါ ပြုလုပ်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကတော့ သတင်းထုတ်ထားခြင်း မရှိသေးပါဘူး။
Photo – CJ
