ထိုင်းမှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ကားအပါအဝင် ကား လေးစီး ဆင့်တိုက်မှုဖြစ်လို့ မြန်မာ ၁၈ ယောက် ဒဏ်ရာ ရ

ဖေဖော်ဝါရီ ၈ – ၂၀၂၆
SN (VOM)
ထိုင်းနိုင်ငံမှာ မနေ့ ဖေဖော်ဝါရီ ၇ ရက်၊ မနက်ပိုင်းက မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ Isuzu ပစ်ကပ်ကား အပါအဝင် ကား လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ ၁၈ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ စီရာချာမြို့နယ်ထဲက အဝေးပြေး လမ်းမကြီးပေါ်က ပင်ထောင် (၃) စက်မှုဇုန်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ပစ်ကပ်ကားပေါ် လိုက်ပါလာတဲ့ မြန်မာလုပ်သား အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ပစ်ကပ်ကားက အရှိန်နဲ့ မောင်းလာရင်း တဖက် လမ်းကြောကိုပြောင်းဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယာဉ်ကြော ကျပ်နေတာကြောင့် မူလ သူမောင်းလာတဲ့ လမ်းကြောထဲ ပြန်ဝင်ဖို့ လုပ်တဲ့အချိန် နောက်ကမောင်းလာတဲ့ ၁၈ ဘီးတွဲကားက ပစ်ကပ်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်မိတာ။ အဲဒီအရှိန်နဲ့ ပစ်ကပ်က သူ့ရှေ့မှာရှိနေတဲ့ Mazda ကားတစီးနဲ့ Toyota ပစ်ကပ်ကားတစီးကိုပါ ဆင့်ကဲ တိုက်မိကုန်တာ။ ကား လေးစီးစလုံးလည်း ပျက်စီးသွားတယ်” လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူက ပြောပါတယ်။
Isuzu ပစ်ကပ်ကားဟာ မြန်မာ အလုပ်သမားတွေကို ကားနောက်ခန်းမှာ အမိုးမိုးပြီး တင်ဆောင်လာတာ‌ ဖြစ်တယ်လို့သိရပြီး လက်ရှိမှာ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ ရရှိသူတွေကို နီးစပ်ရာဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားက ယာဉ်မောင်းဟာ အသက် ၃၁ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်တယ်လို့ သိရပြီး ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က ယာဉ်မောင်းအားလုံးကို နောင်ခမ်းရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ယာဉ်တိုက်မှုက ဒီလောက်နဲ့တော့ ပြီးသွားဦးမှာ မဟုတ်ဘူး။ နောက်ဆက်တွဲ ပြဿနာတွေ တသီတသန်းကြီး လိုက်လာနိုင်တယ်။ ဒီရွှေ့ပြောင်းလုပ်သားတွေက အထောက်အထားမဲ့ ဆိုရင်တော့ တပူပေါ်နှစ်ပူဆင့် ဖြစ်လာနိုင်တာပေါ့” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံအတွင်းမှာ နယ်စပ်လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးနေသလို နိုင်ငံအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း စီမံချက်နဲ့ စစ်ဆေး အရေးယူမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အခု ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာတင် မြန်မာလုပ်သား ၄၄ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ လမ်းဘေးစျေးသည်တွေ၊ ယာဉ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ဆိုင်ဖွင့်လှစ် ဈေးရောင်းချသူတွေ၊ တွန်းလှည်းနဲ့ အစားအသောက် ရောင်းနေသူတွေ၊ ရေသန့်ဘူး ပို့နေသူတွေ အစုံအလင် ပါဝင်နေသလို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေလည်း ပါဝင်တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက သတင်း ထုတ်ပြန်ထားပါတယ်။
အခုလို အရေးယူရာမှာ အလုပ်လုပ်ကိုင်ခွင့် ပါမစ် (Work Permit) မရှိသူတွေနဲ့ ပါမစ်ရှိပေမယ့်လည်း သတ်မှတ်ထားတဲ့ အလုပ်အမျိုးအစားထက် ကျော်လွန် လုပ်ကိုင်နေသူတွေကိုပါ ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ဆေးရေး လုပ်ဆောင်ရာမှာလည်း မြန်မာအများစုရှိရာ မဲဆောက်မြို့တွင်းရှိ ရပ်ကွက်၊ ဈေးတွေ၊ အလှပြင်ဆိုင်၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုန်စုံဆိုင်တွေကို ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ရှာဖွေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တပတ်အတွင်း ဖမ်းဆီးခံရသူတွေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလူမျိုး အမျိုးသား ၁၃ ယောက်၊ ကလေး နှစ်ယောက် စုစုပေါင်း ၁၅ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ ထိုင်းအစိုးရအနေနဲ့ ပြည်တွင်းရှိ ရွှေ့ပြောင်း အလုပ်သမားတွေကို အရှိန်မြှင့် စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်နေသလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကိုလည်း တင်းကျပ်စွာ စစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပနေတာဖြစ်ပြီး အခုလို ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာကြောင့်လည်း ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း နယ်စပ်လုံခြုံရေးနဲ့ ဒေသတွင်း စုံစမ်းစစ်ဆေး ရှာဖွေမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ထိုင်းနဲ့ မြန်မာလူမျိုးတွေကြား ပဋိပက္ခ အခြေအနေတွေကို လျှော့ချနိုင်ဖို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ငြိမ်သက် တိတ်ဆိတ်စွာ နေထိုင်ခြင်းဖြင့် စည်းကမ်းရှိကြောင်း၊ ယဉ်ကျေးကြောင်း ပြသတဲ့ ၁၄ ရက်တာ ကမ်ပိန်းကို ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ကမ်ပိန်းမှာ မြန်မာအလုပ်သမား အများအပြား ပူးပေါင်း ပါဝင်လျက်ရှိတယ်လို့ သိရပြီး ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကတော့ ကမ်ပိန်း နောက်ဆုံးရက် ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW