ဖေဖော်ဝါရီ ၉ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်းအနောက်ပိုင်း ၊ နတ်တလင်းမြို့နယ် ၊ အရှေ့ခြမ်းရှိ ကျေးရွာတချို့နဲ့ ပဲခူးရိုးမ အစပ်နေရာတွေမှာ လေကြောင်းကနေ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခံခဲ့ရပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင်တွေ သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှာ အစိုးရတပ်က ဒရုန်းဗုံး ကြဲချ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၊ တိုက်ခိုက်မှုက ကန်သာယာ ကျေးရွာရှိ PDF တပ်ဖွဲ့ရဲ့ ကင်းစခန်းပြုလုပ်ထားတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ PDF အဖွဲ့ဝင် ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” အဲဒီဘက်တွေက သွားလာလို့လည်း မရဘူး ။ လက်နက်ကိုင်တွေ စိုးမိုးနယ်မြေလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ သတင်းကြားတာတော့ ခုနှစ်ယောက်လို့တော့ ကြားတယ်။ ထပ်သေတာတွေလည်း ရှိတယ်လို့တော့ သိရပေမယ့် အတိအကျတော့ မပြောနိုင်ဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
ကင်းစခန်းပေါ် ဒရုန်းဗုံး ကြဲချခံရပြီးနောက်မှာ တပ်ဆုတ်ထွက်ပြေးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဒရုန်းဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးခဲ့ကြောင်း နဲ့ တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတဲ့ ရုပ်အလောင်းတွေကို ကောက်ယူဖို့ကြိုးစားခဲ့တဲ့ PDF အဖွဲ့ဝင်တွေကိုပါ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောက်ထပ် လေးယောက်လည်းထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတွေရဲ့ သတင်းအရ သိရပါတယ်။
အဆိုပါ ဒရုန်းဗုံး ကြဲချတိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့ဝင် တွေသေဆုံးခဲ့ရမှုနဲ့ ပတ်သက်တဲ့ အခြေအနေကိုတော့ PDF အဖွဲ့ဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး ။
နတ်တလင်းမြို့နယ်ထဲက ပဲခူးရိုးမအစပ်ရှိ ကျေးရွာဘက်တွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားမှုရှိပြီး လေကြောင်းတိုက်ခိုက်မှုတွေ လည်း ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
