ဖေဖော်ဝါရီ ၉ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ အလုံးစုံ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ SNA တပ်မဟာ (၆၁၄) က သတင်းထုတ်ပြန်ထားပါတယ်။
ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး မြို့ကို ပေးလိုက်ရပြီး ရက်ပိုင်းအတွင်းမှာ SNA က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကာလ လေးလကျော် ကြာမြင့်ခဲ့ပြီးနောက် KIA ပူးပေါင်းတပ်တွေ ယာယီစိုးမိုးထားတဲ့ ဗန်းမောက်မြို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ဗန်းမောက်မြို့ အားလုံးနီးပါးကို SNA ၊ အစိုးရ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ရပ်ကွက်တခုလောက်ပဲ ကျန်တော့တာ။ မနေ့ကတော့ အပြည့်အဝ ပြန်ထိန်းသွားတယ်ပေါ့။ အဓိက ကတော့ လေကြောင်း ဖိအားကြောင့်ပါပဲ။ ဒါကြောင့်ပဲ KIA တပ်တွေ အထိနာပြီး နောက်ဆုတ်ပေးလိုက်ရတာ” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဗန်းမောက်မြို့ဟာ အောင်သာကုန်း၊ မြို့မ၊ လွှစင်ကုန်းနဲ့ မြနန္ဒာ စတဲ့ ရပ်ကွက် လေးခုနဲ့ ဖွဲ့စည်းထားတာဖြစ်ကာ KIA တပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ လွှစင်ကုန်းနဲ့ မြနန္ဒာရပ်ကွက်တွေကနေ ဆုတ်ခွာခဲ့ရပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ မြို့မရပ်ကွက်ကို ထပ်မံ လက်လွှတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ အောင်သာကုန်းရပ်ကွက်ကနေ ဆုတ်ခွာခဲ့ရတာကြောင့် SNA ပူးပေါင်းတပ်တွေဟာ တမြို့လုံးကို ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အောင်သာကုန်းက ဗန်းမောက် မြို့အဝင်မှာရှိတာ။ မြို့မရပ်ကွက် ပေးလိုက်ရပြီး တပတ်ပဲကြာတယ်၊ အောင်သာကုန်းကိုပါ ထပ်ပေးလိုက်ရတာ။ ဟုမ္မလင်းက ရောက်လာတဲ့ အစိုးရတပ်ရဲ့ လက်နက်နဲ့ လူအင်အား စစ်ကူတွေကြောင့်ရော၊ လေကြောင်း ပစ်ကူပေးတာတွေကြောင့်ရော အင်အားမမျှတော့ဘဲ တဖြည်းဖြည်း ဆုတ်ခွာပေးလိုက်ရတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
SNA တပ်တွေဟာ အစိုးရတပ်ရဲ့ အကူအညီနဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး ဗန်းမောက်မြို့ကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာမှာ KIA တပ်တွေ ယာယီစိုးမိုးထားတဲ့ ပင်ဟင်းခါးရွာ၊ ရွှေကျောင်းရွာ၊ ခိုပြင်ရွာ၊ နောင်သာယာရွာ၊ တာဝါတိုင်ကုန်း၊ ခမိုးရွာနဲ့ ဖြူးတောင် တဝိုက်တို့ကိုလည်းကောင်း၊ အောက်တိုဘာ ၂၆ ရက်မှာ ဗန်းမောက်မြို့ရဲ့ အနောက်ဘက်နဲ့ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ စစ်ဗျူဟာ အရေးကြီး နေရာတွေကိုလည်းကောင်း ဦးစွာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေပိုင်းမှာတော့ ဗန်းမောက်မြို့က ပြည်သူ့ဆေးရုံကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် မြို့ရဲ့ ရပ်ကွက် အားလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
KIA ပူးပေါင်းအဖွဲ့တွေဟာ ဗန်းမောက် ဒေသတဝိုက်ကို ယာယီ စိုးမိုးထားစဉ် ကာလအတွင်း အဲဒီဒေသက မြေပေါ်၊ မြေအောက် သယံဇာတ ပစ္စည်းတွေကို အလွန်အကျွံ ထုတ်ယူ အသုံးပြုခဲ့တဲ့အတွက် သဘာဝပတ်ဝန်းကျင် များစွာ ထိခိုက် ပျက်စီးခဲ့ရတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ဆင်ရေး ကာလအတွင်း တိုက်ပွဲ ကြီး/ငယ် ၆၉ ကြိမ် ဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့သိရပြီး KIA တပ်ဖွဲ့တွေဆီက လက်နက်မျိုးစုံ ၂၇ လက်၊ ခဲယမ်း၊ ဗုံးသီးတွေ၊ ရုပ်အလောင်းတွေနဲ့ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းတွေကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo – SNA
