ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆
CC (VOM)
ရန်ကုန်တိုင်း ၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး ၊ မြို့ရှောင်လမ်းဘေးမှာ ရပ်ထားတဲ့ ဆီ ဘောက်ဆာကားအတွင်းမှာ အမျိုးသားနှစ်ယောက် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဖေဖော်ဝါရီ ၉ ရက်နေ့ ၊ ည ၆ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ အဆိုပါ အမျိုးသား နှစ်ယောက်ဟာ ဆီဂါလန် ၇၅၀၀ ဆံ့တဲ့ ဆီဘောက်ဆာကားရဲ့ ဆီသိုလှောင်ကန်ထဲကို ဆင်းပြီး ဆီဂျိုးတွေကို ရှင်းလင်းရာကနေ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
” မင်္ဂလာဒုံ နဲ့ မှော်ဘီ အစပ်ပေါ့။ CNG ဂက်စ်ဆိုင်နားမှာပါ ။ ကားကိုရပ်ထားပြီး ဆီကန်ကိုသန့်ရှင်းရေး လုပ်ကြရင်း ဖြစ်တာလို့ သိရတယ်။ သေတာက ကားသမားတွေပဲလား ၊ အငှားလုပ်သမားတွေလား ဆိုတာတော့ သေချာမသိရသေးဘူး ။ သေတာက လူလတ်ပိုင်းအရွယ်တွေလို့တော့ သိရတယ်။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံက ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံး အမျိုးသား နှစ်ယောက်ရဲ ရုပ်အလောင်းတွေကို မှော်ဘီဆေးရုံကြီးကို ပို့ဆောင်ထားပြီး မိသားစုနဲ့ အဆက်အသွယ် ရရှိရေးအတွက် တာဝန်ရှိသူတွေက ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ကိုတော့ သက်ဆိုင်ရာ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ၊ ကယ်ဆယ်ရေးပြုလုပ်ခဲ့ပေမယ့်လည်း ည ၇ နာရီနီးပါးလောက်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MFSD
