ထန်တလန်မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ခြောက်ယောက် သေဆုံး

ဖေဖော်ဝါရီ ၁၀ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ နေ့လယ်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ခုနစ်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ဒဏ်ရာရမှုတွေအပြင် စာသင်ကျောင်းနဲ့ အဆောက်အအုံတွေလည်း ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“တလန်ခွါရွာကျောင်းနဲ့ ဘောလုံးကွင်းနားက အိမ်ဆောက်နေကြတဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်တာပါ။ ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်။ သေဆုံးသူ အရေအတွက်က ဆက်တိုးလာနိုင်တယ်” လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ဒါအပြင် ဒီကနေ့ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်ဝန်းကျင်မှာလည်း အဲဒီ တလန်ခွါကျေးရွာ အတွင်းက ဆေးရုံမှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး လူထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရ‌သေးဘူးလို့ သူက ပြောပါတယ်။
နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစိုးရ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အသိပေး ရေးသားချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ စစ်စခန်းကို လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပြီး ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ရဲ့ ထုတ်ပြန်ချက်မှာတော့ တလန်ခွါကျေးရွာ စာသင်ကျောင်းအနီး လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပြီး ခြောက်ယောက် သေဆုံးကာ လူအများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
အခုရက်ပိုင်းအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း မတူပီမြို့က ချန်းပြန်း (က) ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သုံးယောက် သေဆုံးကာ ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန် သေဆုံးမှုတွေလည်း ရှိခဲ့ပြီး နေအိမ်တချို့နဲ့ ဆီသယ်ကားတစီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖေဖော်ဝါရီ ၈ ရက်နေ့မှာပဲ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အဆောက်အအုံ၊ ဈေးဆိုင်၊ နေအိမ်တချို့နဲ့ အစိုးရရုံးတချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ထန်တလန်မြို့နယ်၊ တလန်ခွာကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ကျေးရွာ စာသင်ကျောင်း၊ နေအိမ်နဲ့ အဆောက်အအုံတချို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရအနေနဲ့ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ကန်ပက်လက်၊ တွန်းဇံနဲ့ ဖလမ်းမြို့နယ်တွေကို အရေးပေါ် စစ်အုပ်ချုပ်ရေး ဒေသတွေအဖြစ် သတ်မှတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW