ဖေဖော်ဝါရီ ၁၀ – ၂၀၂၆
SS (VOM)
မြန်မာ – ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ယာဉ်ဖြတ်သန်းခွင့်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး တန်ချိန်အလိုက် ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနက အသိပေး ကြေညာထားပါတယ်။
တံတားဖြတ်သန်း အသုံးပြုခကို ယာဉ်အမျိုးအစား လေးမျိုး ခွဲခြားကောက်ခံမှာဖြစ်ပြီး အိမ်စီးကား ၃ တန်အောက် (Land Cruiser, Wish, Alphard, Double Cab, Super Custom) ကို ၅၀၀ ကျပ်၊ ခရီးသည်တင်ယာဉ် (ငယ်) ၆ တန် (ကင်တာ၊ လိုက်ထရပ်၊ ဒိုင်နာ) ကို ၁,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် ခရီးသည်တင်ယာဉ် (လတ်/ကြီး) ၂၁ တန် (Minibus, BM နဲ့ ဟီးနိုး၊ ဟွန်ဒိုင်း) ကို ၂,၀၀၀ ကျပ်၊ ကုန်တင်ကား (ငယ်) ၂၁ တန် (ခြောက်ဘီး၊ ရှစ်ဘီး၊ ကုန်တင်ယာဉ်) ကို ၄,၀၀၀ ကျပ် သတ်မှတ်ထားပြီး မော်တော်ယာဉ် ကြံ့ခိုင်ကောင်းမွန်မှု မရှိပါက ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။
“ကြံ့ခိုင်မှုမရှိတဲ့ မော်တော်ယာဉ်တွေကိုတော့ စစ်ဆေး ကန့်သတ်သွားမှာပါ။ အများပြည်သူ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက်ကိုပဲ ဦးစားပေး လုပ်ဆောင်နေပါတယ်။ ဒါကြောင့် လူသွားလူလာတွေကိုလည်း ကြပ်မတ်သွားဖို့ ရှိပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေရေးအတွက်ပါ” လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါအပြင် အများပြည်သူသုံး YBS ယာဉ်လိုင်းတချို့ကိုလည်း တံတားပေါ်ကနေ ဖြတ်သန်း ပြေးဆွဲပေးနိုင်ဖို့ စီစဉ်နေပြီး ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
“အခုက ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တင်ပြထားဆဲပါ။ သုံးလိုင်းလောက် ပြေးဆွဲဖို့ တင်ပြထားပါတယ်။ ဘယ်ယာဉ်လိုင်းတွေ ဖြစ်မလဲ ဆိုတာကတော့ အတည်ပြုပြီးမှသာ ပြောလို့ရမှာပါ” လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။
YBS ခရီးသည်တင် ယာဉ်ကြီးတွေ ဖြတ်သန်း မောင်းနှင်နိုင်မယ့် လမ်းကြောင်း အခြေအနေတွေကို စစ်ဆေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က YBS (၅၈) ယာဉ်လိုင်းမှ City Bus (Forton ) ယာဉ် နှစ်စီး၊ တစီးကို ၀န်ထမ်း အယောက် ၄၀ ခန့်၊ YBS (၇၂) ယာဉ်လိုင်းမှ City Bus (Ankai ) ယာဉ်တစီးနဲ့ YBS (၁၀၈) ယာဉ်လိုင်းမှ City Bus (Youtong) ယာဉ်တစီး စုစုပေါင်း ယာဉ်နှစ်စီးကို တစီးကို ၀န်ထမ်း အယောက် ၃၀ ခန့် တင်ဆောင်စမ်းသပ် ပြေးဆွဲခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် စည်းကမ်းမဲ့သူ တချို့ကြောင့် လက်ရှိ ဒလတံတားရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြည်သူတွေကြား ဝေဖန်မှုတွေ များစွာ ထွက်ပေါ်နေပြီး တံတားပေါ် ဓာတ်ပုံ၊ ဗီဒီယို လာရောက် ရိုက်ကူးကြသူတွေ ရှိနေတဲ့အတွက် ယာဉ်လမ်းကြော ပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
တံတားပေါ် ဓာတ်ပုံ၊ ဗီဒီယို လာရောက် ရိုက်ကူးသူတွေဟာ ခြေလျင် လာရောက်ကြသူတွေလည်း ရှိသလို အများစုက ကားတွေနဲ့ လာရောက်ကြတာဖြစ်ပြီး တံတားပေါ် ကားရပ်ကာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနေကြတာကြောင့် ယာဉ်ကြော နှစ်ကြောလုံးမှာ အဲဒီကားတွေနဲ့ ပြည့်နေတယ်လို့ သိရပါတယ်။
ကားဖြတ်သန်းသွားလာမှု များပြားလာချိန်မှာ လမ်းဘေးကားရပ်ပြီး ဓာတ်ပုံ ရိုက်ကူးနေခြင်းကြောင့် မလိုလားအပ်တဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေအပြင် တံတားရဲ့ ခံနိုင်ဝန်ကိုပါ ထိခိုက်လာနိုင်ဖွယ် ရှိနေတယ်လို့ ပြည်သူတွေက အကြံပြု ပြောဆိုနေကြပါတယ်။
“ဓာတ်ပုံ လာရိုက်ကြတာတွေက ညနေပိုင်းအချိန်တွေမှာ ပိုများတယ်။ ညနေပိုင်းဆိုတာက ကားအသွားအလာ ပိုများတတ်တဲ့အချိန်လေ။ တံတားအလယ်မှာ ကားကို ရပ်ထားကြတော့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ကုန်တာပေါ့။ ပြီးတော့ တံတားဖွင့်တာမှ မကြာသေးဘူး။ တံတားပေါ်မှာ ကျင်ငယ်စွန့်ထားတဲ့ ရေသန့်ဘူးတွေ၊ အမှိုက်ပစ်တွေ ပစ်ထားကြတာကိုလည်း တွေ့ရတယ်။ ကွမ်းတံတွေးတွေကတော့ ဆိုဖွယ်ရာမရှိဘဲ” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ဒါအပြင် ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ တံတားပေါ် လူဖြတ်သန်းသွားလာခွင့်ကို ယာယီ ပိတ်ထားတယ်လို့ သိရပြီး လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်နေ့လောက်မှသာ ပြန်ဖွင့်နိုင်တယ်လို့ အဲဒီတံတားကို သွားရောက်ခဲ့သူ တယောက်က ပြောပါတယ်။
“အမှိုက်ပစ်၊ ကွမ်းတံတွေး ထွေးရုံမက ပစ္စည်းတွေပါ ဖြုတ်ခိုးလို့ တံတားပေါ် လမ်းလျှောက်ခွင့် ပိတ်လိုက်ပြီလို့ ဂိတ်ကပြောတယ်။ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက် (စနေ၊ တနင်္ဂနွေ) နေ့ကျမှ ပြန်ဖွင့်ပေးမယ်တဲ့။ ဒါပေမယ့် ဒါလည်း မသေချာဘူးပြောတယ်” လို့ သူက ပြောပါတယ်။
တံတားပေါ်မှာ ညနေပိုင်းအချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပြီး တံတားပေါ်ကို တက်နိုင်ဖို့အတွက် လမ်းမကြီးတွေမှာ ကားတွေ တန်းစီ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
ရန်ကုန် – ဒလတံတား (ခေါ်) ကိုရီးယား – မြန်မာ ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သံမဏိကြိုးဆိုင်း တံတားတွေထဲမှာ အရှည်ဆုံးနဲ့ အကြီးဆုံးတံတား ဖြစ်တယ်လို့ သိရပါတယ်။
ဒီတံတားရဲ့ တချို့နေရာတွေမှာ လမ်းအနိမ့်အမြင့် Gradient မတ်စောက်တာကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်အမျိုးအစားတချိုကိုလည်း ဒလတံတားပေါ်ဖြတ်သန်းသွားလာခွင့် ကန့်သတ်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
Photo – YRTC/CJ
