ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆
GG (VOM)
ခွင့်ပြန်လုပ်သားတွေကို ပြည်ပပြန်လည် ထွက်ခွာခွင့်ပြုကြောင်း ချပေးရာမှာ ပြည်ပကို ထွက်ခွာရမယ့် နေ့ရက် ညနေပိုင်းမှာမှ အမည်စာရင်း ချပေးခြင်း ၊ ထွက်ခွာခွင့် ပြုဖို့တင်ပြထားတဲ့ ရက်ကျော်လွန်ပြီးမှ အမည်စာရင်း ချပေးတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့ အခက်ကြုံသူတွေအပြောအရ သိရပါတယ်။
အဲဒီအတွက် ပြည်ပ ထွက်ခွာမယ့်ရက် ညနေပိုင်းမှ အမည်စာရင်းချပေးခံရသူ ၊ ထွက်ခွာခွင့် ပြုဖို့တင်ပြထားတဲ့ ရက်ကျော်လွန်ပြီးမှ အမည်စာရင်း ချပေးခြင်းခံရသူတွေဟာ လေယာဥ်လက်မှတ်ခတွေ ဆုံးရှူံးသလို ပြည်ပနိုင်ငံရှိ အလုပ်ရှင်ကိုလည်း တောင်းပန်ရတာတွေအထိ လုပ်နေကြရတယ်လို့ သိရပါတယ်။
” ထွက်ခွာခွင့် ပြန်ချပေးတော့ ပြန်ထွက်ဖို့ တင်ပြထားတဲ့နေ့ ညနေဘက်ကြီးမှ ချပေးတယ်။ လေယာဉ်ချိန်အများစုက မနက်ပိုင်း နေ့ခင်းပိုင်း များတော့ အဆင်မပြေတော့ဘူးလေ ။ ရက်ကို ကြိုမကျတဲ့သူတွေတွက်ဆုံးရူံးမူတွေ များနေပါပြီ။ တချို့ဆို ထွက်ဖို့တင်ထားတာ ၅ ရက်နေ့ဆိုရင် သူတို့ပြန်ချပေးတာ ၆ ရက်နေ့မှ ဖြစ်နေတယ်။ အဲဒီတော့ နောက်တခါ လေယာဥ်လက်မှတ် ထပ်ဖြတ်ရတယ်။ သူဌေးကို အကျိုးကြောင်းရှင်းပြရတယ်။ တောင်းပန်ရတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ထွက်ခွာခွင့်ပြုဖို့ရက်ကို ထည့်ပေးထားရက်နဲ့ ရက်တွေတလွဲ ပြန်ချပေးတာ အရမ်းဆိုးတယ်။ ” လို့ ကိုယ်တိုင် ကြုံခဲ့ရသူ တယောက်က ပြောပါတယ် ။
ပြည်ပကို ပြန်လည်ထွက်ခွာခွင့်ပြုဖို့အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို ခွင့်ပြုချက်လျှောက်တဲ့အခါ ပြည်ပထွက်ခွာမယ့် နေ့ရက်နဲ့ လေယာဥ်ကိုပါ တပါတည်း ဖော်ပြရပြီး ထွက်ခွာခွင့် ရရှိသူတွေဟာ ထွက်ခွာခွင့်ပြုတဲ့ သတ်မှတ်ရက်မှာပဲ မဖြစ်မနေ ထွက်ခွာရမှာ ဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာရက်ပြောင်းလဲပါက ပြည်ပထွက်ခွာခွင့်ကို သတ်မှတ်ပုံစံအတိုင်း ပြည့်စုံစွာ နောက်တကြိမ် ပြန်လည် တင်ပြရမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေနဲ့ အဆိုပါ သတ်မှတ်ချက်ဖြစ်တဲ့ ” ထွက်ခွာခွင့်ပြုတဲ့ သတ်မှတ်ရက်မှာ မဖြစ်မနေ ထွက်ခွာရန်လိုအပ်ပြီး တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာရက်ပြောင်းလဲပါက ပြည်ပထွက်ခွာခွင့်ကို သတ်မှတ်ပုံစံအတိုင်း ပြည့်စုံစွာပြန်လည် တင်ပြရမှာဖြစ်တယ်” ဆိုတဲ့ အချက်ကို ပယ်ဖျက်ပြီး ပြည်ပထွက်ခွာခွင့်ရရှိပြီးသားသူတွေကို မိမိထွက်ခွာလိုတဲ့ ရက်မှာ ထွက်ခွာခွင့်ပြုပေးဖို့ တောင်းဆိုနေကြပါတယ်။
” တကယ်ဆို ပြည်ပပြန်ထွက်ခွင့်ပြုလိုက်ပြီဆိုရင် ကိုယ့်ဘာသာ ဘယ်နေ့ထွက်ထွက်ပေါ့ ခွင့်ပြုပေးရမှာလေ ။ အခုက သူတို့ဘက်က အလုပ်လုပ်တာတွေက မတိကျနဲ့ အကုန်ဒုက္ခရောက်ရတယ်။ ကျွန်တော်တို့ အခွန်လည်း ဆောင်ပါတယ်။ တကယ်တော့ ပြည်ပပြန်ထွက်ခွင့် လျှောက်ရတယ်ဆိုတာကိုက မဟုတ်သေးဘူး ။ ဒီကြားထဲ လေယာဥ်တွေက ထွက်မယ့်နေ့မှ cancel လုပ်တာကတမျိုး ဒုက္ခတွေပါ ။ ” လို့ ပြည်ပထွက်ခွာခွင့် လျှောက်ထားသူတယောက်က ပြောပါတယ်။
လက်ရှိ ပြည်ပထွက်ခွာခွင့်အတွက် အမည်စာရင်း ကျပြီးသူတချို့မှာ ထွက်ခွာမယ့်နေ့မှာမှ လေကြောင်းလိုင်းက ခရီးစဥ် ဖျက်သိမ်းကြောင်း အသိပေးမှုတွေလည်း ရှိလာနေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ လေကြောင်းခရီးစဥ် ဖျက်သိမ်းမှုကြောင့် ပြည်ပထွက်ခွာခွင့် ရက်ရွှေ့သွားသူတွေကို အစားထိုးလေယာဥ်နဲ့ ထွက်ခွာခွင့်ပြုနေတယ်လို့ သိရပါတယ်။
ခွင့်ပြန် မြန်မာလုပ်သားတွေအနေနဲ့ ပြည်ပပြန်လည်ထွက်ခွာခွင့်အတွက် အလုပ်သမား ညွှန်ကြားမှုဦးစီဌာနကို လျှောက်ထားရတာတွေ အပါအဝင် စတဲ့ အခြေအနေတွေကြောင့် ပြည်ပရောက် မြန်မာလုပ်သားတချို့ကတော့ ပြန်လာပြီးနောက် ပြန်ထွက်ခွင့်မရရှိမှာကို စိုးရိမ်မှုရှိနေကြ တယ်လို့ သိရပါတယ်။
