ဆူးငှက်
သူငယ်ချင်းအချို့၏ ဒုတိယအရွယ်လွန်ကာလ
————————————————
ကျွန်တော်တို့ ၁၀တန်းတက်ရမည့် နှစ်မှာပင် သူငယ်ချင်းသန်းဆောင်က ကျောင်းထွက်လိုက်သည်။ တကယ်တော့ သူငယ်ချင်းမို့သာ သန်းဆောင်ဟု ခေါ်သော်လည်း သူက အသက်ကြီးသည်။ ထို့ကြောင့် အပြင်မှာလည်း ကျှွန်တော်က သူ့ကို ကိုသန်းဆောင်ဟုပဲ ခေါ်ကာ ခင်ဗျားနှင့် ကျွန်တော်ဟုသာ ပြောဆိုခဲ့ပါသည်။ တကယ်တော့ ကျွန်တော်နှင့် မူလတန်း အလယ်တန်း က သူငယ်ချင်းတွေ အားလုံးလိုလိုက ကျွန်တော့်ထက် အသက်ကြီးကြပါသည်။ တချို့က လပိုင်း၊ တချို့က နှစ်ပိုင်းအတော်များများအထိ ကြီးကြပါသည်။ ထို့ကြောင့် နှုတ်ကျိုးနေသည့် သူငယ်ချင်း ၂ယောက် ၃ယောက်လောက်က လွဲလို့ ကျန်သူငယ်ချင်းများကို “ကို” တပ်၍ခေါ်ရပါသည်။ အခုတော့ နှုတ်ကျိုး၍ မင်းပဲ ငါပဲ ပြောခဲ့သည့် သူငယ်ချင်းများကိုပင် “ကို”တပ်၍ ခင်ဗျာ ကျွန်တော် ပြောရပါသည်။
ကိုသန်းဆောင်က အရင်ပြောခဲ့သည့်အတိုင်း လုပ်ငန်းကို ဦးဆောင်ရုံမက အိမ်ထောင်လည်း ကျပြီ။ သူနှင့် အုတ်ဝန်မင်း ဝင်း အတွင်း အတူနေကြသော မမိုးအေးနှင့် ဖြစ်သည်။ မမိုးအေးက သဘောကောင်းသည်။ သူက ညီအစ်မတတွေ ထမင်းဆိုင်ဖွင့်ကြသည်။ ၂၈လမ်း ကိုင်းတန်းဈေးရှေ့မှာ ညပိုင်းရောင်းသည့် ထမင်းဆိုင်ဖြစ်ပြီး ဟင်းချက်ကောင်းလှသည်။ ကိုမောင်ဒွေးနှင့် ကျွန်တော်ပင် အိမ်မှာ ဟင်းအဆင်မပြေသည့် အချို့ရက်ဆိုလျှင် မမိုးအေးဆိုင်မှာ စားဖြစ်ကြသည်။ အခု မမိုးအေးက သူငယ်ချင်းကိုသန်းဆောင်နှင့် အကြောင်းပါတော့ ရင်းနှီးပြီးသားမို့ ထူးပေါင်းစရာမလိုတော့။ ကိုသန်းဆောင်တို့ မိဘများက အစဉ်အဆက် ကိုးကွယ်သော ဘုန်းကြီးကျောင်းရှိသည်။
သူတို့ကိုယ်တိုင်ကလည်း ဘုန်းကြီးမျိုး ဘုန်းကြီးနွယ်များဖြစ်သည်။ ယခု ဘုန်းကြီးကျောင်းက စစ်ကိုင်း တောင်ရိုး မှာတဲ့။ ထိုဘုန်းကြီးကျောင်းသို့ နှစ်စဉ် တပေါင်းလပြည့်နေ့ ရောက်တိုင်း ကိုသန်းဆောင်မိသားစုက ဆွမ်းကပ်သည်။ လပြည့် အဝေးဖိတ်နေ့ မနက်ကတည်းက စစ်ကိုင်းဘုန်းကြီးကျောင်းသို့ ဘတ်စ်ကားငှားကာ လှူဖွယ်ပစ္စည်းအစုံနှင့် တက်ကြသည်။ ထိုည စစ်ကိုင်းမှာ ညအိပ်ကြပြီး ချက်ကြပြုတ်ကြသည်။ နောက် တစ်ရက် လပြည့်နေ့မှာ ဆွမ်းကပ် လှူဒါန်း ကျွေးမွေးဧည့်ခံပြီး ညနေစောင်းမှ မန္တလေးပြန်ကြသည်။
တကယ်တော့ ကျွန်တော်တို့ ဆွေမျိုးသားချင်းများ စစ်ကိုင်းတောင်နှင့် မစိမ်းလှ။ မစိမ်းလှဟု ပြောရသည်မှာ နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း စစ်ကိုင်းကထိန်များကို မပျက်မကွက် လိုက်လေ့ရှိခြင်းကို ဆိုပါသည်။ ရှေ့က ဦးကြီးဒေါ်ကြီးတို့မှသည် အစ်ကိုအစ်မများက လက်ဆင့်ကမ်းကာ တန်ဆောင်မုန်း စစ်ကိုင်းကထိန်များ လိုက်သည့် အစဉ်အလာကို ထိန်းကြသည်။ ထိုသို့ လိုက်ခြင်းက လှူဖို့တန်းဖို့ထက် မိန်းမတွေက ချက်ရေးပြုတ်ရေး ကူညီဖို့၊ ယောက်ျားတွေက အလှူ့ရှင်ကို ကူညီဖို့ အကြောင်းပြကာ ညလုံးပေါက် ဖဲရိုက်ကြခြင်းဖြစ်သည်။ ထိုသို့ လိုက်ပါကြရာတွင် အလှူရှင်နှင့် တိုက်ရိုက် ပတ်သက်မှုထက် အလှူ့ရှင်၏ အစွယ်အပွားနှင့် ပတ်သက်ရတာမို့ လိုက်ချင်လွန်းလို့သာ လိုက်ကြရသည် ကြည့်ရမည့် မျက်နှာ က များသည်။ အပိုင်မဟုတ်ကြ။ ထို့ကြောင့် ပုံမှန် ဘုန်းကြိးကျောင်းမရှိ။ အဆင်ပြေမည့် အလှူ့ရှင်နှင့် လိုက်ရလို့ တစ်နှစ်တစ်ကျောင်း ဖြစ်နေသည်။
အခု ကိုသန်းဆောင် မိသားစုက သူ့ဘုန်းကြီးကျောင်းမှာပဲ လှူမှာဆိုတော့ မျက်နှာပူစရာမလို။ ကိုသန်းဆောင် ဆိုတာကလည်း ကျွန်တော်တို့ ဆွေမျိုးများနှင့် စားအိမ်သောက်အိမ်လိုဖြစ်နေသောကြောင့် ကိုယ့်ဆွေမျိုး အလှူကဲ့သို့ သဘောထားသည်။ ထို့ပြင် တစ်မျိုးလုံးတစ်ဆွေလုံး နှစ်ချိုက်ပျော်ရွှင်သည့် စစ်ကိုင်းတောင်မှာဆိုတော့ လိုက်ကြသည့် သူတွေ များသည်။ ထို့ကြောင့် တပေါင်းလပြည့်အဝေးဖိတ်နေ့ မနက်ကတည်းက ကိုသန်းဆောင်တို့ ငှားထားသည့် ဘတ်စ်ကားနှင့် လိုက်မည့်သူချည်း ဖြစ်သည်။ ကျွန်တော်တို့ အစ်ကို အစ်မ ဦးလေး ဝမ်းကွဲတွေလည်း လိုက်ကြမည်။ ကျွန်တော်တို့ သူငယ်ချင်းများနှင့် အစ်ကိုများက ဇေယျာမန်းနှင့်ပဲ နေ့ခင်းနေ့လယ်မှ လိုက်ကြမည်။ စစ်ကိုင်းရောက်မှ ကားဂိတ်ကနေ တောင်ခြေကို မြင်းလှည်းစီးပြီး လှူမည့် ဘုန်းကြီးကျောင်း ကွန်တော်တို့အခေါ်ချောင်သို့ ပါးစပ်ပါ ရွာရောက် မေးမြန်းပြီး ခြေကျင် တက်ကြမည်ပေါ့။ ဤသို့ဖြင့် စစ်ကိုင်းတောင်၏ ရှင်ဖြူရှင်လှ စောင်းတန်းအထက်က မဟာသမယ ချောင်သို့ ပထမဦးဆုံးအဖြစ် ရောက်ခဲ့ကြတော့သည်။
ရောက်ကြဖူးသလား ဇေယျာရွှေမြေ
—————————————
စစ်ကိုင်းတောင်ကိုတော့ မန္တလေးသားတိုင်း ရောက်ဖူးကြမှာ သေချာပါသည်။ သို့သော် အများစုက တန်ဆောင်မုန်းလပြည့် စစ်ကိုင်းတောင်ရိုး ကထိန်ပွဲကို ညအိပ်ညနေ သွားဖြစ်ကြခြင်းဖြစ်သည်။ ထိုသို့ သွားနေကျ တန်ဆောင်မုန်းလဆန်း ၁၄ ရက်ည က နက္ခတ် စုံလင်စွာဖြင့် လပြည့်လရောင်သည် တောင်ရိုးတစ်ခွင် တရုတ် စကားပင်ခြေ တောလမ်း၊ စောင်းတန်းအုတ်ခုံရင်း၊ ပုညရှင်ရင်ပြင် အထိ လွှမ်းခြုံကြည်နူးဖွယ် ဖြစ်သော်လည်း ကထိန်ပွဲ လာသူများ၏ ဆူသံ၊ ညံသံ၊ အော်သံ၊ ဟစ်သံ၊ သံပြာညှစ် တေးဆိုသံများ အောက်တွင် ကြည်နူးဖွယ် ကောင်လှသည့် လရောင် နစ်မွန်း ပျောက်ဆုံးခဲ့ရသည်ချည်း မဟုတ်လား။ လရောင်ပျောက်တော့ စစ်ကိုင်းတောင်၏ ရသအစစ်လည်း ပျောက်ခဲ့တာပေါ့။
သစ်ရွက်တွေ ဝါရော်ကြွေလွင့်စ ရာသီ။ အအေးဓာတ်က နေ့လယ်ခင်းကလွဲ၍ မနက်ခင်းညချမ်းတွေမှာ ရှိနေသေး တော့ နေသာထိုင်သာ ရာသီ၊ တောင်လေကလည်း မရူးတရူး။ စိတ်လွတ်လက်လွတ် မြူးတူး လမ်းသလားစ ရာသီ။ ဒီရာသီမှာ စစ်ကိုင်းတောင်၏ တောလမ်းလေးတွေပေါ်တွင် တရုတ်စကားရွက်ကြွေတွေက ဖြန့်ခင်း လည်စင်းနေကြသည်။ ရေနည်းနေသည့် မြစ်ပြင်ထက်က မော်တော်အင်ဂျင်စက်သံ တဒုတ်ဒုတ်ကို တောင်တက် စောင်းတန်းဆီကအထိ ပီပီသသ ကြားရလောက်အောင် တောင်ရိုးက တိတ်ဆိတ်ငြိမ်သက်နေ၏။ တစ်ခါတစ်ခါသာ နိဗ္ဗာန်ဆော်၏ ဆုပေးသံနှင့် ကြေးစည်သံ တလွင်လွင် ကို ကြားရသည်။ လူသူကင်းရှင်းသော ရှင်ဖြူရှင်လှ အတက်စောင်းတန်းမှာ ကျွန်းဖရဲ နီတာရဲကို ချိုစိမ့်အေးမျှ ခံစားရအောင် ကိုက်စားနိုင်သေးသည့် ဒီလိုရာသီဟူသည် တပေါင်းတန်ခူး ရာသီဖြစ်ပါ၏။ ဒီရာသီမှာ စစ်ကိုင်းတောင်ရိုးပေါ် ညအိပ်ညနေ နားခိုရသည်မှာ မည်သည့် ရသ၊ မည်သည့် အရသာနှင့်မှ လဲနိုင်ပါရိုးလား။
စစ်ကိုင်းတောင်ရိုး မဟာသမယချောင်သို့ တပေါင်းလဆန်း ၁၃ ရက်နေ့ နေ့လယ်ကတည်းက ရောက်နေပေါ့။ ဇေယျာမန်းကား ဂိတ်ကနေ တောင်ရိုးသရက်ပင်ဆိပ်ဆီ မြင်းလှည်းနှင့် လာကြတော့ စစ်ကိုင်းနွေဦး၏ အပိုင်းအစတချို့ကို ရွှေ ဟင်္သာတိုက်သစ် ကျော်ကတည်းက တွေ့လာရပါပြီ။ တောတောင်ဘီလူးချောင် ရောက်တော့ သစ်ပင်တွေဟာ ရိုးတံနှင့်ချည်း လေမှာ လှုပ်ရမ်းနှုတ်ဆက်နေသည်။ ကတ္တရာလမ်းပေါ် လေပွေလေးတွေက သစ်ရွက်ကြွေတွေကို လှုပ်နိုးသွားတာပေါ့။ မြင်း ခွာသံ တခွပ်ခွပ်ကလည်း လေပွေလေးနောက် အပြေးလိုက်နေသလိုမျိုး။
သရက်ပင်ဆိပ်မှသည် ရှင်ဖြူရှင်လှစောင်းတန်းကို ငှက်စီးကြပါလားဆိုသော ငှက်ခတ်သမား၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ပြီး ကားလမ်းအတိုင်း တက်ခဲ့ကြသည်။ ရေဦးတိုက်ဟောင်းအလွန်တွင် ကားလမ်းကနေ အုတ်လှေခါးထစ်ရှည်ကြီး တက်ပြီး တော လမ်းလေးအတိုင်း တရုတ်စကားပင်တွေ အောက်က ဖြတ်လျှောက်ခဲ့ရသည်။ တောလမ်းလေးပေါ်မှာလည်း တရုတ်စကားပွင့် ရွက်ကြွေတွေ ဖြန့်ခင်း။ ဥမင်ကိုးဆယ်ဘုရားဆီ တက်သော စောင်းတန်း ခြေရင်းမှာ သီလရှင်အိုကြီးက အုန်းတံမြက်စည်းလေးနှင့် ရွက်ကြွေတွေကို မနိုင်မနင်း လှဲကျင်းနေလေရဲ့။
စစ်ကိုင်းတောင်၏ မူလပထမ၉ချောင်တွင် ပါဝင်သော အရိယာဝံသချောင်က နွေကို ကမ္မဋ္ဌာန်းရှုနေတာမို့ ထူးထူးကဲကဲ ငြိမ်သက်နေသည်။ ဤမြေပြန့် တရုတ်စကားပင်တန်းတွေအောက်က ဖြတ်ကာရှေ့ဆီ မျှော်လိုက်တော့ ကုန်းထက်မှာ စေတီတစ်ဆူကို သပ္ပာယ်စွာ ဖူးတွေ့ရသည်။ ဈေးချိုမြဂုဏ်ရောင်အထည်ဆိုင်မိသားစု က တည်ထားသော စေတီဟု အခြေက ကမ္ပည်းစာအရ သိရှိရသည်။ ထို မြဂုဏ်ရောင်ဘုရားလေးက ကုန်းလေးတမော့ကို ကျော်လိုက်ရင်ပဲ တရုတ်စကားရိုးတံ အပြိုင်းအရိုင်းတွေ ကြားမှာ မဟာသမယချောင်လေးကို မြင်လိုက်ရတော့ အမောပြေသွားကြသည်။
ရှေ့မှာ ရေကန်နှင့်လိုဏ်ဂူ၊ ဟိုမှာ သစ်သားကျောင်းအို။ အရှေ့ဖက်မြစ်ပြင်ကို မျက်နှာမူထားသော ကမ္ဘားယံပေါ်မှာ သိမ်ကျောင်းလေ။ သိမ်ကျောင်းလေး ဘေးက ဝါးကွပ်ပျစ်လေးဟာ ကမ်းပါးအစွန်းမှာ ပေါက်နေတဲ့ တရုတ်စကားပင်ခြေမှာ အဖော်မျှော်လို့…၊
တရုတ်စကားရနံ့သင်းသည့် ဝါးကွပ်ပျစ်လေး
———————————————
ကျွန်တော်တို့က ဆင်ခြေလျှော လှေကားထစ်တွေအတိုင်း ဟေးခနဲ အော်ကာ ပြေးဆင်းကြပြီး ဝါးကွပ်ပျစ်လေးပေါ် နေရာယူကြတာပေါ့။ အများစုက ဘုန်းကြီးကျောင်းအိုပေါ်က ဆရာတော်ကြီးကို ဝတ်ဖြည့်နှုတ်ဆက်ဖို့ တက်သွားကြပေမယ့် ကျွန်တော်နှင့် အစ်ကိုဝမ်းကွဲတစ်ယောက်က ဝါးကွပ်ပျစ်လေးဆီ ကွဲကွာနေသည့် ချစ်သူပမာ အပြေးအလွှားသွားကြတာ ဘယ်သူမှ အပြစ် မဆိုကြ။ တောင်စွယ်အရိပ်၊ သိမ်အရိပ်၊ သစ်ရိပ်ဝါးရိပ်ကြောင့် နွေဦးပေါက် ပေမယ့် ကွပ်ပျစ်လေးမှာ လေတဝူးဝူးနှင့် အေးမြ နေသည်။
ကွပ်ပျစ်ကလေးပေါ်က မြစ်ပြင်ဆီ လှမ်းကြည့်တော့ သစ်ဖောင်တစ်စင်းက ဧရာဝတီမြစ်ပြင်တွင် မလှုပ်မရှား ငြိမ်သက်နေ သလိုမျိုး။ ဒါပေမယ့် သစ်ဆွဲမော်တော် စက်သံက ခပ်သဲ့သဲ့။ မြစ်ပြင်မှာ နယ်ချဲ့စီးပိုးလာတဲ့ ကျွန်းသောင်ခုံကြီးမှာ ကိုင်းခင်းတွေက အစိမ်းခြယ်။ နွားတစ်အုပ်က အစက်အပြောက်။ ကျွန်တော်တို့လည်း ပြုမြဲကိစ္စတစ်ခုလို ဟိုဟာ ပုထိုးတော်ကြီး၊ ဟိုဟာ မဟာမုနိ၊ ဟိုတောင်တန်းပေါ် အဖြူစက်လေး က ၂၁ မိုင် မဟာဗောဓိ၊ ဟိုမှာ မယ်နုအုတ်ကျောင်း စသော ပဟေဠိတွေ အဖြေညှိဆဲ။
အောက်ဖက် ရှင်ဖြူရှင်လှ စောင်းတန်းဆီက လူသံအုပ်အုပ် ကြားရတော့ “ချောင်တစ်ချောင်ချောင်မှာ ဆွမ်းကပ် အလှူတစ်ခုခု ရှိပုံရတယ်ဗျ”ဟု ဦးစံရှားလေသံနှင့် ကျွန်တော်က ပြောတော့ အစ်ကိုက “ဖြစ်နိုင်ပါပေတယ်”လို့ စကားထောက်သည်။ မိတ်ဆွေက ကိုသိန်းမောင် မဟုတ်။ ဒါပေမယ့် မိတ်ဆွေက စန္ဒရားကိုသိမ်းမောင်ကို ကောင်းကောင်း သိသည်။ မန္တလေးရုပ်ရှင်ခြံက ကိုသိမ်းမောင်ရဲ့ လက်ဆယ်ချောင်းနှင့် ပန်းမြိုင်လယ် ကွက်ပျောက်ကို ရွှေမန်းတင်မောင်၏ အဆိုနဲ့ သီဆိုအသံသွင်းခဲ့သော အသံသွင်းကြိုးခွေ အကြောင်းလည်း တဖွဖွ ပြောတတ်သူဖြစ်သည်။
ဒါကြောင့်လည်း ကျွန်တော်တို့ မဟာသမယချောင် ဝါးကွပ်ပျစ်လေးပေါ်မှာ အခု အချိန်ကစပြီး တစ်ညလုံး ဆရာတင်၊ မြို့မငြိမ်း၊ ဓားတန်းဦးသန့်၊ စန္ဒရားကိုသိမ်းမောင်၊ ဦးဘသိန်း၊ ဆရာညှာတွေ မိုးမွှန်တော့ မည်။ တေးသွား တစ်ပိုင်းတစ်စ။ ပါးစပ်ဆိုင်း တီးကွက်တချို့နှင့် ငြင်းခုန်ကြမည်။ ဟို … ရှမ်းရိုးမပေါ် အရုဏ်ပေါ်လို့ နေလုံးပြူထွက်တဲ့ အံ့မခန်း မြင်ကွင်းပေါ်လာမှ ပါးစပ်ပေါက်တွေ ပိတ်ပြီး အရုဏ်မှာ မူးမေ့သွားကြတာချည်းပါ။
ဒါပေမယ့် အခု ဝါးကွပ်ပျစ်လေးပေါ်ရောက်တော့ ဂီတသံစုံ နှီးနှောငြင်းခုံပွဲကြီး စတင်ဖို့ စကားအစ ရှာမရခင် ငြိမ် သက်နေကြတာပေါ့။ ထို့ကြောင့် မလိုအပ်ဘဲ စောင်းတန်းက လူအုပ်သံတွေအကြောင်း၊ ချောင်တစ်ချောင်က အလှူအကြောင်း စကားအစားထိုးကြတာလည်း ဖြစ်ပါသည်။ သို့သော် ထိုလူအုပ်သနှင့် ဆက်စပ်ပြီး သီချင်းတစ်ပုဒ်ကို မြိန်ရေယှက်ရေ ခံစားကာ အခုထိ တသသဖြစ်နေတာ အဲဒီ တုန်းက ကျွန်တော်ရော၊ အစ်ကိုရော မစဉ်းစားမိခဲ့ကြ။ မကြာခင် ကျွန်တော်တို့ ကြည့်နေသော မြစ်ပြင်ဆီကမ်းစပ်မှာ ကပ်ခုတ်မောင်းလာပြီး ရှင်ဖြူရှင်လှဆိပ်မှာ ဆိုက်လာသော မော်တော်ကြီးတစ်စင်းကို ရှုခင်းအကွယ်ကနေ ဘွားခနဲ မြင်ရတာပေါ့။ မော်တော်ကြီးက လူအတော်များများ နှင့်အတူ အမိုးပေါ်မှာ အထုတ်အပိုး ပစ္စည်းပစ္စယတွေ ပါလာတာကို အမြင့်နေရာ တောင်စောင်းပေါ်က လှမ်းမြင်ရသည်။
သေချာကြည့်ရင် ခေါင်မိုးပေါ်က မော်တော် နာမည် ဆိုင်းဘုတ်နားမှာ အသံချဲ့စက် အော်လံကြီးတစ်ခု။ မော်တော်ဘွားခနဲ မြင်ရချိန်မှာ သီချင်းတစ်ပုဒ် အဆုံးသတ်လိုက်သံကို လေမသင့်ပေမယ့် ပဲ့တင်သံနှင့် ခပ်ဝါးဝါးကြား ရသည်။ ပြီးတော့ သီချင်းသံ ရပ်သွား၏။ မော်တော်ဆိုက်ပြီး လူတွေဆင်းနေစဉ် ခေါင်မိုးပေါ်က အသံချဲ့စက် အော်လံကြီးကို လူတစ်ယောက်က တောင်ပေါ် တစ်နေရာ လှမ်းချိန်နေတာမြင်နေရသည်။ သူရည်ရွယ်သည့် နေရာက ကျွန်တော်တို့နှင့် မျဉ်းတစ်ဖြောင့်တည်း။ ဒါပေမယ့် အထက်တစ်နေရာ။ မကြာခင်က အော်လံကြီးက သီချင်းတစ်ပုဒ် အတောကို ပီသကြည်မြစွာ ကြားရတော့ သိပ်သိတာပေါ့။ ဒါဟာ သင်္ကြန်သီချင်း တစ်ပုဒ်ဆိုတာ။ ဒါပေမယ့် စည်းသုံးချက်အသွား သင်္ကြန်အသွက်သီချင်းမဟုတ်။ ဟန်နှင့်ပန်နှင့် ကိန်းခန်းကြီး လှစွာ ဝါးလတ်အသွားနှင့်။ အတောမှာ ဒိုးဆစ်ကတော့ အသွက်။
အသူရိန်မငွေ့လို့ ကြည်လင်
———————————
ကမ္ဘာဦးသူတို့ ဆန္ဒအလို
သီတဂူ ချမ်းမြစေသား၊
နက္ခတ်များ ခြံရံလို့ ပေါ်လာမြင်၊ တာရိန္ဒ ကြယ်မှူးဘုရင်၊
စာဆို့ စာဆိုတော်အရှင် ..၊ စာဆို မပျင်းနိုင်တဲ့၊
လမင်း … ပဝင်းနဲ့၊ တူသတဲ့ရှင် …၊
ကြားဖူးနေကြ၊ စာသားမျိုး မဟုတ်ဘဲ အခန့်အသန့်တွေမို့ နားစိုက်မိသည်။ တိတ်ဆိတ်နေသည့် တောင်ရိုးမှာ နေ့လယ်ခင်းမို့ သီချင်းသံက လေးဘက်သံကြားစံနစ်လို တောင်နံရံ အထပ်ထပ် ပဲ့တင်ဟပ်နေ တော့ နားထောင်ရတာ ကြည်လင်ပီသ အရသာရှိလှသည်။
တပေါင်းလမို့ သင်္ကြန်ရှေ့ပြေး နွေဦးက ဟောဒီ စစ်ကိုင်းတောင်ပေါ်မှာ အနှံ့အပြား မင်းမူလို့။ သင်္ကြန်ရနံ့ ပါသည့် ပန်းရနံ့၊ လေညှင်းလေးတွေလည်း သူ့အနား ကိုယ့်အနားမှာ ရစ်နှောင်ဖွဲ့ …။ ဆွတ်ပျံ့ဖွယ် သင်္ကြန်ကြို နွေဦး မှာ ရည်မွန် ခံ့ညားစွာ နန်းဆန် မန်းဆန်လှသည့် စာသားတေးသွား …။
တိမ်ဖုံးလို့ ညိုပါရင် …၊
အလိုမကျရှာတဲ့၊ နှုတ်ခမ်းစူမလေး အလှသွေးတဆင် ..၊
အချင်းယူဇနာ လေးဆယ့်နဲ့ကိုး မိုးမြင့် အဇဋာပြင်၊
အသူရိန်မငွေ့လို့ ကြည်လင်
တပေါင်းလပြည့် ထွန်းသစ်လွင်…၊
စန္ဒရား အလူးအလိမ့်တွင် ခြောက်လုံးပတ် အဆို့အပိတ်က ပါးပါးလေးနှင့် သံစဉ်များကို သူ့နေရာနှင့်သူ အချိုးကျစွာ တာဝန်ယူကြသည်။ သီဆိုသူကလည်း အာစ၊ လျှာစ၊ အသံလုံး ကောင်းကောင်း အပီအသနှင့်မို့ နွေဦးပေါက်၏ ဟောဒီလို နေရာမှာ ဟောဒီလို သီချင်း နားထောင်ရတာ တစ်သက်စာ ဝလင် သွားတာပေါ့။ သီချင်းဆုံးပါမှ အသံချဲ့စက် ကနေ ပေါက်ပေါက်တန်း အရုဏ်တော်အဖွဲ့ ရောက်လာလို့ ဈေးချိုချောင် က အလှူရှင်များ အကြောင်းကြား သိစေအပ် ပါတယ်လို့ နှိုးဆော် အသိပေးသံ ကြားလိုက်ရတယ်လေ။
အညာနွေ၏ အပူရှိန် တညီးညီးအောက်က ငြီးငွေ့ဖွယ် နွေဦးပေါက်ရာသီ ရောက်ရင်ဖြင့် တောင်ခြေစိမ့်စိမ်း၊ ချောင်တွေ သိန်းသန်းနှင့် စစ်ကိုင်းတောင်ရိုးပေါ်က လွတ်လပ်၊ တိတ်ဆိတ်၊ အေးချမ်းသော လပြည့်ညများတွင် တရုတ်စကားပင်အောက် ဝါးကွပ်ပျစ်လေးပေါ်က တရုတ်စကားပွင့်ကြွေလေးတွေအပေါ် လူးလှိမ့်ရင်း မိတ်ဆွေများနှင့် စကားတွေ ဖောင်ဖွဲ့ ပြောချင်စမ်းပါဘိ။ ဝေးကွာနေသော ချစ်မိတ်ဆွေများ ကျန်းမာ ချမ်းသာစေကြောင်းလည်း အသူရိန်မငွေ့လို့ ကြည်လင် ပါစေကြောင်း ဆုတောင်းလိုက်ပါ၏။
ဆူးငှက်
