သူတို့အိမ် အခန်း – ၅၄

ဆူးငှက်
အ.ထ.က ၁ က ၁၀တန်းကျောင်းသား
——————————————
ကျွန်တော်တို့ ၁၀တန်းတက်တော့ ၁၀တန်း ဘီ အခန်းမှာပဲဖြစ်သည်။ ၁၀တန်း ဘီ က ရုံခန်းရှိသော ပင်မဆောင်ကြီး အပေါ်ထပ်ဖြစ်သည်။ အဆောက်အအုံကြီးက ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံကြီးမို့ လှေကားကအစ ကြမ်းခင်းများ အထိ ခံ့ညားနေသည်။ အဆောက်အအုံ အပေါ်ထပ်၏ အရှေ့ဘက် အစွန်ဆုံးအခန်းက စာကြည့်တိုက် ဖြစ်သည်။ စာကြည့်တိုက်၏ အနောက်ဘက်က ၁၀တန်း အေ အခန်းဖြစ်သည်။ ပြီးလျှင် ကျွန်တော်တို့ ၁၀တန်းဘီ၊ ပြီးလျှင် ၁၀တန်း စီ အခန်းဖြစ်သည်။ ၁၀ တန်း ဒီကတော့ အောက်ထပ်က ရုံးခန်း၏ အရှေ့ဘက်ကဟု မှတ်မိနေသည်။
သည်တစ်ခါ ကျွန်တော်တို့ ၁၀တန်းဘီ၏ အတန်းပိုင်က ဆရာမ ဒေါ်ခင်မြမြအေး ဖြစ်ပါ၏။ ဆရာမက အတော်ချောသည်။ အထူးသဖြင့် အသားအရေက ဝင်းနေ၏။ မျက်နှာသွင်ပြင် အမူအရာက နန်းဆန်သည်။ ယဉ်ကျေးသည်။ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည်က အစ ကြော့ရှင်းသည်။ ဆရာမ၏ ထူးခြားသော အမှတ်အသားမှာ မျက်နှာတွင် သိသာသော မှည့်တစ်လုံးပါခြင်း ဖြစ်သည်။ သို့သော် အရုပ်မဆိုးဘဲ ထင်ပေါ်မှုကို ဖြစ်စေ၏။ ထိုစဉ်က ဆရာမသည် အပျိုကြီးမို့ အမှတ် ၁ အ.က.က ၏ နာမည်ကျော် အပျိုကြီးအုပ်စုဝင် ဆရာမ ဖြစ်သည်။
ကျွန်တော်တို့ ကျောင်းတက်စဉ် အမှတ် ၁ အ.ထ.က ၏ ဆရာမ အတော်များများသည် အပျိုကြီးများ ဖြစ်ကြသည်။ ထိုစဉ်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်မြိုင်ကအစ အပျိုကြီး ဖြစ်သည်။ ကပ္ပတိန်ဆရာမကြီး လက်အောက် (ထိုစဉ်က) အပျိုကြီးများမှာ ကျွန်တော်တို့ ၉တန်းဘီ အတန်းပိုင် ဒေါ်ခင်မမ၊ အခု ၁၀တန်းဘီ အတန်းပိုင် ဒေါ်ခင်မြမြအေး၊ ထို့နောက် မြန်မာစာဆရာမ ဒေါ်မြမြ၊ ဒေါ်ခင်ဝင်း၊ သမိုင်းဆရာမ ဒေါ်လှလှဝင်း၊ ဘိုင်အိုဆရာမ ဒေါ်တင်တင်စိန်၊ အင်္ဂလိပ်စာဆရာမ ဒေါ်ခင်မာဝင်း၊ ဒေါ်ခင်မာလင်း၊ ဒေါ်မြမြသန်း တို့ ဖြစ်သည်။
ယောက်ျားလေးချည်း ရှိသော အမျိုးသားကျောင်းတွင် အပျိုကြီးဆရာမများက တကယ့် အစ်မကြီးများ သဖွယ် ဖြစ်သည်။ ဆရာမများက ကျောင်းသားများကို တပည့်အနေနှင့် သာမက မောင်အရင်းအချာများပမာ ဆက်ဆံ ကြရသည်။ ဆရာမလို တင်း၍ ဆက်ဆံလို့မရ၊ မိသားစုဝင် မောင်နှမလို ဆွေးနွေးတိုင်ပင် ပြောဆို ဆက်ဆံကြ ရသည်။
၁၀တန်းဘီက သူငယ်ချင်းတွေ
——————————-
၁၀တန်းဘီမှာ ကျောင်းစတက်ရတော့ ထုံးစံအတိုင်း အသက်အရရော လူကောင်အရရော အငယ်စားမို့ ဆရာမက သူ့စာပွဲရှေ့တည့်တည့် ခုံမှာ နေရာချသည်။ ကျွန်တော့်ညာဘက်မှာ တိုင်းချစ်ကျောင်းက ပြောင်းလာသည့် (ကို) ခင်မောင်ဆန်း၊ သူ့ကို ၉တန်းမှာကတည်းက ဇော်ဝမ်းဟု ခေါ်ကြသည်။ ကျွန်တော့ ဘယ်ဘက်မှာက (ကို)ကံမောင်တဲ့။ သူက အေလမ်းနှင့် မစိုးရိမ်တိုက်ဟောင်းအနီးရှိ အောင်ဓူဝံအရပ်က ဖြစ်သည်။ နယ်က ကျောင်းလာတက်သူ (ကို)ကံမောင်က အရပ်ပုပု လုံးလုံးနှင့် အတော်သဘောကောင်းသည်။ သူက ကျောင်းသို့ အမှတ် ၇ ကားဝါ ဘတ်စ်ကားနှင့် ကျောင်းတက်သည်။ သူက အတန်းထဲရောက်တာနှင့် သူ့ခုံမှာထိုင်ကာ ကျောင်းစာပဲ ဖတ်နေသည်။ မုန့်စားဆင်းချိန်လည်း မထွက်၊ ထမင်းစား ဆင်းချိန်တွင် တစ်ခါတရံပါလာသော ထမင်းဘူးလေး ဖွင့် စားသည်။
အတန်းထဲမှ ကျွန်တော်နှင့် ငယ်သူငယ်ချင်းဆိုလို့ ဝင်းဟန်နှင့် ကံစိန်ပဲပါလာသည်။ သန်းလွင် က အေတန်းမှာ၊ အောင်သန်းထွန်းက စီတန်းမှာ ဖြစ်သည်။ (ကို)သန်းဆောင် က ကျောင်း မတက်တော့။ ကျွန်တော်တို့ ဘီတန်းထဲက မှတ်မိသလောက်ဆိုလျှင် ကိုပေါစံ၊ သူက နန်းတော်ကျွန်းရွာက ဖြစ်သည်။ အတန်း၏ မော်နီတာလည်း ဖြစ်သည်။ လက်ရက်ပင်နီ အင်္ကျီ (သို့မဟုတ်) တိုက်ပုံကို အမြဲဝတ်သည်။ အတော်အေးဆေး၍ လူကြီးပီသလှ၏။ အင်္ဂလိပ်စာ အသံထွက် အတော်ကောင်းသည်။
နောက် ကိုလှဘော်၊ သူက သကျသီဟဘုရားအရှေ့ဘက် ဟင်္သပြဒါးဝင်းထဲနေသည်။ စာတော်သည်။ ဓားတန်းဝင်းက နာမည်ကျော် အဆာဟိ ကရာတေးကလပ်မှာ ထိုစဉ်ကပင် ဆရာအဆင့် အဖြစ် ကစားနေသည်။ ဂီတနုတ်စ်နှင့် တူရိယာ အချို့ တီးမှုတ်တတ် သည်။ နောက် ကိုကြည်ဆင့်၊ သူကလည်း စာတော်သည်။ ညောင်ပင်ဈေးအနီးမှာနေသည်။ သူကလည်း ကိုယ်ခံပညာရပ်တစ်ခု၏ ဆရာအဆင့်ဖြင့်ကစားနေသည်။ (အခုတော့ နာမည်ကျော် ကျူရှင်ဆရာ ရူပဗေဒ ဦးကြည်ဆင့် ဖြစ်ပါသည်)။ နောက် မှတ်မိတာက ကိုစိုးဝင်းအောင်၊ သူက မန္တလေးမြို့လယ်ခေါင်က နာမည်ကျော် စားပွဲရုံပိုင်ရှင်၏ သား ဖြစ်သည်။ ထို့ကြောင့် သူ့ကို နာမည်ရင်းထက် ပတ်ကားဟုပဲ ခေါ်ကြသည်။ သူက လဖုန်းကျောင်း (အ.ထ.က ၁၄) က ပြောင်းလာသူ ဖြစ်သည်။ အရက်ရှည်ရှည် သွယ်သွယ် မျက်မှန်နှင့် ဟောင်ကောင် မင်းသားပုံ စမတ်ကျသူ ဖြစ်သည်။ နောက် တစ်ယောက်က စံရွှေအောင် တဲ့။ သူက ရေကြည် လွှထောင်တန်းတွင် နေသည်။ အရပ်မြင့်မြင့် သပ်သပ်ရပ်ရပ်နှင့် အမြဲပြုံးနေသည့် မျက်နှာပေးရှိသည်။ သူကလည်း ဘောလီဝု မင်းသာလို ဆိုက်ဂိုက် ဖြစ်သည်။
နောက် တစ်ယောက် က ၉တန်းဘီ ကတည်းက ကျွန်တော်တို့ ဇာတ်လိုက် ကိုဝင်းအောင်ပေါ့။ သူက ဘူတာကြီး အနောက်ဘက် ၇၉လမ်းက လှည်းတန်းမှာနေသည်။ အရပ်ပျပ်ပျပ် မျက်နှာချိုချိုနှင့် ဖြစ်သည်။ ပျော်တတ်သည်။ နောက် ယာဉ်ထိန်းရဲ အရာရှိအဖြစ် တာဝန်ထမ်းတော့လည်း အမြဲပြုံးနေကာ ကူညီပါရစေ ဆောင်ပုဒ်နှင့် ကိုက်ညီခဲ့သူဖြစ်သည်။ အရေးကြီးပုဂ္ဂိုလ် ယာဉ်တန်း ဖြစ်စေ၊ ထိုစဉ်က နှစ်စဉ် ကျင်းပသော ပြည်ထောင်စုအလံ သယ်ယူခြင်း အခမ်းအနားမှာ ဖြစ်စေ ကိုဝင်းအောင်ကို စမတ်ကျသော ယူနီဖောင်း အပြည့်အစုံဖြင့် ရှေ့ဆုံက ဝိုင်ယာလက် ဆိုင်ကယ်ကြီးနှင့် အမြဲတွေ့ ရသည်။ အကယ်၍များ လူအုပ်ထဲမှာ ကျွန်တော့်ကို မြင်လျှင် လှမ်းနှုတ်ဆက်တတ်သည်။ အခု ပြန်စဉ်းစားတော့ ၁၀တန်းဘီ က သူငယ်ချင်းများကို ကျွန်တော်ဖြင့် သည်လောက်ပဲ မှတ်မိတော့သည်။
တိုင်းချစ်ကျောင်းက ဇော်ဝမ်း
—————————-
၁၀တန်းနှစ်အစ အတန်းထဲမှာ အတန်းပိုင်ဆရာမ ဒေါ်ခင်မြမြအေးက အတန်းသားများကို တစ်ဦးချင်း မတ်တတ်ရပ်၍ မိတ်ဆက် ခိုင်းသောအခါ ကျွန်တော့် ညာဘက်ခုံက ကိုခင်မောင်ဆန်းက မတ်တပ်ရပ်ပြီး “ကျွန်တော်က ခင်မောင်ဆန်းပါ” ဟု ပြောရာ တစ်တန်းလုံးက “ ဇော်ဝမ်း၊ ဇော်ဝမ်း” ဟု အော်ကြသည်။ ထိုအခါ ဆရာမ ဒေါ်ခင်မြမြအေး က ကိုခင်မောင်ဆန်း ရှေ့မှာ လက်ပိုက်၍ ခပ်ပြုံးပြုံးကြည့်ကာ ရုပ်ရှင်မင်းသမီး တင်တင်မူ၏ အမူအရာဖြင့် “သြော်.. ဇော်ဝမ်းတဲ့ လား” ဟု ပြောလိုက်ပုံမှာ အစ်မကြီးက သူ့မောင်ကို ခနဲ့တဲ့တဲ့ နောက်ပြောင်လိုက်သည်နှင့် တူလှသည်။ ကိုခင်မောင်ဆန်း မှာ ရှက်သွားလိုက်ပုံက မျက်နှာကြီးရဲ၍ တဟဲဟဲ ရယ်နေတော့သည်။
သည်နေ့ကစပြီး ဆရာမကလည်း သူ့ကို ဇော်ဝမ်းဟုပဲ ခေါ်တော့သည်။ ဆရာမ ဒေါ်ခင်မြမြအေးက ၁၀တန်းရူပဗေဒ သင်သည်။ ဆရာမစာသင်ပုံက အေးဆေး သက်သာစွာဖြင့် အတော် အသင်အပြကောင်းသည်။ ဆရာမ၏ ရူပဗေဒအချိန်ပြီးလျှင် သူ့သင်ခန်းစာက ခေါင်းထဲတွင် စွဲ၍ မှတ်မိသွားသည်။ ဆရာမ က သူ့အတန်းထဲက ကျောင်းသားတွေကို တကယ့် မောင်အရင်းအချာများ ပမာ သဘောထား ဆက်ဆံသည်။ ကျွန်တော်ကတော့ ဆရာမ၏ စာပွဲရှေ့က ခုံမှာ ထိုင်ရပြီး ကျောင်းခေါ်ချိန် မှတ်တမ်း စာအုပ် ကို ထိန်းသိမ်းရတာ နေ့စဉ်မှတ်တမ်း ဒိုင်ယာရီကို ရေးရတာ မြေဖြူ သင်ပုန်းဖျက် စသည့် ပစ္စည်းတွေ သိမ်းဆည်းရတာတွေ လုပ်ကိုင်ရသည်။ ဆရာမ၏ နောက်ထပ် တာဝန်တစ်ခုကို တစ်လတစ်ကြိမ် ဆောင်ရွက်ပေး ရတာလည်း ရှိပါသည်။ ဆရာမက ထိုစဉ်က နာမည်ကျော် ရုပ်ရှင်မင်းသား ဝင်းဦး ပရိသတ် ဖြစ်ပုံရသည်။
တစ်နှစ်စာကြိုသွင်းရသည့် စန္ဒာ မဂ္ဂဇင်း
———————————————-
ထိုစဉ်က ဝင်းဦးထုတ်ဝေသော စန္ဒာမဂ္ဂဇင်းကို ဆရာမက တစ်နှစ်စာ တန်ဖိုးကြိုသွင်းကာ လစဉ် ယူသည်။ စန္ဒာမဂ္ဂဇင်းကလည်း ထိုသို့ တစ်နှစ်စာသွင်းကာ ကြိုတင်မှာကြားမှ ရသည်။ ဒီအတိုင်း အလွတ် ဝယ်လို့ မရပေ။ ဤမျှနာမည်ကြီးခဲ့သည်။ မြန်မာမဂ္ဂဇင်းလောကတွင် အော့ဖ်ဆက်ဖြင့် ပထမဆုံး ပုံနှိပ်သည့် မဂ္ဂဇင်းဟုလည်း သိရသည်။ စန္ဒာမဂ္ဂဇင်းကို လစဉ်သွားထုတ်ရသည့်နေရာက ရုံတော်ကြီး နန်ထင်လက်ဖက်ရည်ဆိုင်အနီးက လုပ်သားပိုင် စာနယ်ဇင်းတွင် ဖြစ်သည်။ ကျွန်တော်က ကျောင်းအလာ အပြန်တွင် ထိုလမ်းကြောက လာတာ ပြန်တာမို့ အထူးတလည် သွားစရာမလို အဆင်ပြေသည်။
တချို့လများဆိုလျှင် မနက်ကျောင်းအလာတွင် မဂ္ဂဇင်းက မရသေးဘဲ အပြန်မှ ရပါက အိမ်မှာ စန္ဒာမဂ္ဂဇင်းကို တစ်ည ဖတ်နိုင်သေး၏။ ထိုမဂ္ဂဇင်းကို ဆိုင်မှ ယူထားပြီး ကျွန်တော်လာမှ ပေးသည့်သူက ထိုဆိုင်၏ ဝန်ထမ်းဖြစ်သူ ကိုဉာဏ်ဝင်းတဲ့။ သူကလည်း ဆရာမ၏ တပည့်ရင်းဖြစ်သည်။(ကိုဉာဏ်ဝင်း က နောက်တော့ ကျော်ဉာဏ်ဝင်းဗိုလ် အမည်ဖြင့် ဇာတ်ဆောင်းပါးတွေ ပြဇာတ် အော်ပရာတွေ ရေးသည်)။ ကျွန်တော်လည်း လစဉ် စန္ဒာမဂ္ဂဇင်းထုတ်ရင်း လုပ်သားပိုင်စာနယ်ဇင်းက အရောင်းမမတွေနှင့် ခင်မင်သွားခဲ့၏။ မလတ်တဲ့၊ မချယ်ရီတဲ့။ ဤသို့ဖြင့် ကျွန်တော်လည်း ရှုမဝမဂ္ဂဇင်းနှင့် မိုးဝေ မဂ္ဂဇင်းကို မုန့်ဖိုးထဲက စုကာ လစဉ်ဝယ်ဖြစ်တော့သည်။
ပတ်ကားဖောင်တိန်
———————
ထိုစဉ်က ကျွန်တော်သည် အိမ်မှာလည်း အစ်မများနှင့်သာ ကြီးပြင်းခဲ့ရတော့ အခု ဆရာမ ဒေါ်ခင်မြမြအေး ကိုလည်း ဆရာမ ဆိုသည်ထက် ကိုယ့်အစ်မ တစ်ယောက်ကဲ့သို့ ရိုသေခဲ့သည်။ တစ်ရက်တွင် ကျွန်တော်က ကျောင်းသို့အလာတွင် အိမ်မှာ ကွန်ပါဘူးမေ့ကျန်ခဲ့၏။ ကွန်ပါဘူးထဲမှာ ဖောင်တိန်တို့ ခဲတံတို့ထည့်ထားတော့ ကျောင်းမှာ ရေးစရာ မပါတော့ပေ။ ဖြစ်ချင်တော့ ထိုနေ့က လပတ်စာမေးပွဲ ဖြေရမည်။ ကျောင်းကလည်း တက်နေပြီ။ အတန်းထဲသို့ ဖောင်တိန် ခဲတံ မပါဘဲ ဝင်ဖို့ ခက်နေသည်။
နောက်ဆုံးကြံရာမရတော့ ကိုယ့်ရှေ့မှာ ရှိနေသော ဆရာများနားနေခန်းထဲ စွပ်ရွပ်ဝင်သွားပြီး ဆရာမကိုရှာသည်။ ဆရာမ က ဗီရိုထဲက အဖြေလွှာ စာရွက်အလွတ်တွေ ထုတ်နေရင်း ကျွန်တော့်ကို မြင်တော့ “ကျော်ဆန်း ဘာလဲ” ဟုမေးတော့ “ဆရာမ ကျွန်တော် ဖောင်တိန်မပါခဲ့လို့ပါ” ဟု အရဲစွန့်ပြောလိုက်သည်။ ဆရာမက “သြော်..” ဟုသာ စိတ်မကောင်းသည့် အမူအရာ ဖြစ်သွားပြီး သူ့ အင်္ကျီလည်ပင်းပေါက်တွင် ချိတ်ထားသော ဖောင်တိန်လေးကို ဖြုတ်ပေးလိုက်သည်။ “ရော့ ဒီဖောင်တိန်ကို ယူထားလိုက်တော့၊ ပြန်မပေးနဲ့၊ မြန်မြန်သွား အခန်းထဲမှာ လူစုံနေလောက်ပြီ” ဟုပဲ ပြောသည်။ ဆရာမ အပိုင်ပေးလိုက်သော ဖောင်တိန်ကို ကျွန်တော်က ဘာမှမသိ။ အတန်းထဲက ကိုစံရွှေအောင်တို့၊ ကိုဝင်းအောင်တို့၊ ကိုစိုးဝင်းအောင်တို့က တွေ့သွားသောအခါ ထိုစဉ်ကပင် အတော်တန်သည့် ရွှေရောင်မြှားလေးနှင့် ပတ်ကားဖောင်တိန် အစစ်ဟု သိလိုက်ရသည်။
အပြာနုရောင် ယုန်မွှေးဆွယ်တာလေး
—————————————
ဆရာမက ကျောင်းရောက်လို့ သူ့အိမ်သို့ တစ်ခုခု ပြန်ယူခိုင်းစရာရှိလျှင်လည်း ကျွန်တော့်ခိုင်းသည်။ များသောအားဖြင့် စာအုပ်ကျန်ရစ်၍ သွားယူပေးရတာများသော်လည်း တစ်နေ့မှာတော့ ဆရာမက သူ့ယုန်မွှေးဆွယ်တာ အပြာနုရောင်လေး ကို ယူခိုင်း၏။ ဆရာမအိမ်က ၂၂စီလမ်းပေါ်မှာရှိသည်။ ကျောင်းကနေ ၈၁လမ်းအတိုင်း မြောက်သို့ သွားကာ ၂၂စီလမ်းရောက်တော့ အနောက်သို့ ချိုးလိုက်ရုံနှင့် ဆရာမအိမ်သို့ ရောက်သည်။ ဆရာမအိမ်က အာစီ ၂ထပ်တိုက်တွင် အပေါ်ထပ်အခန်းဖြစ်သည်။ ဆရာမအိမ်က ယုန်မွှေးစွယ်တာလေးကို ခပ်ဖွဖွ တယုတယ ကိုင်ကာ ကျောင်းသို့ ပြန်ရသည့် လမ်းတလျှောက် ဘာလို့မှန်းမသိ ပျော်နေသည်။ ယုန်မွှေးဆွယ်တာလေးက ဆရာမ သုံးနေကျ ရေမွှေးရနံ့လေးက ခပ်သင်းသင်း ရနေသည်။
အတန်းထဲကနေ လက်လေးပိုက်ကာ ကျုံ့ကျုံ့လေးထိုင်ရင်း ယုန်မွှေးဆွယ်တာလေးကို ဆရာမက စောင့်နေ၏။ မန္တလေးဆောင်း၏ ထိုနေ့မနက်က မထင်မှတ်ဘဲ အတော်အေးသော်လည်း ကျွန်တော်က ဆရာမအိမ်သို့ ယုန်မွှေး ဆွယ်တာလေးကို ခပ်သွက်သွက်အပြေးလေး သွားယူလိုက်လို့ ချွေးစလေးပင် စို့လို့။ ထိုနေ့ကမှ ဆရာမသည် ကျွန်တော်က ကျောင်းသို့ စက်ဘီးမပါဘဲ လာတာ၊ လုပ်သားပိုင်စာနယ်ဇင်းမှာ စန္ဓာမဂ္ဂဇင်းကို ကျောင်းက ခြေကျင်အပြန် ဝင်ယူတာ၊ အခု ယုန်မွှေးဆွယ်တာလေးကိုလည်း ခြေကျင်သွားယူတာ သိတော့သည်။
ထိုနေ့က ကျောင်းအဆင်း ကျွန်တော် မပြန်ခင် ဆရာမက အတန်းထဲဝင်လာပြီး စက်ဘီးမပါဘဲ ကျောင်းသို့ ခြေကျင်လာတာလား ဆိုသည့်မေးခွန်းကို တအံ့တသြမေးရာ အမြဲ ခြေကျင်မဟုတ်ကြောင်း၊ သူငယ်ချင်း သန်းလွင်နှင့် ဝင်းဟန်၏ စက်ဘီးနှင့် လိုက်ဖြစ်ကြောင်း၊ တစ်ခါတရံ ဝါးတန်းရပ်ကနေ အမှတ်၇လိုင်းကား စီးကြောင်း ပြောပြဖြစ်တော့၏။ နောက်ပိုင်း ဆရာမက ကျွန်တော့်ကို မဂ္ဂဇင်းထုတ်ဖို့ မခိုင်းတော့ ကျွန်တော်လည်း စိတ်မကောင်း ဖြစ်မိသည်။
ကထိန်ပွဲက ပဒေသာပင်
————————–
အ.ထ.က ၁ ၏ ၁၀တန်းမှာပဲ ကျွန်တော် ဝါသနာပါတာတွေ ပထမဆုံး အစွမ်းပြဖြစ်တာလည်း အမှတ်တရ ဖြစ်ပါ၏။ ထိုစဉ်ကတည်းက အ.ထ.က ၁ ၏ ကျောင်းကထိန်က နာမည် ကြီးလှသည်။ ထိုနှစ်ကျောင်းကထိန်တွင် ၁၀တန်းဘီ၏ ပဒေသာပင်ကို ကျွန်တော်က တာဝန်ယူသီးပေးခွင့် ရသည်။ လှူဖွယ်ကိုပင် ဘာဝယ်ကြမလဲဟု ဆရာမနှင့် မော်နီတာ ကိုပေါစံတို့ စဉ်းစားကြတော့ ကျွန်တော်က ပဒေသာပင်သီးဖို့ စိတ်ကူးထဲတွင်ရှိနေပြီးမို့ တဘက်များ ဘုန်းကြီးစီးဖိနပ်များနှင့် ရဟန်းဆောင်း ထီး၃လက် ဝယ်ဖို့ ပြောလိုက်သည်။ ကျန်တာ အသုံးတည့်မည့် သံပန်းကန် ဟင်းလိုက် ယောက်ချို ဇွန်းစသည်ဖြင့် ဝယ်ခဲ့ရန်လည်း မှာလိုက်၏။
ပစ္စည်းတွေ ရောက်လာတော့ ပဒေသာပင်သီးမည့် သစ်သားစင်ကို ဘိုင်နာဆေးဖြူတွေ ပြန်သုတ်၊ တဘက်များကို ခေါက်တန်ခေါက် ချိုးတန်ချိုး လိပ်တန်လိပ်ပြီး ပဒေသာပင်စင်မှာ သူ့နေရာနှင့် သူ ချည်လိုက် နှောင်လိုက်တော့ အမြီးဖြန့်ကာ ကနေသည့် ကဒေါင်းပုံဖြစ်သွားသည်။ ဖြန့်နေသည့် ဒေါင်းမြီးတွေပေါ်မှာ ဖိနပ်များကို တစ်ရံစီအလိုက် အဝိုက် ၃ဝိုက်လောက် အထက်အောက်ဆင်လိုက်တော့ ဒေါင်းမြီးကွက်တွေပေါ့။ ထို့နောက် သံပန်းကန် တွေကို ဖိနပ်တွေကြားမှာ အညီအညာ ချိတ်လိုက်ပြီး ယောက်ချိုတွေနှင့် ပန်းကန်တွေအောက် အမြီးတပ်လိုက်တော့ ကဒေါင်းက ပို၍ပီပြင်သွား၏။
အတန်းပိုင်ဆရာမ ဒေါ်ခင်မြမြအေးနှင့် ဒဿမတန်း B ကျောင်းသားများ ကောင်းမှု စာတန်းကိုလည်း စုတ်တံနှင့်ပင် ကျွန်တော်ပဲ ရေးလိုက်သည်။ ဆရာမမှာ သူ့ပဒေသာပင်ကို သဘောကျလွန်းတော့ ဆရာမဒေါ်ခင်ဝင်းနှင့် ဆရာမဒေါ်မြမြကိုပင် ခေါ်ပြပြီး ပျော်နေသည့် မျက်နှာကို မြင်ရတော့ ကျွန်တော့်မှာ အစ်မတစ်ယောက်၏ ပျော်ရွှင်မှု အတွက် မောင်တစ်ယောက်၏ ဝမ်းသာပီတိမျိုးပင် ခံစားလိုက်ရသည်။ သည်ကထိန်မှာပဲ ကျွန်တော်လည်း ထန်းပင်တက်လက်မှတ် ရလိုက်ပါ၏။

Related posts

Leave a Comment

VOM News

FREE
VIEW