ဖားကန့်မှာ စစ်ရေးပိုတင်းမာလာနေလို့ စစ်ရှောင်တွေထပ်တိုးလာနေ

ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၆
GG (VOM)
ဖားကန့်မြို့နယ်မှာ တိုက်ပွဲပိုပြီး ပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာ စစ်ရှောင်ရတဲ့ ဒေသခံ တွေ ထပ်တိုးလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရေးအခြေအနေ ပိုပြီးတင်းမာလာမှုနဲ့အတူ လက်နက်ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုတွေ ဆက်တိုက် ရှိနေတဲ့အတွက် ဖားကန်မြို့ပေါ်ရှိ မရှီကထောင်ရပ်ကွက် ဒေသခံတွေဟာ အရေးပေါ် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
မရှီကထောင်ရပ်ကွက် အနီးရှိ ထုံးဘိုရွာဘက်မှာ အစိုးရတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတာ ဖြစ်ကြောင်း ၊ အဲဒီအတွက် မရှီကထောင်ရပ်ကွက် ဒေသခံတွေအနေနဲ့ အရေးပေါ်စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
” တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့က ကပ်နေတော့ မရှီကထောင်မှာ လက်နက်ကြီးကျတာလည်းရှိတယ်။ ဗျူဟာကုန်းနဲ့ နီးတဲ့ မြို့ပေါ်နေရာတွေလည်း လက်နက်ကြီး ကျပေါက်ကွဲတာတွေ ရှိနေတယ်။ မရှီကထောင်မှာမနေ့ကဆို လေကြာင်းကြဲခံရတယ်။ လေကြောင်းကြဲခံရတာ မျိုးရှိလာတော့ ဒေသခံတွေက မနေရဲတော့ဘဲ စစ်ရှောင်ကြတာ ။ ခုတိုက်ပွဲဖြစ်နေတာက မရှီကထောင်ရဲ့ နောက်ကျောဘက်က ထုံးဘိုရွာဘက်မှာပါ ။ထုံးဘိုရွာလည်း ရှောင်နေရတာ လူမရှိသလောက်ပဲ။” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ မရှီကထောင် ၊ ထုံးဘိုရွာ ၊ အမှိုက်ပုံ ၊ ယူမာ ၊ရှရော်ခ ၊ညောင်ပင်ကုန်း ၊ မြောက်ဖြူရွာက ဒေသခံတွေဟာ နေရပ်စွန့်ခွာ စစ်ရှောင်နေကြရတာ ဖြစ် တယ်လို့ သိရပါတယ်။
လက်နက်ကြီးပစ်ခတ်မှုမှာ နှစ်ဖက်အဖွဲ့အစည်း အပြန်အလှန် ပစ်ခတ်မှုရှိတာကြောင့် ဖားကန့်မြို့ ၊ တပ်စခန်းဖြစ်တဲ့ ဗျူဟာကုန်းပတ်ဝန်းကျင် တဝိုက်မှာလည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်း အစောပိုင်းကလည်း ရွှေမြန်မာ ဆီဆိုင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်ဒဏ်ရာမှု ရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မှော်စီစာ ကျေးရွာမှာ မိုင်းပေါက်ကွဲလို့ လူသုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း မရှီကထောင်ရပ်ကွက်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတယောက် ထိခိုက်မှုရှိခဲ့ပြီး ဗျူဟာကုန်းအနီး ကလပ်ကုန်းမှာလည်း လက်နက်ကြီးကျလို့ လူနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ဖားကန့် ၊ ကာလီချောင်ရွာ အနီးကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးနှစ်ယောက် သေဆုံးကာ ၁၃ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အမှိုက်ပုံရွာမှာလည်း လက်နက်ကြီးကျလို့ မိသားစုသုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းကလည်း ဖားကန့် ၊ ဗျူဟာကုန်းပတ်ဝန်းကျင်ရှိ အ.ထ.က ကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ခဲ့လို့ ကျောင်းသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို မရှီကထောင်ရပ်ကွက်မှာလည်း လက်နက်ကြီး ထိမှန်လို့ ဒေသခံတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက တကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဥ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိကြောင်း ၊ ယခုနောက်ပိုင်းမှာတော့ အစိုးရဆပ်က လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW