ဖေဖော်ဝါရီ ၁၁ – ၂၀၂၆
SN (VOM)
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ညောင်ထောက်ရွာကို ဦးတည်ပြီး အလူးကြီးရွာ၊ ချမ်းမြေ့စုရွာ၊ ဖိုးဝါးသိမ်ရွာတွေဘက်ကနေ စစ်ကြောင်း သုံးကြောင်းခွဲကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး တပြိုင်တည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“အစိုးရတပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာတာပေါ့။ အဲဒီ စစ်ကြောင်းတွေလာတဲ့ လမ်းတောက်လျှောက်ကို KNLA တပ်တွေက ကြားဖြတ်တိုက်နေတာ။ တိုက်ပွဲတွေကတော့ ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ။ လတ်တလောကတော့ အစိုးရတပ်က အလူးကြီးရွာထဲမှာ အထိုင်ချ တပ်စွဲထားတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် ညောင်ထောက်၊ အလူးကြီး၊ ဖိုးဝါးသိမ်၊ ချမ်းမြေ့စု၊ ဝင်းသောင်၊ ရှမ်းစု၊ သရက်ကုန်း အစရှိတဲ့ ကျေးရွာတွေအပါအဝင် အနီးဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ လူဦးရေ ၅၀၀၀ နီးပါးဟာ နီးစပ်ရာဒေသတွေကို တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒေသခံတွေက အဓိက လက်နက်ကြီးရန်ကို စိုးရိမ်လို့ ရှောင်ကြတာ။ လက်နက်ကြီးပစ်တာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်လောက်ကနေ စတာပဲ။ ဒီနေ့အထိ တောက်လျှောက် ပစ်နေတုန်း။ လူထိခိုက် သေဆုံးတာတွေလည်း ရှိတော့ ဘယ်သူမှ ရွာထဲမနေရဲကြတော့တာ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း အလူးကြီးကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ တယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်း ထုတ်ပြန်ထားပါတယ်။
ဘီးလင်းမြို့နယ်ရဲ့ လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရတပ် တာဝန်ရှိသူတွေဘက်ကတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်တဲ့ စစ်ရှောင်စာရင်းအရ သထုံခရိုင်အတွင်းမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ တသိန်းခွဲနီးပါး ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
