၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် (၂၂)ကြိမ်မြောက် မန္တလေး မြို့တော်ဝန်ဖလား ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံ ပန်းမန် ပြပွဲ ပြိုင်ပွဲကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ- ၁၂- ၂၀၂၆
SA(VOM)
၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်မှာ (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပြပွဲ ပြိုင်ပွဲ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)က စပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးတို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်တွေလာရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မြို့တော်စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် အဆင့်မြင့်စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံပန်းမန် မျိုးကောင်းမျိုးသန့်များ ပြန့်ပွားနိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တနိုင်တပိုင်စိုက်ပျိုးခြင်းမှစပြီး စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်ကို အထောက်အကူဖြစ်စေရန် စတဲ့ ရည်ရွယ်ချက်(၅)ချက်နဲ့နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ဒီနှစ်မှာ (၂၂)ကြိမ်မြောက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့်အတူမြမာလာဥယျာဉ် အတွင်းမှာ မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီး၊ ဝလံ၊ ပန်းမန် ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး(၃)ခုကို ပြုလုပ်ထားပြီး အလှဓာတ်ပုံရိုက်ကူးရန်နေရာများကိုလည်း ပြင်ဆင်ပေးထားကာ ဌာနဆိုင်ရာ ပြခန်း (၁၆)ခန်း၊အရောင်းပြခန်း (၇)ခန်း၊ ပျိုးပင်အရောင်းဆိုင် (၁၈)ဆိုင်တို့ ပါဝင်ခင်းကျင်းပြသသွားမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း လာရောက်လေ့လာလည်ပတ်သည့် မိဘပြည်သူများကို ပျိုးပင်များကို လက် ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပန်းဥယျာဉ်နဲ့ ကစားကွင်းများဌာနကနေ သိရပါတယ်။
ဒီနှစ် ၂၀၂၆ ပြိုင်ပွဲမှာ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံပန်းမန်ပြိုင်ပွဲ အမျိုးအစား (၂၄)မျိုးကိုကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားလိုက် ပထမဆု ငွေကျပ်၃၀၀၀၀၀၊ ဒုတိယဆု ငွေကျပ်၂၀၀၀၀၀၊ တတိယဆု ငွေကျပ်၁၅၀၀၀၀၊ နှစ်သိမ့်ဆု ငွေကျပ်၅၀၀၀၀ စီချီးမြှင့်မည်ဖြစ်ပြီးဆုအများဆုံးရရှိသည့် ပြိုင်ပွဲဝင်ကို တံခွန်စိုက်ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ – ရှိုင်းအောင် (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW