ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်မှာ ဗုံးကျရောက် ပေါက်ကွဲကာ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်တို့ သေဆုံးပြီး နောက်ထပ် လူကိုးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့ လေကြောင်းတိုက်ခိုက်မှုကတော့ ဝေသာလီဟိုတယ်ဝန်းထဲကို ကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် သုံးယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ကျောက်တော်မြို့က လေးယောက်ပွဲချင်းပြီးဆုံးတယ်။ ကိုးယောက်ဒဏ်ရာကတယ်။မြောက်ဦးမှာဆိုရင် ဝေသာလီဟိုတယ်ဆိုတဲ့နေရာကို ပစ်ခတ်တာရှိတယ်။အဲဒီမှာ ခြံစောင့်လုပ်နေတဲ့ စစ်ရှောင်မိသားစုသုံးယောက် သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရက လေးယောက် ၊ ငါးယောက်လောက် ရှိမယ်ယူဆတယ်။စာရင်းတိကျတော့ မရသေးဘူး။ ” လို့ စစ်ရှောင်တွေကို ကူညီနေသူ တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်ကလည်း ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ် ။
၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာ ၂၉ ရက်နေ့ ၊ ည၈ နာရီလောက်ကလည်း ရခိုင်ပြည်နယ် ထဲက AA ထိန်းချုပ်ဒေသ ဖြစ်တဲ့ သံတွဲမြို့နယ် ၊ငပလီမြို့ ၊ လင်းသာရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီး ခုနှစ်ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ ၁၅ ယောက်လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ၊ ငလုံးစုရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေဆုံးကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် မှာ လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၆ ယောက် ရှိခဲ့တယ် လို့ သိရပါတယ်။
ဓာတ်ပုံ – ဝေဟင်အောင်
