ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆
GG (VOM)
ဖားကန့်မြို့နယ်၊တောင်ပြိုကျေးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ၊ မနက်ပိုင်းက ကလေးငယ်လေးယောက်ဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်နဲ့ ဆော့ကစားရာကနေ မိုင်းပေါက်ကွဲပြီး တယောက်သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ကလေးတွေဟာ အမှိုက်ပုံကနေ ကောက်ယူလာတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်ကို ဆော့ကစားခဲ့တာကြောင့် ပေါက်ကွဲပြီး ကလေးတယောက် ပွဲချင်းပြီးသေဆုံးကာ ကလေးသုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ကလေးငယ်သုံးယောက်ထဲမှာ တယောက်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။
” ဒဏ်ရာရတဲ့အထဲက ကလေးမလေးက ခေါင်းနောက်ကနေ လက်နက်စ ထိမှန်ဝင်သွားတယ်။ ကောင်လေးကတော့ ဒဏ်ရာပိုများတယ်။ စိုးရိမ်ရတယ်။ကျန်တဲ့တယောက်ကတော့ ဖားကန့်မှာပဲ ဆေးကုနေတယ် ။ သူက မစိုးရိမ်ရပါဘူး ။ ကလေးတွေက မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကို ယူဆော့ ရာကနေ ပေါက်ကွဲတာလို့ သိရတယ်။ ” လို့ မြေပြင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲက စိုးရိမ်ရတဲ့ အသက် ၈ နှစ်အရွယ် မနန်းခိုင်စိုး နဲ့ အသက် ၁၁ နှစ်အရွယ် မောင်ဦးကိုလင်းတို့ကို ဆေးကုသဖို့အတွက် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုမှာ သေဆုံးခဲ့တဲ့ ကလေးငယ်က အသက် ၈ နှစ်အရွယ် ရခိုင်တိုင်းရင်းသား ကလေးငယ်ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တောင်ပြိုကျေးရွာဟာ KIA နဲ့ PDF တပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်က နှစ်ခြင်းအသင်းတော်မှ သင်းထောက်ဆရာ ဦးလပျော်ဇေခေါင် ဆိုသူဟာ မှော်ဝမ်း ရေအေးချောင်ဘက်ကို လမ်းလျှောက်စဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ ဇန်နဝါရီ ၃၁ ရက်ကစပြီး တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာခြင်းနဲ့အတူ ရပ်ကွက်နဲ့ ကျေးရွာတွေ ၊စာသင်ကျောင်း အပါအဝင် နေရာတချို့ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူသေဆုံးနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မနောမေတ္တာအသင်း
