ဝက်လက်နယ် အရှေ့ခြမ်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၃ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် (အရှေ့ခြမ်း) မှာ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ဝက်လက်မြို့ကို ပြန်လည် စိုးမိုးနိုင်ရေး လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကလည်း ဝက်လက်နယ်အတွင်းရှိ သစ်ဆိမ့်ရွာကို ကျောက်မြောင်း ခြေလျင်တပ်ရင်း (ခလရ – ၁၂) တပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သစ်ဆိမ့်ရွာကနေ လက်နက်ကိုင်တပ်တွေ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
“ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ မနက်ပိုင်း တိုက်ပွဲဖြစ်စဉ်ကတော့ အစိုးရစစ်ကြောင်းက သစ်ဆိမ့်ရွာနားက ဒေသတွင်း လက်နက်ကိုင် တပ်တွေရဲ့စခန်းကို ထိုးစစ်ဆင်ပြီး ဝင်ရောက် စီးနင်းခဲ့တာပါ။ ဒရုန်းတွေရော၊ လက်နက်ကြီးတွေရော တရစပ် သုံးခဲ့တာ။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်ခဲ့တယ်။ နောက်ပိုင်း အင်အား ဘယ်လိုမှမမျှ ဖြစ်လာတော့ သစ်ဆိမ့်ရွာကနေ လက်နက်ကိုင်တပ်တွေ ဆုတ်ခွာပေးလိုက်ရတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

ကျေးရွာကြီးတရွာဖြစ်တဲ့ သစ်ဆိမ့်ရွာကို ၂၀၂၁ ခုနှစ်ကတည်းက လက်နက်ကိုင်တပ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီရွာမှာ တိုက်နယ် ရဲစခန်းလည်းရှိကာ မန္တလေး – ကျောက်မြောင်း ရေလမ်းကြောင်းအတွက် အရေးပါတဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။
သစ်ဆိမ့်ကျေးရွာကို ရရှိပြီးနောက် အစိုးရတပ်တွေဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အဲဒီရွာထဲကနေ ရေဖြူလမ်း (ဗျူဟာလမ်းပိုင်း) ကို ထွက်လာချိန် လက်နက်ကိုင်တပ်တွေက ကြားဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်တွေဘက်ကလည်း ဒရုန်းအသုံးပြု တန်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ဝက်လက်နယ်နဲ့ ထိစပ်နေတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ထားသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲ အခြေအနေကြောင့် ဝက်လက်နယ်က ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ရေကမိုး၊ ထုံးဘို၊ ရှားကွဲ၊ သစ်ဆိပ့်၊ ကူကြီး၊ ငါးပတ်ချောင်း၊ သရက်ပင်၊ ရေလည်မော်၊ မှော်ဦး၊ ကမ်းဖြူ၊ ရွာသာ၊ ရွာသစ် အစရှိတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဝက်လက်နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းက ဘုတလင်၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး အစရှိတဲ့ မြို့တွေအပါအဝင် တခြားသော မြို့နယ်တချို့မှာလည်း စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဘုတလင်မြို့မှာလည်း ဒေသတွင်း လက်နက်ကိုင် တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လကုန်ပိုင်းကစပြီး မြို့ကို ရရှိနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသလို ခင်ဦးမြို့မှာလည်း ရွှေဘို – မြစ်ကြီးနားလမ်းတလျှောက် စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
ဒါအပြင် တန့်ဆည်နဲ့ ကန့်ဘလူနယ် သဖန်းဆိပ်ဆည်နားက ကျေးရွာချို့ကိုလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတာကြောင့် စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေအရဝက်လက်၊ ရွှေဘိုနယ် အရှေ့ခြမ်း အပါအဝင် ခင်ဦး အရှေ့ခြမ်း ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်း တချို့ကို နှစ်ဖက်တပ်ဖွဲ့တွေက ပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“အခုလို လမ်းပိုင်းတွေ ပိတ်ထားတော့ အစိုးရတပ် စိုးမိုးထားတဲ့ ကန့်ဘလူ၊ ကျွန်းလှ၊ ဇီးကုန်းမြို့တွေမှာ ကုန်စည် ပြတ်တောက်တာတွေ ဖြစ်လာနေပြီ။ ဒါကြောင့် အစိုးရတပ်ဘက်က လမ်းပိုင်း ပိတ်ဆို့တဲ့အခြေအနေကို ဖယ်ရှားနိုင်ဖို့ လေကြောင်းကတဆင့် ဖိအားပေးတာတွေ ပိုပြီး လုပ်လာနိုင်တယ်။ လက်ရှိမှာကို အဲဒီလမ်းပိုင်းမှာ ကင်းထောက် လေယာဉ်တွေ မကြာခဏ ဝဲနေတာကို တွေ့နေရတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းနဲ့ ကွင်းလမ်းတွေကို အသုံးပြု သွားလာနေကြသူတွေ အနေနဲ့ အခုရက်ပိုင်းအတွင်း လေကြောင်း အန္တရာယ်ကို အထူး သတိပြုကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW