ဆူးငှက်
စက်ဘီး စတင်စီးဖြစ်ခြင်း
————————–
ကျွန်တော် ၁၀တန်းရောက်သည်အထိ စက်ဘီးကို ဖြစ်ဖြစ်မြောက်မြောက် မစီးတတ်သေးပါ။ အိမ်မှာကလည်း မမခင်ဝင်းစီးခဲ့သည့် ညွန့်ပေါင်း မိန်းမစီးဘီးပဲရှိသည်။ အဲ့သည် ဘီးကလည်း မမခင်ဝင်း မစီးဖြစ်ကတည်းက အိမ်ကြားမှာ ထိုးထားတော့ လေလျော့ ကျွတ်ပေါက် တာယာကွဲ စပုတ်ကြိုး ချိန်းကျ ဇက်ချောင် ဖြစ်နေသည်။ ၉တန်းစာမေးပွဲ ဖြေအပြီး ကျောင်းပိတ်တော့ ကျွန်တော်က ထိုစက်ဘီးကြီးကို ပြင်ပြီး စီးကြည့်ချင်သည်။
ထို့ကြောင့် ဝင်းပေါက်ရှိ ကိုစံမြ စက်ဘီးပြင်ဆိုင်မှာ ချေးဆေးပြီး ကျွတ်ဖာ တာယာချုပ်ဖို့ အပ်လိုက်သည်။ ကိုစံမြက စက်ဘီး ကြည့်ပြီး အတော်စိတ်ပျက်သွားသည်။ “မင်းစက်ဘီးက ကျွတ်အသစ် တာယာအသစ်လဲမှ ကောင်းတော့မှာကွ” တဲ့။ ကျွန်တော် ခေါင်းကုပ်ရပြီ။ “ ကျွတ်တွေ တာယာတွေက မလဲလို့ မရဘူးလားဗျာ” ဟု ဆိုတော့ ကိုစံမြက “ ဒီလိုလုပ်ကွာ၊ ကျွတ်ကိုလည်း ဖြတ်ဆက်လိုက်မယ်။ တာယာကိုလည်း ကွန်ပေါင်း လုပ်လိုက်မယ်” တဲ့။ ကျွန်တော်က ထိုလုပ်ငန်းစဉ်ကို မသိ။ ထို့ကြောင့် “ ပိုက်ဆံအများကြီး မကုန်ရင် ပြီးတာပဲဗျာ” ဟု ဆိုကာ စက်ဘီးကို အပ်ခဲ့သည်။
မကြာပါ။ စက်ဘီးက နောက် တစ်ပတ်အတွင်းမှာပဲ ရပါသည်။ စက်ဘီးက ချေးလည်း ဆေးကာ အစစ ပြင်ဆင်လိုက်လို့ သပ်သပ်ရပ်ရပ် တောင့်တောင့်တင်းတင်း တွေ့ရသည်။ တာယာကလည်း အသစ်ကဲ့သို့ ပန်းတွေ တင်း၍ မည်းနက်နေ၏။ နောက်မှ သိရသည်မှာ တာယာကွန်ပေါင်းလုပ်သည် ဆိုတာက မူလ တာယာအဟောင်းကို အပေါ်က ရာဘာပန်းအသစ်တွေ ထပ်ပိုးတင်ကာ ဆေးသုတ်ထားခြင်း ဖြစ်သည်။ ထိုသို့ တာယာကွန်ပေါင်းလုပ်သည်ဆိုသည့် အပေါ် ကျွန်တော်က မသိသော အခါ စနေနေ့ဆိုလျှင် ညပိုင်း၌ အမြဲလာပြီး ကျွန်တော်ရယ် စာရေးကြီး ကိုဌေးအောင်ရယ်နှင့် သူရယ်နှင့် ၃ဦးသား လက်ဖက်ရည်ဆိုင်ထိုင်ရင်း စာအုပ်တွေအကြောင်း အမြဲပြောသည့် အစ်ကို ဝမ်းကွဲတစ်ယောက်ကို မေးကြည့်လို့ သူကရှင်းပြခြင်း ဖြစ်သည်။
တာယာပေါင်းတင်ခြင်း လုပ်ငန်းစဉ်ထက် သူက ထပ်မံ ဖြည့်စွက်ပြောသော စကားတွေက စဉ်းစားစရာတွေ ဖြစ်ကာ နောက်ပိုင်း အခုအချိန်ထိဆိုပါတော့ ထိုစကားများက အမှတ်ရဖွယ် ဖြစ်ပါ၏။ သူက “ တာယာပေါင်းတင်တယ်တို့ လုံချည်ဟောင်း ထဘီအဟောင်းတွေ ဆေးဆိုးပန်းရိုက်တယ်တို့ ဆိုတာ တိုင်းပြည်က ခေတ်နောက်ကျနေလို့ပဲကွ၊ ဒီလုပ်ငန်းတွေ အလုပ်ဖြစ်နေတယ်ဆိုရင် တိုင်းပြည်က ဆင်းရဲနေလို့ပဲ” တဲ့။
ထောက်ခံ လုပ်အားပေးတဲ့
—————————–
မှတ်မှတ်ရရ ထိုစဉ်ကာလက ကျွန်တော်တို့ ဝင်းပေါက်ရှေ့ရှိ ၂၉လမ်းကို ပြုပြင်ရန်အတွက် လမ်းဘေးမှာ ကျောက်များပုံထားသည်။ တစ်ညသား ရောက်သောအခါ ရလက လူကြီး ဦးပုက ရပ်ကွက်အတွင်း ယောက်ျား မိန်းမ လူငယ် လူလတ်များကို စုပြီး ပုံထားသော ကျောက်များကို လမ်းပေါ် ဖြန့်ခင်းသည့် အလုပ်ဖြင့် လုပ်အားပေးစေ၏။ သမဝါယမဆိုင်ရှေ့က ကျောက်သင်ပုန်းကြီးကိုလည်း ဓာတ်တိုင်အောက် ထောင်ကာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အား ကြိုဆို ထောက်ခံသည့် လမ်းခင်း လုပ်အားပေးပွဲ၊ သီရိဟေမာအရှေ့ရပ်ကွက်၊ အမှတ် ၂ နယ်မြေ” ဟု မြေဖြူနှင့် စာလုံးကြီးများ ရေးထားသည်။
ထိုညက တစ်ရပ်ကွက်လုံး ထွက်၍ အိမ်ရှိ တောင်း ခြင်း ဇလုံဟောင်းပါမကျန် ယူလာကြကာ ပေါက်တူးပေါက်ပြား ဂေါ်ပြားများဖြင့် လမ်းခင်းကြသည်။ ထိုသို့ လုပ်အားပေး လမ်းခင်းစဉ် မြူနီစီပါယ်က အလုပ်သမား ခေါင်း ဆိုသည့် အသက်ကြီးကြီး လူတစ်ယောက်က ဘယ်နား ကျောက်ချ ဘယ်နားဖြင့် ရပြီ ဘယ်နားက ထပ်ဖြည့်လိုက်ဦးဆိုကာ တဘက်ကြီး ခေါင်းပေါင်းပြီး လမ်းလျှောက်ရင်း ညွှန်ကြားနေ၏။
တချို့နေရာများတွင် သူကိုယ်တိုင် ကျောက်တွေချ ကျောက်ပုံကိုညှိ လုပ်ကိုင်ပေးနေသည်။ ထိုညက ၁၁နာရီလောက်မှ လမ်းပေါ် ကျောက်ဖြန့်လို့ ပြီးသွားသည်။ အားလုံပြီးကြတော့ ဒေါင်းရိုး အရှေ့ထိပ်ရှိ ဖရဲသီးသည်များက ဖရဲသီးတွေခွဲပြီး လင်ပန်းများနှင့် ရွက်ကာ လိုက်လံ ကျွေးတော့သည်။ နောက်ရက်ရောက်မှ လမ်းကြိတ်စက်ကြီး ရောက်လာ၏။ ကျွန်တော်က ထူးခြားလှသော လမ်းကြိတ်စက်ကြီးကို တအံ့တသြ ကြည့်နေမိသည်။ လမ်းကြိတ်စက်ကြီးက မီးရထားစက်ခေါင်းကြီးနှင့် တူလှ၏။ မနက်အစောကြီးရောက်လာပြီး မနေ့ညက တဘက်ပေါင်းနှင့် လူကြီးကပဲ ထင်းမီးတွေ ထပ်ထိုးသည်။ လမ်းကြိတ်စက်ကြီးက ရေနွေးငွေ့ အင်ဂျင်နှင့် မောင်းသည့် စက်ကြီးလေ။ မနက် ၈နာရီလောက်မှ အလုပ်သမားတွေ အလျှိုအလျှိုရောက်လာကာ မနေ့ညက ခင်းထားသော ကျောက်တွေ ညှိကြ ဖြည့်ကြ နှုတ်ကြသည်။ ထိုသို့ လုပ်ကိုင်နေစဉ်လည်း တဘက်ပေါင်းနှင့် လူကြီးကပဲ ကြီးကြပ်နေ၏။ မကြာမီ လမ်းကြိတ်စက်ကြီးက မီးပေါင်တက်လာလို့ တဝုန်းဝုန်းနှင့် မောင်းနှင်ကာ လမ်းပေါ်ကကျောက်များကို ကြိတ်တော့သည်။
နေ့ခင်းလောက် အလုပ်ခဏနားစဉ် ကား၃စီးလောက်ရောက်လာပြီး ကြိတ်ထားသော လမ်းပေါ် ဂျင်းကျောက်ပါသော မြေနီတွေ လာပုံ၏။ နောက်ရက်မှာ ထိုမြေနီများကို လမ်းပေါ်ဖြန့်ခင်းကာ လမ်းကြိတ်စက်ကြီးနှင့် တဝုန်းဝုန်း ကြိတ်ပြန်သည်။ ချုပ်၍ ဆိုရသော် ၂၉လမ်းကို အနောက် မိကျောင်းတံတားက အရှေ့ရွှေတချောင်းထိ လမ်းခင်း၍ ပြီးပြီဆိုပါစို့။ ထိုလမ်းက ယခင် ကျင်းတွေ ချိုင့်တွေ ဖြစ်နေသည့် ကတ္တရာလမ်းပေါ် ကျောက်ပြန်တင်ပြီး မြေနီနှင့် ခင်းသည့် လမ်းဖြစ်သည်။ ကတ္တရာ တစ်စက်ပင်မပါရှိပေ။ နောက်ရက်များမှာ ထိုတဘက်ပေါင်းနှင့် လူကြီးကပဲ ရေပုံးလေးတစ်လုံးနှင့် လမ်းဘေး ရေမြောင်းထဲက ရေကို ခပ်ကာ လမ်းပေါ် ပက်ပေးတာ ၃ရက် ဆက်တိုက်လောက်ပါပဲ။
ဘာပဲပြောပြော ခင်းပြီးစ လမ်းကတော့ အရင်လို ကျင်းချိုင့်တွေ မရှိဘဲ ဖြူးလို့ ဖြောင့်လို့။ ညတိုင်ရောက်လျှင် လမ်းမီးတိုင်အောက်မှာ ဖြူးနေသော လမ်းပေါ် ကလေးတွေက ပျော်ပျော်ရွှင်ရွှင် ကစားကြတာပေါ့။ ကျွန်တော်ကတော့ ကိုစံမြ ပြင်ပေးထားသည့် စက်ဘီးကို တစ်ညတွင် အိမ်က တွန်းထုတ်ပြီး လမ်းမတန်းသွားသည်။ စက်ဘီးတွန်း ထုတ်သွားတော့ အိမ်က အဘရော အမေရော အံ့အားသင့်နေ၏။ ကျွန်တော် စက်ဘီးစီးတာ တစ်ခါမှ မမြင်ဖူးလို့လေ။
တံတားဆို မှောင်ခိုမလျှောက်နဲ့ကွယ်
—————————————-
ဟုတ်သည်။ ကျွန်တော်ကလည်း အခု တွန်းထုတ်သွားပြီး စီးမည့် စက်ဘီးစီး အတွေ့အကြုံက ပထမဆုံးပဲလေ။ သို့သော် သူများစက်ဘီးပေါ် က နှစ်ပေါင်း ဆယ်ချီကြာ လိုက်ခဲ့သော အတွေ့အကြုံအရ ကျွန်တော် စက်ဘီးစီးတတ်မည် ဆိုတာ ယုံကြည်သည်။ ထို့ပြင် ဟိုငယ်စဉ်ကတည်းက စက်ဘီးစီးတတ်နေသော သူငယ်ချင်း သောင်းထွန်းပြောဖူးတာကို ကျွန်တော်က သေချာ မှတ်ထားသည်။
သူက စက်ဘီးစီးရင် ရှေ့ပဲ တည့်တည့်ကြည့်ကွ၊ ဘာမှ မစဉ်းစားနဲ့၊ ဖြစ်နိုင်ရင် သီချင်းလေးတစ်ပုဒ်ဆိုပြီး နင်းသွား၊ သူ့ဟာသူ ဖြောင့်နေတာပဲ။ အေး.. နင်းတာ အဆင်ပြေရင် နင်းရင်းနဲ့ ရှေ့မှာ သစ်ရွက်လေးတွေ့ရင် အဲ့ဒီ သစ်ရွက်ပေါ် တက်နင်းမယ်လို့ ဆုံးဖြတ်ပြီး လက်ကိုင်ကို သစ်ရွက်ပေါ်နင်းအောင် လေ့ကျင့်ယူ၊ ဒါဆိုရင် စက်ဘီးစီး ကျွမ်းသွားမှာ” ဟု ပြောသည့် စကားဖြစ်သည်။
ထို့ကြောင့် စက်ဘီးကို ဝင်းပေါက်သို့တွန်းကာ အသစ်ခင်းထားသည့် လမ်းပေါ်အရောက် ခြေနင်းကွင်းပေါ် ခြေထောက်တင်၍ အရှိန်နှင့် တွန်းကာ တက်သည်။ လဲမလိုဖြစ်သွားချိန် ခြေနင်းကွင်းပေါ် နောက်ခြေတစ်ဘက် ရောက်သွားပြီး ခါးကို မတ်လိုက်တော့ တည့်တည့် ထွက်သွား၏။ မလဲတော့၊ သည်တွင် သောင်းထွန်း သင်ခန်းစာအရ ရှေ့ပဲ တည့်တည့်ကြည့် ဖြစ်နိုင်ရင် သီချင်းလေး ဆိုပြီးနင်း ဟူသည်ကြောင့် ကျွန်တော်က သီချင်းလေးတစ်ပုဒ် ငြီးလိုက်သည်။
ကျွန်တော်ငြီးသည့် သီချင်းက အစအဆုံးမရဘဲ ထိုနေရာပဲရကာ ထပ်ကာထပ်ကာ သီဆိုနေပါ၏။ ဘာတဲ့ “စကားဆို တောင်လို မမောက်နဲ့၊ တံတားအို မှောင်ခိုမလျှောက်နဲ့ကွယ်” တဲ့။ ဘယ်က ဘယ်လို နှုတ်ဖျားရောက်လာသည့် သီချင်းလည်း မသိတော့။ သီချင်းလေး တအေးအေး ခါးလေး စောင်းတောင်းတောင်းနှင့် နင်းသွားလိုက်တာ ဒေါင်းရိုး အရှေ့ထိပ် မဏ္ဍပ်ဆရာနွဲ့ တိုက်ရှေ့ထိ ရောက်သည်။ ကိုင်း ဘာခဲယဉ်းလို့လဲ၊ စက်ဘီးနှင့် ပထမဆုံးထိတွေ့သည့် နေ့မှာပဲ စက်ဘီးစီးတတ်ပြီ မဟုတ်လား။
မထူးတော့ ရှေ့ထိ ဆက်နင်းဦးမည် ဆိုကာ ရှေ့အဆက် ရေချို ဦးအေးမောင်တိုက် မရောက်မီ ရွှေတချောင်းတံတား အတက်ရောက်တော့ ရှေ့မှာ ချယ်ဂါလီ တစ်စင်းက ကန့်လန့်ခံနေလို့ ဘရိတ်အုပ်ရပ်ပြီး စက်ဘီးပေါ်က ဆင်းလိုက်မှ နောက်မှာ ကယ်ရီယာကိုင်၍ ထိန်းရင်း ယောက်ဖဖြစ်သူ ကိုသိန်းမောင် လိုက်ပါလာတာ တွေ့လိုက်ရ၏။
လမ်းတလျှောက် စက်ဘီးနောက်က လိုက်ကာ ထိန်းကိုင်ပေးသည့် ကိုသိန်မောင်က “မင်းက စက်ဘီးတွန်း ထွက်သွားတော့ မင်းအဘက ငါ့ကို လိုက်သွားပါဦးကွာ၊ ဒီကောင် မစီးတတ်ဘဲ တွန်းထွက်သွားတာ ဆိုလို့ ငါလိုက်လာတာ၊ မင်း စက်ဘီးပေါ်အတက် လဲမလို ဖြစ်ကတည်းက ငါက မလဲအောင် နောက်က ထိန်းကိုင်ရင်း လိုက်လာတာ” တဲ့။ ကဲ..။
မာရဂျမ်းတိုက်ရှေ့မှာ
————————
နောက်ရက်ကျတော့ မနက်ပိုင်း ကျွန်တော်က စက်ဘီးလေး တသသ လုပ်နေသော အခါ ကိုမောင်ဒွေးက လာကွ မြို့ထဲ တစ်ပတ်လောက် စီးကြည့် ဒါမှ မင်းစီးရဲမှာ ဟု ဆိုပြီး သူက သူ့စက်ဘီးနှင့် ရှေ့ကနင်း ကျွန်တော်က နောက်က ကျွန်တော့် စက်ဘီးနဲ့ လိုက်ပေါ့။ သည်လိုနဲ့ နင်းလိုက်ကြတာ ၂၉လမ်းအတိုင်းတက် ၈၄လမ်းကျ မြောက်ချိုး နာရီစင်ကျ အရှေ့တက် ပေါ့လေ။ နာရီစင်က အရှေ့အတက် မြောက်ဘက် တိုက်တန်းအဆင်းကို ကျော်၊ မာရဂျမ်းတိုက်ရှေ့ မှတ်တိုင်မှာ ရပ်နေတဲ့ ဘတ်စ်ကားကို မြောက်ဘက်က ပတ်ပြီး ကျော်တက်လိုက်တာပေါ့။
ရှေ့ ၈၃လမ်းရောက်တော့ ဘတ်စ်ကား ဒရိုင်ဘာက ခေါင်းပြူပြီး ဘတ်စ်ကား စထွက်မယ့်အချိန် နောက်က ကျော်တက်လို့ ဆဲလိုက်တာ မိုးမွှန်လို့၊ သေသွားချင်လား၊ ကားအောက် ရောက်သွားလို့ ပေါက်တူးနဲ့ ခြစ်ယူရမယ် ဘာမှတ်လဲ စတဲ့ စကားတွေက လမ်းပေါ် ဆူညံသွားသည်။ ကားပေါ်က ပါစင်ဂျာတွေကလည်း ဘာမှတ်လဲ သေသွားချင်လား ဟူသော အကြည့်များနှင့် ဝိုင်းကြည့်ကြသည်။ ကိုမောင်ဒွေးက ရှေ့ရောက်သွားလို့ ကြားမှာမဟုတ်။ ကျွန်တော်လည်း ကြောက်တာရော ရှက်တာရောနှင့် ချွေးနစ်သွားတော့သည်။
ထို့ကြောင့် ကျောင်းသို့ စက်ဘီးနှင့် တက်မည်ဟူသော အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက် ရပါကြောင်း။
ဘတ်စ်ကားနှင့် ကျောင်းတက်မယ်
———————————–
ထိုစဉ်ကာလ မန္တလေးမှာ ဘတ်စ်ကားလိုင်း ၁၁ လိုင်းရှိနေပါပြီ။ လိုင်းများကို နံပတ်များနှင့် မှတ်သားထားသည်။ ၁ မှ ၁၁ အထိပေါ့။ မန္တလေးသားများက အချို့ကားလိုင်းများကို သူတို့၏ ထင်ရှားသည့် အမှတ်အသားများနှင့် ပြောဆိုကြသည်။ ဥပမာ – အမှတ် ၁၊ ၂၊ ၃ လိုင်းဆိုလျှင် ကားအားလုံးက ဆင်တူ အပြာရောင်မို့ ကားပြာလိုင်းတဲ့။ အမှတ် ၄၊ ၅ ဆိုလျှင် အနီရောင် ကားများမို့ ကားနီလိုင်းတဲ့။ သူက အသင်းတံဆိပ်မှာ ကျားခေါင်း တံဆိပ်ပါသောကြောင့် ကျားခေါင်းလိုင်းဟု လည်း ခေါ်ကြသည်။ အမှတ် ၇ လိူင်းကျ အဝါရောင်ကားတွေမို့ ကားဝါလိုင်းဟု ခေါ်ကြ၏။ ထို့ပြင် ပြေးဆွဲသော နေရာကို အမှတ်အသားပြ၍ ခေါ်ဆိုကြသည်လည်း ရှိပါသည်။ ဥပမာ – အမှတ်၈လိုင်း ဆိုပါစို့။ သူက အမရပူရနှင့် ပြေးဆွဲ သောကြောင့် တောင်မြို့လိုင်းဟု ခေါ်သည်။
တောင်မြို့ဆိုသည်မှာ အမရပူရကို မန္တလေးသားများ ခေါ်ဆိုသည့် အမည်ဖြစ်သည်။ မင်းတုန်းမင်းက မင်းနေပြည်ကို အမရပူရမှ မန္တလေးသို့ ပြောင်းရွှေ့ကာ မြို့သစ်နန်းသစ် တည်သော အခါ မန္တလေးသို့ ပြောင်းရွှေ့ နေထိုင်သူတွေက အမရပူရကို မန္တလေး၏ တောင်ဘက်မှာ ရှိသောကြောင့် တောင်မြို့ဟုခေါ်ကြသည်။ တချို့ကတော့ မြို့ဟောင်း တဲ့။ တစ်ခါ အမှတ်၉လိုင်းကားက မတ္တရာနှင့် ပြေးဆွဲတာမို့ မတ္တရာလိုင်းဟု ခေါ်ကြသည်။ အမှတ်၁၁ကျ မန္တလေး ကျောက်ချောမို့ ကျောက်ချောလိုင်းတဲ့။ ထိုသို့ မြို့အမည်နှင့် ပြောသော လိုင်းတွေက ထိုမြို့သို့ သူတစ်လိုင်းသာ ပြေးဆွဲသောကြောင့် ဖြစ်သည်။
ထိုစဉ်ကာလ ပြေးဆွဲကြသည့် ၁၊ ၂၊ ၃ ကားပြာက အောင်တော်မူ ရှမ်းစု၊ ဂေါဝိန် တံခွန်တိုင်၊ စိန်ပန်း တက္ကသိုလ် တို့ ပြေးဆွဲသည်။ အမှတ် ၄၊ ၅ ကားနီက မန္တလေးတောင်၊ ပုသိမ်ကြီး၊ ဈေးချို ပေါ့။ အမှတ် ၆ က ကျောက်သပိတ် ဘုရားကြီး၊ အမှတ်၇ကားဝါက သာသနာ့ဗိမာန် အိုးဘို၊ အမှတ်၈က အမရပူရ၊ အမှတ်၉က မတ္တရာ၊ အမှတ်၁၀က ဗြစ်စက် ဗာကင်၊ အမှတ်၁၁က ကျောက်ချော စသည်တို့ ဖြစ်သည်။ လိုင်းကား အားလုံးလိုလိုက ဈေးချိုကို ဖြတ်ပါသည်။ နောက်တော့ မြို့ဧရိယာ ကျယ်လာသည်နှင့် အမျှ လိုင်းကားများကလည်း သူတို့၏ ပြေဆွဲမှု လမ်းကြောင်းနှင့် ဂိတ်များကိုလည်း ပြင်ဆင်ခဲ့ကြပါ၏။ ထို့အတူ ဂိတ်သစ် လိုင်းသစ်များလည်း ပေါ်ပေါက်လာရာ အသစ်တိုး လိုင်းများက နံပတ်နှင့် မဟုတ်တော့ဘဲ နာမည်များနှင့် ဖြစ်လာပါသည်။ ဥပမာ- စစ်မန်းဧရာ၊ အောင်စစ်သည် စသည်များပေါ့။
ကျွန်တော်က ကျောင်းသို့ စက်ဘီးနှင့် သွားဖို့ အစီအစဉ်ကို မဖြစ်နိုင်သေးတော့ ဘတ်စ်ကားနှင့် သွားလျှင်အဆင်ပြေသည်။ သူငယ်ချင်းအတော်များများကတော့ တချို့ကလည်း စက်ဘီး၊ တချို့ကလည်း ခြေကျင် တချို့ကလည်း အိမ်ကလိုက်ပို့နှင့် အဆင်ပြေသလို သွားနေကြသည်။ အရင်လို လူစုပြီးမှ တစ်အုပ်တမကြီး မသွားကြတော့။ ထို့ကြောင့် ကျွန်တော်လည်း အဆင်ပြေသလိုပေါ့။ ကျောင်းသို့ ဘတ်စ်ကားနှင့် သွားလျှင် အဆင်ပြေဆုံးက အမှတ်၇ ကားဝါဖြစ်ပါသည်။ ထိုစဉ်က ကားဝါသည် မလွန်သာသနာ့ဗိမာန်မှာ ဂိတ်ထိုးပြီး ထိုမှ မြောက်သို့ ၈၅လမ်းအတိုင်း လာကာ ၂၉လမ်းအရောက် အရှေ့တက်သည်။ ထိုမှ ၈၄လမ်းအတိုင်း ဈျေးချိုကို ဖြတ်၍ ၂၆ဘီလမ်းတွင် အရှေ့ချိုးပြီး ၈၁လမ်း လေကြောင်းရုံးရောက်တော့ မြောက်သို့ ပြန်ချိုးသည်။ ထိုမှ မြောက်ပြင်ကိုဖြတ်ပြီး အိုးဘိုမှာ ဂိတ်ဆုံးသည်။ ထို့ကြောင့် ကျွန်တော်က အိမ်မှသည် ၈၅လမ်းအထိ ခြေကျင်လျှောက်၊ ၈၅လမ်း ဦးကာက လက်ဖက်ခြောက်တိုက် မှတ်တိုင်က ကားဝါတက်စီး၊ ၈၁လမ်း ကျောင်းအနောက်ပေါက် ရောက်တော့ ဆင်းရုံပဲပေါ့။
ဘတ်စ်ကားစီးဖော်
———————-
အိမ်ကနေ ၈၅လမ်းအထိက ၄ပြလောက် လမ်းလျှောက်ပြီး ဦးကာက လက်ဖက်ခြောက်တိုက် မှတ်တိုင်မှာ ကားစောင့်တော့ အများစုက ကျောင်းသူကျောင်းသားတွေပဲ ဖြစ်သည်။ ၈၁လမ်းနှင့် ၂၃လမ်းထောင့်အထိ စီးကြမည့်သူများတွင် ကျောင်းသားနည်းပြီး ကျောင်းသူက များသည်။ အမှတ်၄၊ အမှတ်၈၊ အမှတ်၁၁ ကျောင်းများက ကျောင်းသူတွေ ဖြစ်မည်။ နောက်ပိုင်း သတိထား မိတော့ အမှတ်၄ကျောင်းက ကျောင်းသူတွေက ပိုများသည်။ ထိုပတ်ဝန်းကျင်မှာ ကျွန်တော်တို့ အမှတ်၁ က ယောက်ျားလေးကျောင်း၊ ကျွန်တော်တို့နှင့် လမ်းတစ်ဖက် မှာ အမှတ် ၄ အမျိုးသမီးကျောင်း၊ နောက် ၈၂လမ်းနှင့် ၂၄လမ်းမှာက အမှတ်၈ အမျိုးသမီးကျောင်းနှင့် အမှတ်၁၁ ကျောင်းဖြစ်သည်။ အမှတ်၇ကားဝါနှင့် ထိုမှတ်တိုင် မှာ ရက်အချို့ ကားစောင့် ကားစီးကြတော့ မျက်မှန်းတမ်းမိတာလေးတွေတော့ ရှိလာတာပေါ့။ မတတ်နိုင်၊ ပြောပါရစေဦး၊
ထိုမှတ်တိုင်က ဦးကာက လက်ဖက်ခြောက်တိုက်နှင့် တောင်ဘက်က ကားလေထိုး သံဂဟေဆိုင် အစပ်မှာ ရှိသည်။ ကျွန်တော် ထိုမှတ်တိုင်သို့ ရောက်လျှင် လေထိုးဆိုင်ရှေ့က ခုံလေးမှာ ထိုင်ရင်း အမြဲတမ်းဝီရိယကောင်းစွာ ကြိုရောက်နှင့် နေသူတစ်ဦးရှိသည်။. ကျွန်တော်ကလည်း ခပ်စောစောသွားတတ်သူမို့ နှစ်ယောက်စလုံးက အခြားသူများ မရောက်ခင် ကြိုရောက်နှင့် သူချည်းမို့ တစ်ယောက်ကိုတစ်ယောက် သတိထားမိကြ၏။ သြော်.. ရောက်နေပြီလားဆိုသည့် ကျွန်တော့် အမူအရာ၊ သူကလည်း ရောက်လာပြီပေါ့လေ၊ ဒီနေ့ စောသားပဲ ဆိုသည့် အမူအရာ။ ကျွန်တော်ကလည်း နေကောင်းလား စာတွေလိုက်နိုင်လား ဟူသည့် အမူအရာ၊ သူကလည်း အပေါ်အင်္ကျီထပ်ဝတ်လာတာ နေမကောင်းလို့လား စသည့် မျက်လုံးနှင့် ပြောသည့် စကားတွေပေါ့။ ကားပေါ်ရောက်တော့လည်း စိန်ပန်းက မလွန်က စသည်ဖြင့် ဈေးချိုသွားမည့် ပါစင်ဂျာက အများဆုံးမို့ ကျွန်တော်တို့က မတ်တတ်ရပ်၍ပဲ လိုက်ရသည်။
ကားပေါ်သို့ တက်ကြတော့ တစ်ဦးကို တစ်ဦး မသ်မသာ စောင့်ခေါ်တာ၊ ကားထဲ အပေါ်တန်းကို ကိုင်ကြရတော့ လက်လေးတွေ မသိမသာ ထိနေတာ၊ ကျောင်းမှတ်တိုင် ဆင်းကြတော့ သူက အမှတ်၄ကျောင်းကမို့ အတူတူ ဆင်းဖြစ်တာ၊ သူက ၈၁လမ်းကို အနောက်ဘက် ကူးတော့ သွားတော့မယ်နော်ဆိုတဲ့ အကြည့်နဲ့ နှုတ်ဆက်တာ၊ ဒီတော့လည်း ကျောင်းသို့ ဘတ်စ်ကားနှင့် တက်ရတာက ပျော်စရာ ကြည်နူးစရာ ဖြစ်နေသည်။ အကဲခတ်ရသလောက် သူကလည်း ၁၀တန်းကျောင်းသူ ဖြစ်သည်။ အရပ်လေး နည်းနည်းပုကာ ဆံပင်က ထိုခေတ်ကာလ ခေတ်စားသော ဂျူးလီးယက်ကေ အရှည် ဖြောင့် စင်းလေး ဖြစ်သည်။ အသားလေးက အညိုဘက်သန်းသော်လည်း သနပ်ခါးလေး အမြဲလိမ်းထားလို့ ညက်နေ၏။ ရုပ်ရည်က မြန်မာဆန်ကာ အညာသူဘက်နွယ်သည်။
သူကလည်း လွယ်အိတ်ထဲ စာအုပ်တွေ အပြည့်အသိပ်ပါပဲ။ ကျွန်တော်က သူနှင့် ယှဉ်ရပ်တိုင်း အပေါ်တန်းကို ကိုင်ထားသည့် သူ့လက်လေးက မသိမသာ ထိနေပေမယ့် သနပ်ခါးရနံ့ သင်းသင်းလေး ရနေသည်အထိ မဝေးလှသော သူ့မျက်နှာကိုတော့ မကြည့်ရဲ။ ထို့ကြောင့် ခေါင်းကို ငုံ့လို့ပေါ့။ ထိုသို့ ခေါင်းငုံ့နေတိုင်း သတိထားမိတာက သူ့ကျောင်းစိမ်းထဘီလေး ဖြစ်သည်။ သူ့ထဘီလေးမှာ ရှေ့ဘက် ဘယ်ဘက် ပေါင်လယ်နားလောက်မှာ တစ်ခုခုနှင့် ညိပြီး ပေါက်သွားသည့် နေရာလေးကို အပ်ချည်စိမ်းလေးနှင့် ယက်၍ ဖာထားတာလေး ဖြစ်သည်။ အဲ့ဒီ ထဘီလေးက ၂ရက်ချာမှာ တစ်ခါတွေ့နေရတော့ သူကလေးများ ကျောင်းဝတ်စုံ များများစားစာ မရှိရှာတာ သေချာသည်။
ရွှေအိုးကြီးတွေ့သလို
———————-
ကဲဗျာ..၊ အစိုးရစစ် ၁၀တန်းဖြေမယ့် ကျောင်းသားတဲ့။ ထိုစဉ်က ၁၀တန်းစာမေးပွဲများတွင် တစ်နှစ်မှ ၆ရာခိုင်နှုန်းလောက်သာ အောင်လေ့ရှိရာ ဒီ ၆ရာခိုင်နှုန်းထဲ ကိုယ်ပါရမယ်ဟူသော သံန္နိဋ္ဌာန်အစား ကောင်မလေး ထဘီပေါက် စိတ်ဝင်တစား ဖြစ်နေတာ အခု ပြန်စဉ်းစားမှ ရှက်စရာ ကောင်းနေသည်။ ဒါတွင်လား မဟုတ်သေး။
ကျွန်တော်က ရေချိုးသွားရင်း ဦးကြီးချို အလုပ်ခုတင်ဘေးက ရှုထောင့် အိုးဝေ ပြည်သူ့ကြယ်စသော ဂျာနယ်တွေကို လှန်လှော ဖတ်နေတာ စနေနေ့ညတိုင်းလာတတ်သည့် အစ်ကို ဝမ်းကွဲက တွေ့သွားပြီး စာဖတ်ဝါသနာ ပါတာ ကောင်းတယ်။ ၈၂လမ်းက ဘုရားသုံးဆူ ဓမ္မာရုံမှာ သူတို့ ဦးဆောင်ဖွင့်ထားတဲ့ မြဝတီ စာကြည့်တိုက်မှာ အသင်းဝင်လိုက်ပါ့လား၊ အဲ့ဒီမှာ စာအုပ်ကောင်းတွေ အများကြီးရှိတယ်။ ညကျ လာခဲ့ ငါရှိတယ်တဲ့ ဆိုသောအခါ ထိုနေ့ညမှာပဲ ဘုရားသုံးဆူရှိ မြဝတီ စာကြည့်တိုက်သို့ မပျက်မကွက် သွားကာ အသင်းဝင်၍ စာအုပ်ငှားခဲ့တော့သည်။ အမလေး အဲ့ဒီမှာ ဖတ်စရာ စာအုပ်တွေက အများကြီးပါလား၊ ရွှေအိုးကြီးတွေ့သလို ဝမ်းသာလိုက်ပုံက..။
ဆူးငှက်
