ဖားကန့် နဲ့ မြစ်ကြီးနားမှာ လေ​ကြောင်းနဲ့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့် နဲ့ မြစ်ကြီးနားမြို့နယ်မှလေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖားကန့်မြို့နယ်ထဲက နေရာအများစုမှာ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန် နေတယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ(ခ)ခွန်ဆာကုန်း ရဲစခန်းကိုလည်း KIA နဲ့ PDF အဖွဲ့တွေက ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဖားကန့် ဗျူဟာကုန်းနဲ့လည်း အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ခွန်ဆာကုန်းရွာထဲမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားမှုရှိခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ အရေးပေါ် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
” မနက်အစော ၂ နာရီလောက်ကတည်းက သံစုံထုနေတာ ။ အခုတော့ ပစ်ခတ်သံ ရပ်သွားတယ်။ ခွန်ဆာကုန်းရဲစခန်းကိုဝင်တိုက်တော့ ဗျူဟာကုန်းဘက်ကလည်း လက်နက်ကြီး ဝင်ကူပစ်တယ်။ တောအဖွဲ့ကလည်း.ဗျူဟာကုန်းဘက် ပြန်ပစ်ပေါ့။ စစ်ရှောင်တဲ့သူကလည်း ရှောင်ပေါ့။ အိမ်ထဲနေလည်း မလုံခြုံတော့ဘူး ။လက်နက်ကြီးကြောက်နေရတယ် ။ ဒီနေ့မနက်ပဲ နဂါးရုံဘုရားအရှေ့မှာလည်း အိမ်စီးကားတစီး ပေါက်ကွဲမှုဖြစ်သွားသေးတယ်။ ” လို့ ဖားကန့် ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ဖားကန့် ၊တောင်ပြိုရွာမှာ မပေါက်ကွဲသေးတဲ့ မိုင်းကိုယူဆော့ရာကနေ ကလေးသုံးယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး ကလေးတ​​ယောက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း အမှိုက်ပုံရွာမှာ ဆိုင်ကယ်ဝပ်ရှော့ဆိုင်ပေါ်ကို လက်နက်ကျရောက်ပေါက်ကွဲပြီး အကိုဖြစ်သူ မီးလောင်သေဆုံးခဲ့ရပြီး ညီဖြစ်သူ ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့နယ် ၊ တာလောကြီးရွာမှာလည်း မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီး လူတယောက်သေဆုံးကာ ရှစ်ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
” ဒဏ်ရာရသူတွေကိုတော့ မြစ်ကြီးနားဆေးရုံကို ပို့ထားတယ် ။ တာလောကြီးရွာက မြစ်တဖက်ကမ်းမှာရှိတာပါ။ ” လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ တာလောကြီးရွာဟာ KIA နဲ့ PDF တပ်တွေ စိုးမိုးထားတဲ့ နေရာဖြစ် တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနား လေဆိပ်နဲ့ အနီးတဝိုက်ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က FPV Suicide Drome သုံးပြီး တိုက်ခိုက်မှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW