သန်လျင်ဂေါက်ကွင်း ရေကန်မှာ လူငယ် နှစ်ယောက် ရေနစ်သေဆုံး

ဖေဖော်ဝါရီ ၁၄ – ၂၀၂၆
SN (VOM)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သန်လျင်ဂေါက်ကွင်း ရေကန်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က လူငယ် အမျိုးသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို သန်လျင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့၊ ရွှေတောင်တန်း မီးသတ်တပ်ဝင်တွေက ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာမှာ နေ့လယ် ၂ နာရီမှာ ရုပ်အလောင်း တလောင်း၊ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ နောက်ထပ် ရုပ်အလောင်း တလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။
“ဒီကန်တွေက ဂေါက်ကွင်းထဲမှာ ရေနံချက်စက်ရုံသုံးတဲ့ ကန်တွေပေါ့။ ကန် လေးကန် ရှိတယ်။ ရေကူးခွင့် ပေးမထားဘူး။ တော်တော်လည်း နက်တယ်။ ကလေးတွေ ဆိုတော့လည်း သွားပြီး ခိုးကူးကြတာပေါ့။ ရေလည်းကြည်တာကိုး။ အဲဒီကန်တွေမှာ တော်တော်များများလည်း ခဏခဏ နစ်ဖူးကြတယ်။ အဲဒီဘက်တွေက အပြင်ကလူ တော်ရုံဆို မမြင်ရဘူး။ ဂေါက်ကွင်းဆိုတဲ့အတိုင်းပဲ။ ခြုံတွေကာထားတဲ့ ကန်ကြီးတွေဆိုတော့။ မနေ့က ဖြစ်စဉ်ကလည်း အဲဒီမှာ ဆိတ်ကျောင်း၊ နွားကျောင်းတဲ့သူတွေ မြင်လိုက်လို့သာ ရေနစ်နေမှန်း သိရတာ။ တချို့ဆို အလောင်းပေါ်မှ သိရတာတွေလည်း ရှိတယ်” လို့ သူက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၇ နှစ်နဲ့ အသက် ၂၀ အရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကို မျိုးဆက်သစ် လူမှုကူညီကယ်ဆယ်ရေး အသင်းကားနဲ့ သန်လျင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
“အခုက စာမေးပွဲတွေလည်း ပြီးတော့မယ်ဆိုတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ဂရုစိုက်စေချင်တယ်။ စာမေးပွဲ နောက်ဆုံးရက်တွေဆိုရင် ယောင်္ကျားလေး တော်တော်များများက မိဘတွေမသိအောင် များသောအားဖြင့် ရေသွားကူးတတ်ကြတာကိုး။ ဒါကြောင့် မိဘတွေအနေနဲ့ အဲဒီလိုရက်တွေကို ပိုဂရုစိုက်စေချင်တယ်။ စာမေးပွဲပြီးတဲ့အချိန်ကို စောင့်ပြီး အိမ်ပြန်ခေါ်သွားနိုင်ရင် အကောင်းဆုံးပါပဲ” လို့ သူက ပြောပါတယ်။
အခုလို ရေနစ်သေဆုံးမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ သစ်တက်ကုန်းဆည်မှာ အသက် ၁၈ နှစ်နဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားနှစ်ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း မန္တလေးမြို့၊ အနောက်ကမ်းနားလမ်း၊ ဧရာဝတီမြစ်၊ အမြောက်ဆိပ်မှာ ရေဆင်းကူးတဲ့ ကလေးငယ်တွေထဲက တယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ချောင်းဆုံတံတားအနီးမှာ ရေဆင်းကူးရင်း ရေကူးပြိုင်ရာမှ အမျိုးသား လေးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိ နိုင်ငံတဝန်းမှာ ရေကူးရာကနေ ရေနစ်သေဆုံးမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံ လှုမှုကယ်ဆယ်ရေးအဖွဲ့က ရရှိတဲ့ အချက်အလက်တွေအရ အများစုဟာ ချောင်း၊ မြစ်၊ အင်းနဲ့ ရေကန်တွေမှာ အပျော်သဘော ကူးခတ်ခြင်း၊ ရေကူးပြိုင်ခြင်းတွေကြောင့် အန္တရာယ် ဖြစ်ပွားရတာ ဖြစ်တယ်လို့ သိရပါတယ်။
မြဝတီ၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေနစ်မှုတွေမှာ လူငယ်အမျိုးသားတွေ အများဆုံး ပါဝင်နေပြီး ရေနက်ပိုင်းမှာ ရေစီးသန်ခြင်း (ဒါမှမဟုတ်) အမောဖောက်ခြင်းတို့ကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မျိုးဆက်သစ် လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW