အမြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး တယောက် သေ၊ ၁၄ ယောက် ဒဏ်ရာ ရ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၆
SS (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ မနက်အစောပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ၁၄ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်ကနေ နေပြည်တော်ကို လက်ယာဘက် ယာဉ်ကြောအတိုင်း မောင်းနှင်လာတဲ့ TOWNACE လိုက်ထရပ်အမျိုးအစား အဖြူရောင်ယာဉ်ကို လားရာတူ နောက်မှ လိုက်ပါလာတဲ့ SUZUKI SOLIO အမျိုးအစား အဖြူ‌ရောင်ယာဉ်က အမြန်လမ်း မိုင်တိုင်အမှတ် (၁၄၂/၁ – ၁၄၂/၂) ကြား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့တာလို့ သူက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီး တယောက် ဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူတွေကတော့ အမျိုးသား လေးယောက်၊ အမျိုးသမီး ၁၀ ယောက်ဖြစ်ကာ လက်ရှိမှာတော့ သေဆုံး ဒဏ်ရာရသူတွေကို တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လိုက်ထရပ် ကားပေါ်မှာ အမျိုးသား လေးယောက်၊ အမျိုးသမီး ကိုးယောက် လိုက်ပါလာတာဖြစ်ပြီး ဆူဇူကီးကားပေါ်မှာတော့ အမျိုးသား တယောက်၊ အမျိုးသမီး တယောက် လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါပါတယ်။ ခါးရိုးကျိုးသွားတဲ့သူလည်း ရှိတယ်။ လိုက်ထရပ်ကားက ယာဉ်မောင်းကတော့ ခေါင်းပေါက်သွားတယ်။ ဒီနေရာကနေ ယာဉ်မောင်းတွေကို ပြောချင်တာက အမြန်လမ်းမှာ ကားမောင်းပြီဆို ခရီးသည် ပါပါ၊ မပါပါ သတိထားပြီး မောင်းစေချင်တယ်” လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ဒါအပြင် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ကလည်း အမြန်လမ်းပေါ် ယာဉ်မောင်းနှင်မယ့်သူတွေ အနေနဲ့ ရှေ့မီးကြီး၊ နောက်ဘရိတ်မီး၊ အချက်ပြမီးတွေ ကောင်း၊ မကောင်းကို ကြိုတင်စစ်ဆေး ပြုပြင်ပြီးမှသာ မောင်းနှင်ကြဖို့ အသိပေး ပြောဆိုထားတဲ့အပြင် ယာဥ်အမျိုးအစားအလိုက် သတ်မှတ် အမြန်နှုန်းထက် ပိုပြီး မောင်းနှင်တာမျိုး မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုရုံးရဲ့ စာရင်းတွေအရ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၈၀ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၆၄ ယောက် သေဆုံးကာ ၃၄၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်က ယာဉ်မတော်တဆမှု ၂၀၃ မှု၊ သေဆုံးသူ ၈၈ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၆၀ ယောက် ရှိခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ်မှာတော့ ပမာဏ လျော့နည်းသွားခဲ့ပြီး ယာဉ်မတော်တဆမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ငွေကျပ် ၉၅၅ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကရုဏာရင်ခွင် အရေးပေါ်ကယ်ဆယ်ရေး/အမြန်လမ်း ထိန်းသိမ်းပြုပြင် ကြီးကြပ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW