ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၁၇ – ၂၀၂၆
SS (VOM)
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်တံတား (ဖားဆောင်း) ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းက မိုင်းခွဲ ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားပျက်စီးမှုဟာ ဖားဆောင်းမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး အဲဒီတံတားပတ်ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စစ်ရေးတင်းမာနေတဲ့ နေရာဖြစ်တာကြောင့် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက လုံခြုံရေးအရ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး တံတားပေါ် ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီတံတား ကျိုးသွားတဲ့အတွက် ဒေသခံတွေအကုန်လုံး တော်တော်ကို စိတ်မကောင်း ဖြစ်နေကြတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်သွားပြီ။ ကုန်စည်စီးဆင်းမှု၊ စားဝတ်နေရေးအကုန် ဒုက္ခရောက်ကြရတော့မယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲဒီတံတားကို KNP, KNDF, PDF ပူးပေါင်းအဖွဲ့တွေ ဖျက်ဆီးခဲ့တာလို့ သိရပြီး ဖားစောင်းကနေ မယ်စဲ့ကို ရောက်ရှိလာမယ့် အစိုးရတပ်ရဲ့ လမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ Progressive Karenni People Force – PKPF ကတော့ တံတား ပျက်စီးမှုဟာ အစိုးရတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အလွန်အကျွံ ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ အသိပေးထားပြီး အရည်အသွေး မပြည့်မီတဲ့အတွက် ဖားဆောင်းတံတား ကျိုးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုလို ပြောတာကတော့ တော်တော်ကို စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ရှက်စရာ ကောင်းတဲ့အပြင် သိက္ခာပါ မဲ့သွားတာ။ ပြည်ပက အိုင်အက်စ်လို အဖွဲ့တောင် သူလုပ်ရင်လုပ်တယ် ဝန်ခံရဲတယ်။ တံတားအရည်အသွေး မပြည့်မီဘူးဆိုတဲ့ စကားကတော့ တော်တော်ကို ရုပ်ဆိုးလွန်းပါတယ်။ ဘယ်အဖွဲ့အစည်း မဆိုပေါ့၊ အဖွဲ့အစည်းတိုင်းကို ပြောချင်တာက ကိုယ်ကျိုးစီးပွား ဆိုတာထက် ပြည်သူကို ငဲ့ကြည့်‌ပေးကြပါဦးလို့ပဲ ပြောချင်ပါတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
သံလွင်မြစ်ကူးတံတား (ဖားဆောင်း) ဟာ သံလွင်မြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို ဆက်သွယ်ထားတာဖြစ်ပြီး လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ – ဖားဆောင်းကတဆင့် နယ်စပ်မြို့ မယ်စဲ့အထိ ပေါက်ရောက်တဲ့ အဓိက ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတံတားဟာ ဖားဆောင်း – မယ်စဲ့က ဒေသခံတွေ အဓိက သွားလာ အသုံးပြုတဲ့ တံတားတစင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ကာ တံတားအရှည် ၁၂၆ဝ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိပြီး သံမဏိသံပေါင်တံတား အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့ကို “ရန်နိုင်မင်း” စစ်ဆင်ရေးနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ အစိုးရတပ်က သတင်း ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်အနေနဲ့ ဖားဆောင်းမြို့အတွင်း စစ်တပ် အခိုင်အမာ ခြေကုပ်ပြန်ယူနိုင်ခဲ့ပါက မော်ချီး သတ္တုတွင်းဒေသနဲ့ သံလွင်မြစ် အရှေ့ခြမ်းရှိ ဒေသတွင်း လက်နက်ကိုင်တပ်တွေ သိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်အတွင်းကိုလည်း ဆက်လက် ထိုးစစ်ဆင်လာ နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW