ဖေဖော်ဝါရီ ၁၈ – ၂၀၂၆
SS (VOM)
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တင်းကျပ်တဲ့ ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ငွေလိုအပ်သလောက် ရရှိနိုင်ဖို့အတွက် ပြင်ပကနေ ရာခိုင်နှုန်း (ကော်မရှင်ခ) ပေးပြီး ထုတ်ယူနေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိအခြေအနေဟာ ငွေသားကို အဓိကထားရတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပြီး ငွေလိုသလောက် ရရှိနိုင်ဖို့ ကော်မရှင်ခပေးကာ အကျိုးဆောင်တွေက တဆင့် ငွေသား ရှာဖွေနေရတာကြောင့် လုပ်ငန်းရှင်တွေအတွက် စရိတ်စက ပိုမိုမြင့်မားစေတယ်လို့ သိရပါတယ်။
“ဘဏ်ကနေ ကိုယ်လိုသလောက် မရတော့ ငွေထုတ်ချင်တယ်ဆို အပြင်မှာ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းတွေ ပေးပြီး ထုတ်နေရတယ်။ ကန့်သတ်ထားတဲ့ငွေထက် ပိုလိုချင်တော့ ကော်မရှင်ခ ပေးရရော။ အဲဒီလို ပေးရတော့ ဘယ်သူနစ်နာလဲဆို အောက်ခြေ စားသုံးသူပဲ နစ်နာတာ” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေစီးဆင်းမှု လျှော့ချနိုင်ဖို့အပြင် ဒေါ်လာ၊ ရွှေဈေးကွက်အတွင်း ငွေသားတွေ မရောက်ရှိစေရေးအတွက် နေ့စဉ်ထုတ်ယူနိုင်တဲ့ ငွေပမာဏကို ကန့်သတ်ထားခြင်း ဖြစ်တယ်လို့ သိရပြီး ဒီလုပ်ဆောင်ချက်ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ကာ လက်ရှိအချိန်ထိ ဘဏ်တွေမှာ ငွေသား လိုသလောက် ထုတ်ယူလို့မရ ဖြစ်နေတာလို့ သိရပါတယ်။
“ဒီလို ကန့်သတ်လိုက်တာက လုပ်ငန်းတွေထဲမှာ ငွေလည်ပတ်နိုင်ဖို့အတွက် အတော်လေးကို အခက်အခဲ ဖြစ်လာတာပေါ့။ ပွဲစားတွေကို ကော်မရှင်ခ ပေးနေရပြီဆိုမှတော့ ဘယ်လိုလုပ် အဆင်ပြေတော့မှာလဲ။ ဒီကန့်သတ်ချက်က ငွေအလုံးအရင်းနဲ့ လည်ပတ်ရတဲ့ လုပ်ငန်းတွေမှာ ထုတ်လုပ်မှုတွေ နှောင့်နှေးကုန်တယ်။ ကုန်ကျစရိတ်တွေလည်း မြင့်တက်သွားတယ်” လို့ စက်ရုံလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိအချိန်ဟာ နိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွေမှာ ပဲရိတ်သိမ်းရာသီ ဖြစ်တယ်လို့ သိရပြီး ဘဏ်တွေကနေ ငွေကြေးလိုသလောက် ထုတ်မပေးတော့တာကြောင့် တောင်သူတွေဆီက ကုန်ပစ္စည်း ဝယ်ယူရာမှာ ငွေပေးချေနိုင်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါအပြင် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာလည်း အလုပ်သမားတွေကို နေ့စဉ် ငွေပေးချေရမှုတွေ ရှိနေတာကြောင့် ငွေကြေး လည်ပတ်နိုင်ဖို့အတွက် အခက်ကြုံနေရတယ်လို့ သိရပါတယ်။
“တရားဝင်ထုတ်မယ်ဆို ဘဏ်မှာ ငွေသား မရှိတာများတယ်။ ဘယ်နေ့ ပြန်လာပါဆိုပြီး ချိန်းတယ်။ အဲဒီနေ့ ပြန်သွားရင်လည်း ကိုယ်လိုချင်သလောက် မရဘူး။ ပွဲစားနဲ့ထုတ်ရင်တော့ ငွေသိန်း ၅၀၀ လောက်ကတော့ ချက်ချင်းထုတ်နိုင်တယ်။ ကော်မရှင်ခက တသိန်းကို ၃ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်း ပေးရတယ်။ ဒီလိုတွေ ပေးနေရတော့ လုပ်ငန်းမှာ အမြတ်က မရှိတော့ဘူး။ လုပ်ငန်း လည်ပတ်ဖို့ကလည်း ငွေသားမရှိလို့ မဖြစ်ပြန်ဘူးဆိုတော့ တော်တော်လေး အခက်တွေ့နေရတယ်” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
အခုလို ကော်မရှင်ခယူပြီး ငွေထုတ်ပေးနေသူတွေဟာ ဘဏ်မန်နေဂျာတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နေကြတာတွေလည်း ရှိနေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စုံစမ်း စစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးဖို့ လိုအပ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
လက်ရှိ ပုဂ္ဂလိကဘဏ်တွေမှာ သိန်း ထောင်ဂဏန်း ငွေသားပမာဏကို လုံးဝ ထုတ်ယူလို့မရတော့သလို Special account တွေကနေလည်း ငွေထုတ်မပေးတော့ဘူးလို့ သိရပါတယ်။
နိုင်ငံတဝန်းရှိ ပုဂ္ဂလိကဘဏ်တွေကနေ ငွေထုတ်ယူရာမှာ ဘဏ်တွေအလိုက် ကျပ်သိန်း ၂၀၊ ၃၀ မှ ကျပ်သိန်း ၅၀၊ ၁၀၀ ဝန်းကျင်အထိသာ ထုတ်ယူလို့ရတဲ့ အခြေအနေဖြစ်ပြီး ဘဏ်တခုနဲ့တခုလည်း တရက်နဲ့တရက် ငွေထုတ်ယူရတဲ့ ပမာဏ၊ ကန့်သတ်ချက်တွေ တူညီမှုမရှိကြဘူးလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပုဂ္ဂလိကဘဏ်တခုမှ တာဝန်ရှိသူတယောက်က “ကန့်သတ်ချက် ဆိုတာထက် ဘဏ်တွေရဲ့ ငွေသားရှိမှုအပေါ်မှာလည်း မူတည်ပါတယ်။ တရက်မှာ လူဘယ်နှစ်ယောက်ကို ဘယ်လောက်ပမာဏ ထုတ်ပေးမယ်ဆိုတာမျိုး သတ်မှတ်မထားပါဘူး။ ဘဏ်မှာရှိတဲ့ ငွေလက်ကျန်ပေါ်မှာပဲ မူတည်တာပါ။ အကုန်လုံး ချိန်ညှိပြီး အကောင်းဆုံးဖြစ်အောင်၊ အဆင်ပြေအောင် ကြိုးစားပြီး လုပ်ဆောင်ပေးနေတဲ့ သဘောပါ။ ကျန်တာတော့ ဘာမှ ပြောစရာမရှိပါဘူး” လို့ ပြောပါတယ်။
အခုလို ဘဏ်တွေမှာ ငွေထုတ်ယူမှု ကြန့်ကြာနေပေမယ့် Mobile Banking နဲ့ ငွေအလွှဲအပြောင်း ပြုလုပ်ပါက ငွေကြေးပမာဏ ကန့်သတ်ထားခြင်း မရှိပါဘူး။ ATM စက်ကနေ ငွေထုတ်ရင် တယောက်ကို ကျပ် ၁၀ သိန်း၊ ငွေလွှဲကထုတ်ရင် ကျပ်သိန်း ၂၀ အထိရပြီး စပါယ်ရှယ်အကောင့်နဲ့ ငွေလွှဲပါက ကျပ်သိန်း ၅၀ အထိ ထုတ်လို့ရပါတယ် ။
ဘဏ်တွေကနေ ငွေသားထုတ်ယူမှုနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း အခုလိုပဲ ခက်ခဲမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပြီး ATM စက်တွေကနေပါ ငွေထုတ်ယူလို့မရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။
Photo – CJ
