ဆူးငှက်
စာကြည့်ကြရပြီ
——————
ထိုစဉ်က လူထုဆန္ဒခံယူပွဲ ကျင်းပပြီးနောက် စာမေးပွဲကလည်း ၂လကျော်မျှသာ အချိန်ကျန်သောအခါ ကျွန်တော်လည်း ဝတ္ထုစာအုပ်တွေ ဘေးချပြီး ကျောင်းစာအုပ်တွေ ပြန်ကိုင် ရတော့သည်။ ပြန်ကိုင်သည် ဆိုသော်လည်း အချိန်စာရင်းနှင့် စာကြည့်တာမျိုးမဟုတ်။ ကြုံသည့် စာအုပ်ကို ဆွဲယူကာ ကြည့်ခြင်းဖြစ်သည်။ ဘယ်ဘာသာရပ်က ဘယ်လောက် ပြတ်သွားပြီလဲ ဆိုတာ မရှိ။ ဟိုစပ်စပ် သည် စပ်စပ်ပါပဲလေ။ ကျွန်တော့် အိမ်နှင့် နီးသော သန်းလွင်ကတော့ အချို့ညများတွင် အိမ်သို့ ရောက်လာပြီး သူက ဘာကြည့်နေတယ်။ မင်းကြည့်ပါလား၊ အဲ့ဒီအပုဒ်က အရေးကြီးတယ် စသည်ဖြင့် အကြံဉာဏ်ပေးသည်။ တချို့ညများတွင် သူ့အိမ်သို့ လိုက်ကာ စာအတူကြည့်ကြသည်။
ကျွန်တော့် အိမ်သို့ နောက် ထပ်လာသူ တစ်ဦးကတော့ မာလကာခြံထဲက အောင်သန်းထွန်း ဖြစ်သည်။ သူကတော့ တစ်ပတ် တစ်ကြိမ်လောက်ပဲ လာသည်။ သူကကျ တစ်မျိုး မင်းဘာကြည့်နေတာလဲဟုမေးပြီး ကျွန်တော်က ဒါတွေဒါတွေ ကြည့်နေတာ ဟု ပြောလျှင် ဟာ အဲ့လို အပုဒ်မျိုး ဘယ်တော့မှ မမေးဘူး ကြည့်စရာမလိုဘူး မကြည့်နဲ့တော့ ဟု ပြောတတ်သည်။ သူပြောတာ အစတော့ ယုံသေးရဲ့၊ နောက်တော့ မယုံတော့ သူပြောပုံက ကျွန်တော်ကြည့်သော စာမှန်သမျှ ဘယ်စာမှ အရေးမကြီးသလိုမျိုး။ ကဲ ထားပါတော့။
နောက်ပိုင်း စာမေးပွဲက ပိုမိုနီးကပ်လာပြီး ကျောင်းများကပင် စာကြည့်ချိန်ပေးတော့ ကျွန်တော်တို့က စာမေးပွဲကို အကြောင်းပြကာ ခြေရှည်ကြပြန်သည်။ စာကျက်မယ်ဟုဆိုကာ သူငယ်ချင်းတွေ စုပြီး တစ်နေ့လျှင် တစ်နေရာသို့ သွားကြခြင်းဖြစ်သည်။ ပင်တိုင်ကတော့ ကျွန်တော်၊ ဝင်းဟန် နှင့် သန်းလွင်ပဲပေါ့။ တစ်ခါတရံ ကံစိန်လိုက်သည်။ အောင်သန်းထွန်းကတော့ မလိုက်။ ထိုအချိန်တွင် ကျွန်တော်က မမခင်ဝင်း၏ မိန်းမစီး စက်ဘီးကို စီးနေပါပြီ။ သန်းလွင်က သူ့ ဟာကြူလီ ယောက်ျားစီးစက်ဘီးနှင့် ဖြစ်သည်။
ဝင်းဟန်ကတော့ စက်ဘီးမယူတော့။ သန်းလွင် စက်ဘီးနှင့် ဖြစ်စေ၊ ကျွန်တော့် စက်ဘီးနှင့် ဖြစ်စေ လိုက်သည်။ သူက လူကောင်ထွားတော့ သူလိုက်သည့် စက်ဘီးတိုင်း သူကပဲ နင်းသည်။ ဤသို့ စာကျက်ဟု အကြောင်းပြကာ သွားကြတာက ပထမ အိမ်တော်ရာဘုရားထဲက ကျိုက်ထီးရိုးဘုရားပေါ်၊ နောက် ရာဟုထောင့် ဘုရားပေါ်၊ နောက်တော့ မရောက်ဖူးလို့ အကြောင်းပြပြီး ဟို အနောက် တာရိုးနားက ရတနာမဉ္ဇူ ဘုရား။ ရတနာမဉ္ဇူဘုရားသွားပြီး နောက်ရက် မြောက်နားက တံတားကျိုးသင်္ချိုင်းသို့ ခြေရှည်ကြပြန်သည်။
ကြံကြံဖန်ဖန် စာကျက်ကြတဲ့နေရာ
————————————–
ထိုနေရာလေးက အတော်လှသည်။ မန်ကျည်းပင် ကုက္ကိုပင်ကြီးတွေက အုံ့ဆိုင်းလို့၊ ခပ်လှမ်းလှမ်းမှာ လယ်ကွင်းတွေ ရှိသည်။ လယ်ကွင်းတွေ ဟိုဘက် သစ်ပင်အုပ်အုပ်နှင့် ရွာကလေး၊ သူ့နောက်မှာ ဧရာဝတီက နေရောင်မှာ မှန်ပြလို့၊ ထို့နောက် စိမ်းညို့ မင်ဒဝံတောင်တန်း။ သည်မှာကလည်း ကုက္ကို ထနောင်း မန်းကျည်းပင်ကြီးတွေက အရိပ်ချင်း ယှက်နေသည်။ ကျွန်တော်တို့က ကုန်အတက်လေးဘေးမှာ စက်ဘီးတွေ ထောင်ကာ အောက်ဘက်ဆင်းသည်။ မြေပြင်သန့်သော နေရာက သစ်မြစ်ကြီး တစ်ခုပေါ်ထိုင်ကာ စာအုပ်လေးတွေ ထုတ်သည်။ ထိုစဉ် ခပ်လှမ်းလှမ်း အုတ်ဂူလေးနား ခြုံစပ်က လူတစ်ယောက် ထွက်လာသည်။ သူက ကျွန်တော်တို့ဘက် အကဲခတ်သည်။ သူ့နောက်နားက လူသံတချို့ထွက်လာသည်။ ခပ်လှမ်းလှမ်းပေမယ့် သူ့လက်ထဲက တစ်ခုခုကိုင်ထားတာ သတိထားမိသည်။ ကျွန်တော်တို့ လည်း အခြေအနေဟန်ပုံမရတော့ စက်ဘီးလေးတွေယူပြီး ခပ်သုတ်သုတ် နင်းကာ ပြန်ခဲ့ကြသည်။ နောက်မှ သိရတာက ထိုနေရာက တကယ့်နေရာတဲ့။ လောင်းကစား ဝိုင်းလား၊ နွားအမဲပေါ်နေကြတာလား တစ်ခုခု ဖြစ်မည်။
ထိုစဉ်က ဘာစွဲလမ်းနေလို့လည်း မသိ။ နောက်ရက်ကျ ရဟိုင်းသုသာန်သို့ သွားကြပြန်သည်။ ရဟိုင်းကို တောင်ဘက်က ဝင်ပြီး မြောက်ဘက် ဇရပ်ကြီးတွေ နောက်ကျောက လမ်းကလေးဘေး အုတ်ဂူတွေပေါ်ထိုင်ရင်း စာကျက်ကြသည်။ ဇရပ်ဘက်က သရဏဂုံတင်ပြီး မြေမြှုတ်ရန် လာကြသော အသုဘတိုင်းက ကျွန်တော်တို့ရှေ့က ဖြတ်သွားသည်။
တစ်နေ့တည်း ထိုင်ဖြစ်ပေမယ့် ၄ကြိမ် ၅ကြိမ်မျှ ဖြတ်သွားသော နာရေးများကို ကြည့်ရင်း အူလှိုက်သည်းလှိုက် ဝမ်းနည်းသော နာရေး၊ ထမ်းလာသော အလောင်းနောက်က ၂ဦးသုံးဦးလောက်သာ ဝမ်းနည်း ပက်လက်ဖြစ်သော နာရေး၊ သေတာပဲ ကောင်းပါတယ် ဝဋ်ကျွတ်သွားတာပေါ့ဟု သေသူကိုစာနာစွာ စုပ်သပ် မျက်ရည်စို့သော နာရေး၊ သေတာပဲ ကောင်းပါတယ် ဝဋ်ကျွတ်သွားတာပေါ့ ဟူသော အသုံးအသပ်က သေသူအတွက် မဟုတ်ဘဲ ကျန်ရစ်သော ဇနီးမယား လင်ယောက်ျားမှသည် မိသားစုအလယ် တစ်ရပ်ကွက်လုံးအထိ ဝမ်းသာပီတိဖြင့် တပျော်တပါး လိုက်ပို့သောနာရေး၊ ထိုမျှသာမက ယခု လိုက်ပို့ရသော သေသူကြောင့် မဟုတ်ဘဲ လိုက်ပို့ရင်း မိမိပတ်သက်သည့် အခြားသေနှင့်သူကို သတိအရကြီးရကာ ဝမ်းနည်းပက်လက် အော်ဟစ်ငို တမ်းတသည့် နာရေး စသည်ဖြင့် တွေ့ရပြန်သည်။ သြော် ရှုပ်ထွေး ဆန်းပြားသော လူ့ဘုံခန်းဝါပါပေ။
ကုသိုလ်တော်မှာ စာကျက်မယ်
———————————–
နောက်ရက်မှာတော့ လက်ရှိကျင်းပနေသော ကျောင်းစစ် အတန်းတင်စာမေးပွဲ နောက်ဆုံးနေ့ ဖြစ်သည်။ ထို့ကြောင့် မြို့ထဲက လူရှုပ်နိုင်သည်။ ထို့ကြောင့် မြို့ထဲနှင့် လှမ်းသော ကုသိုလ်တော်ဘုရားသို့ သွားကြသည်။ အရွေးမှန်သည်ဟု ပြောရမည်။ ဘုရားမှာက လူရှင်းနေသည်။ အနောက်ပေါက်က စက်ဘီးတွေ တွန်းကာ ဝင်ကြသည်။ အာရုံခံဇရပ်မှာ ကြေးစည်လေးဘေး တုံးလုံးပက်လက် လှဲရင်း ဆေးလိပ်ဖွာနေသည့် ခေါင်းပေါင်းနှင့် လူကြီးတစ်ဦးပဲ တွေ့သည်။ ထိုအာရုံခံဇရပ်ဘေးမှသည် တောင်ဘက်မုခ် အထွက်နားမရောက်မီ အတွင်း ပရိဝုဏ် အုတ်တံတိုင်း မြောက်နားက ခရေပင်ကြီးအောက် သွားကြသည်။ ကျွန်တော် သန်းလွင် ဝင်းဟန် ၃ယောက်ပါပဲ။ ရောက်သည်နှင့် အပေါ်အင်္ကျီလေးတွေ ချွတ်ကာ မြောက်ဘက်က ကျောက်စာဂူ အခြေတွင် ၂စင်း ထပ်၍ သော့ခတ် ထောင်ထားသော စက်ဘီး လက်ကိုင်တွေမှာ ချိတ်သည်။
ထို့နောက် တစ်ယောက်လျှင် ခရေပင် တစ်ပင်စီတွင် နေရာယူကာ စာအုပ်လေးတွေ ထုတ်ပြီး စာကျက်ကြသည်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုနှင့် ချမ်းမြမှုက အာရုံကို မပြန့်စေဘဲ စုစည်းနိုင်သည်။ သည်လိုနှင့် တစ်နာရီလောက် စာကြည့်ပြီး မျက်စိအညောင်းဖြေကာ ပါလာသည့် မုန့်လေးတွေ စားကြပြီး ခဏတဖြုတ် ဟိုနားသည်နား လမ်းလျှောက်ကြသည်။ ကျွန်တော်နှင့် သန်းလွင် ကတော့ ဝေးဝေး မလျှောက်တော့ဘဲ စာအုပ်ကို ပြန်ကိုင်ဖြစ်သည်။ အရှိန်ရနေတုန်းမို့ စာကို ဆက်ကြည့်ဖြစ်၏။ ဝင်းဟန်က အပေါ့အပါးသွားဖို့ နေရာရှာ နေသလားမသိ ရောက်မလာသေး။ ၁၀မိနစ်လောက် ကြာတော့မှ ဝင်းဟန်က ခပ်သုတ်သုတ် နှင့် ပြန်လာသည်။ ပြီးတော့ ကျွန်တော်တို့ကို လက်ညှိုးနှင့် နှုတ်ခမ်းပိတ်၍ ရှူးတိုးတိုး ဟူသော အမူအရာ ပြသည်။ ထို့နောက် သူရောက်နေသည့် နေရာကနေ ရပ်ပြီး လက်ယပ်ခေါ်သည်။
ဆေးရောင်စုံ မြင်ကွင်းကျယ် အသံထွက် ဓာတ်ရှင်
—————————————————–
ကျွန်တော်တို့က ကျက်လက်စ စာအုပ်လေးတွေ ပိတ်ပြီး သူ့ကို ဘာလဲဟု အမူအရာဖြင့် မေးတော့ ဘာမှ မပြောနဲ့ မြန်မြန်လာခဲ့ဟူသော အမူအရာနှင့် လက်ယပ်ခေါ်ပြန်သည်။ ထို့ကြောင့် စာအုပ်လေးတွေ ကိုင်ကာသူ့နောက် လိုက်သည်။ သူက ရှေ့ခပ်သုတ်သုတ်သွားသည်။ တောင်ဘက် အုတ်တံတိုင်းဘေး ကပ်ရက် ကျောက်စာဂူတစ်လုံးထဲ ဝင်သည်။ ကျွန်တော်တို့လည်း သူ့နောက်လိုက်ကာ ဝင်သည်။ ကျောက်စာဂူထဲ ၃ယောက် ကပ်ကပ်သပ်သပ် ဝင်ပြီး ကျောက်စာ အပေါ် လွတ်နေသည့် နေရာက တဘက်တံတိုင်းအကျော် ကျောက်စာဂူအခြေမှာ ထူးထွေသည့် ဆန်းရာသော် မြင်ကွင်းကို မြင်လိုက်ရပြီး မျက်လုံးများပင် ပြာဝေသွားတော့သည်။ ကျောက်စာဂူ အခြေခုံကို တစ်ယောက်က ကျောမှီလို့၊ နက်မှောင် ဆံပင်ရှည်က ဖြောင့်စင်း နွဲ့အိကာ ခါးလယ်ထိကျနေသည်။
ခပ်ကျပ်ကျပ်ဝတ်ထားသော လက်ပြတ်ရင်စေ့ ပါတိတ်ဆင် အင်္ကျီလေးက လက်တစ်ဖက်မြှေက်ထားလို့ ခါးလေးက ဝင်းလက်နေ၏။ အခင်းမပါ ဘာမပါ အောက်က သမံတလင်းပေါ် ပစ်ခပ်ထိုင်ထားပေမယ့် အပေါ်က အင်္ကျီနှင့် ဆင်တူ ထဘီလေးက ကပိုကရို လျော့တိလျော့ရဲ၊ ထို့ကြောင့် လုံချည်အောက်က ခြေသလုံးသားလေးကလည်း ဖွေးလို့။ သူနှင့် မျက်နှာချင်းဆိုင်နေသူက ဒီဘက်က ကြည့်တော့ မျက်နှာ မမြင်ရ၊ သူ့မျက်နှာက တဘက်က ဆံပင်ကြားကနေ တဘက် မျက်နှာနှင့် တသားတည်းလား ထင်မှတ်မှာစေသည်။ မမြင်ရသော မျက်နှာအောက်က ပုခုံးပေါ် ဗိုက်သားလေး ပေါ်သည်ထိ မြှောက်ထားသည့် လက်ကလေးက သိုင်းဖက်ထားသည်။ တဘက်ကလည်း အားကျမခံ သိုင်းဖက် ထားတာက ပေါ်နေသော ခါးမှာမဟုတ်။ အောက်သို့ ရောက်နေသည်။
ကိုင်းဗျာ..၊ တစ်သက်နှင့် တစ်ကိုယ် ဟောလိဝုဒ် ရုပ်ရှင်ကားများတွင် ဆင်ဆာအဖွဲ့ မျက်စိလည်ပြီး ကင်းလွတ်လာသည့် ဖျပ်ခနဲသာ ပေါ်သော မြင်ကွင်းကို အခု အရှင်လတ်လတ် စိမ်ပြေနပြေမြင်နေရပါပကော။ မြင်ရတာကလည်း အဝေးကြီး ခပ်ပျပျ မဟုတ်၊ အခု ကျွန်တော်တို့ ရှိနေသော ကျောက်စာနှင့် တံတိုင်းက ကွာလှ ၅ပေပေါ့။ ထို့အတူ ဟိုဘက်ရှိ လောကကြီးကိုမေ့နေကြသော ကိုကိုမမ တို့နှင့် တံတိုင်းကလည်း ၅ပေပေါ့။ တံတိုင်းထုက ၃ပေထား ၁၅ပေအတွင်းမှာ သဲသဲကွဲကွဲ နားစွင့်ပါက တိုးညင်းညင်းအသံလေးတွေပါ ကြားနိုင်တာမို့ ဆေးရောင်စုံ အသံထွက် မြင်ကွင်းကျယ် ဓာတ်ရှင်ကားကြီး ဖြစ်တော့သည်။
ကိုင်း မိတ်ဆွေတို့ ဒီအဖြစ်အပျက်က ဘယ့်နှယ် ရုပ်သေလို ရပ်နေပါ့ မလဲလေ။ တဆင့်ပြီး တဆင့်ပေါ့၊ ထိုစဉ် လျော့ရဲနေသော ပါတိတ်ထဘီလေးက အတွင်းခံ ဘောင်းဘီရဲရဲလေး လှစ်အပြ အနောက်ဘက် အုတ်တံတိုင်းကို ကျော်ကာ လူတစ်ယောက်က ခုန်ဆင်းလာတာမြင်တော့ ကျွန်တော်တို့လည်း ဟာခနဲ ဖြစ်သွားကြသည်။ ခုန်ဆင်းလာသူက ဆံပင်ညှင်းသိုးသိုးနှင့် ပုဆိုးတိုတိုဝတ်ကာ စွပ်ကျယ်လက်စကကို လက်မောင်းရင်းထိ လိပ်တင်ထားသည်။ သူက ဒွိယံတို့ ရှိနေသော ကျောက်စာဂူ အထိ ပြေးကပ်သည်။ အမှန်က အားမလိုအားမရနှင့် အနီးကပ်ကြည့်ရန် ဒီစီတန်းမှ ပိတ်ကားရှေ့ ၅မူးတန်း ကျော်သူဖြစ်သည်။ သို့သော် သူ့အရိပ် သူ့ခြေသံက ဒွိယံကို အမြန်လူချင်းခွာကာ အမြန် အဝတ်အစားကို ဆွဲချ အမြန်ထွက်ပြေးစေတော့သတည်း။ ထိုစဉ်အခါမှ ဒီဘက် တံတိုင်း၊ အနောက်ဘက် တံတိုင်တွေပေါ်က သိုသိပ်လုံခြုံစွာ ရှုစားကြကုန်သော ပရိသတ်အပွေင်း၏ ဦးခေါင်းတွေ ပေါ်လာကာ စောစောက ညှင်းသိုးသိုးလူကို ပွဲပျက်စေလို့ ရိုက်မယ်နှက်မယ် တကဲကဲ ဖြစ်ကြလို့ ကြားက တောင်း ပန်ရသေး၏။
ပရိသတ်များ အချင်းချင်းဆုံကြတော့မှ စောစောက အနောက်ဘက် အာရုံခံဇရပ်မှာ ကြေးစည်လေးဘေး တုံးလုံးပက်လက် လှဲရင်း ဆေးလိပ်ဖွာနေသည့် ခေါင်းပေါင်းနှင့် လူကြီးက “ အဲ့ဒီလူက ဘုရားထဲ လာနေကျ၊ ဒီနေ့လည်း ဒီနားမှာ ကျောက်စာတိုက်ဘေး မိန်မစီးစက်ဘီးနဲ့ ယောက်ျားစီးစက်ဘီး ၂စီးတည်း တွေ့လို့ အတွဲရှိတယ် ဆိုပြီး လာကြတာ၊ အခုတော့ မုတ်ဆိတ်ပျားစွဲ ကြတာပေါ့” တဲ့။ သည်တော့မှ ကျွန်တော့ မိန်မစီးဘီးနှင့် သန်းလွင်၏ ဟာကြူလီ ယောက်ျားစီး စက်ဘီး ပူးထောင်ထားတာ တွေ့လို့ လာချောင်းကြရင်း ဟိုအတွဲကို တွေ့ကြတာတဲ့။ အမလေး တော်ပါသေးရဲ့ မောင်မင်းကြီးသားနဲ့ မယ်မင်းကြီးမ ကယ်ပေလို့၊ သူတို့ကိုသာ မတွေ့ပါက ကျုပ်တို့က သူတို့ထင်သလို မဟုတ်လို့ ရိုက်သွားနိုင်သည်။ ခေါင်းပေါင်းနှင့် လူကြီးက ဆက်ပြောသည်။ စာမေးပွဲ နောက်ဆုံးနေ့ဆို အနည်းဆုံး ၃တွဲလောက် လာကြသတဲ့။ ကဲ.. ကျွန်တော်တို့ စာကျက်ကြတယ်ဆိုတာ အဲလို..။
ဆူးငှက်
