အွန်လိုင်းငွေလိမ်လုပ်ငန်းကနေ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား လေးရာကျော် လားရှိုးထောင်မှာ ပြောင်း​ရွှေ့စစ်​ဆေး​နေ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅။
NN(VOM)
ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းကနေ ဖမ်းမိတဲ့ တရုတ်နိုင်ငံသား လေးရာကျော်ကို လားရှိုးအကျဉ်းထောင်ဆီ​ပြောင်းပြီး စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် နောင်တောင်ကျေးရွာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်နေတဲ့ တရုတ်နိုင်ငံ သား ၂၆ ယောက်နဲ့ မြန်မာနိုင်ငံသား ရှစ်ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ မိုင်းရယ်မြို့နယ်၊ ဟိုက်ပုရွာမှာ အခုလဆန်းပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေကို အစိုးရတပ်က ဝင်ရောက်ဖမ်းဆီးချိန်မှာ တရုတ်နိုင်ငံသား အမျိုးသမီး ကိုးယောက်နဲ့ အမျိုးသား ၃၂၁ ယောက်ကို ဖမ်းမိခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း မြို့နယ်တွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ပြီး ဖမ်းမိတဲ့ တရုတ်နိုင်ငံသား အယောက် ၄၀၀ ကျော်အထိ ရှိခဲ့ပြီး သူတို့အားလုံးကို လားရှိုးထောင်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။
မိုင်းနောင်က ဖမ်းဆီးရမိတဲ့အဖွဲ့တွေက အရင်ရောက်လာတာဖြစ်ပြီး စစ်ဆေးမှုတွေ ပြီးသလောက်ရှိပြီလို့သိရပါတယ်။
“တောင်ပိုင်းက မိတဲ့အဖွဲ့တွေကိုက စစ်ပြီးပြီ သူတို့ကို လ.ဝ.က အက်နဲ့ပဲ အမှုဖွင့်တာ။ မိုင်းရယ်က မိတဲ့သူတွေကများတော့ စစ်ဆေးနေတုန်းပဲ” လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
မိုင်းရယ်မြို့နယ်က ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေလည်း ပါဝင်ပြီး သူတို့တွေဟာ အဆင့်ဆင့် ရောင်းစာ ခံခဲ့ရတာလို့ သိရပါတယ်။
“တရုတ်နိုင်ငံသား အချင်းချင်းပဲ ရောင်းစားထားတာ။ နှိပ်စက်ခံထားရတဲ့ အမျိုးသား နှစ်ယောက်လောက်ပါတယ်။ တယောက်က ထတောင် မထနိုင်ဘူး။ မိန်းကလေးငယ်တွေလည်း ပါတယ်” လို့ အဲဒီအဖွဲ့ အခြေအနေအကြောင်း သိရှိတဲ့သူ တယောက်က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်မြို့နယ်တွေဟာ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP ထိန်းချုပ်တဲ့ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး အစိုးရတပ်က အဲဒီမြို့နယ်တွေကို စစ်ဆင်ရေးပုံစံနဲ့ ဝင်ရောက်ရှင်းလင်းခဲ့တာမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့ စခန်းတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ စခန်းတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
SSPP တပ်ဖွဲ့ဝင်တွေအပါအဝင် တရုတ်နိုင်ငံသား အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီပြီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။
SSPP ဘက်ကတော့ ဒီကိစ္စ သူတို့အဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အစိုးရတာဝန်ရှိသူတွေကတော့ ဒီဖြစ်စဉ်မှာ ပါဝင်သူတွေအားလုံးကို ဖော်ထုတ်ပြီး အရေးယူမယ်လို့ ပြောဆိုထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW