ရွှေပြည်သာမြို့နယ် အထည်ချုပ်စက်ရုံ မီးလောင်မှု လူသေဆုံးခြင်းမရှိလို့ မီးသတ်တပ်ဖွဲ့ ပြော

ဖေဖော်ဝါရီ ၁၉ – ၂၀၂၆
SN (VOM)
မနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်စဉ်မှာ လူသေဆုံးခြင်း မရှိခဲ့ဘူးလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ရုပ်အလောင်းတွေ့တယ် ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမနက်ထိ ကြည့်တာတော့ မရှိပါဘူး။ ဒဏ်ရာရသူတွေလည်း မရှိခဲ့ဘူး” လို့ သူက ပြောပါတယ်။
အဲဒီ အထည်ချုပ်စက်ရုံ မီးလောင်မှုကို အချိန် စုစုပေါင်း ၁၃ နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပြီး မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်း၊ ဆုံးရှုံးခဲ့တဲ့ ပစ္စည်းအရေအတွက်နဲ့ တန်ဖိုးတွေကိုတော့ စာရင်းမရရှိသေးဘူးလို့ သူက ပြောပါတယ်။
အဲဒီ မီးလောင်မှုဖြစ်စဉ်ဟာ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ Straightex Co.,ltd (M-Brother) အထည်ချုပ်စက်ရုံမှာ မနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်က စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အလုပ်သမား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမားသမဂ္ဂ (SPTTGU ) က သတင်း ထုတ်ပြန်ထားတာပါ။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ SPTTGU က တာဝန်ရှိသူတယောက်ကို VOM က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် မအားလပ်သေးတာကြောင့် ဖုန်းလက်ခံ ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဲဒီ မီးလောင်မှုဖြစ်စဉ်ကို နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ Level 1 ယာဉ်အုပ်စု၊ နေ့လယ် ၁ နာရီ ၃ မိနစ်ဝန်းကျင်မှာ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁ နာရီ ၃၈ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ကာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၁ နာရီခွဲဝန်းကျင်မှာတော့ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ချိန် ကြာမြင့်ခဲ့တာနဲ့ဘပတ်သက်လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ကူညီခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်း (မြောက်ဒဂုံ) မှ တာဝန်ရှိသူ တယောက်က “ဒီဖြစ်စဉ်မှာ အဓိက က မီးသတ်မှာရော၊ ကျွန်တော်တို့ ပရဟိတအသင်းတွေမှာရော၊ ရေကားတွေ၊ ရေဘောက်ဆာတွေ နိုင်နိုင်နင်းနင်း ရှိတာနည်းတယ်။ ရေယူရတာ အရမ်းခက်သွားတဲ့ကိစ္စ။ အမှန်က ရှေ့တန်းကိုတိုးတယ်၊ မီးက ငြိမ်းခါနီးပြီ၊ ရေက ပြတ်သွားတယ်၊ ရေလိုက်ရှာရတယ်။ ရေပြတ်သွားတော့ မီးက ပြန်ထတောက်လာတယ်။ ရေနိုင်နိုင်နင်းနင်း မရှိလို့ အခုလောက်ထိ ကြာသွားတာ” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုဟာ မြေပြင်မှာတော့ ဒီကနေ့ မနက် ၂ နာရီကျော်လောက်မှသာ သေချာ မီးထိန်းနိုင်ခဲ့တာဖြစ်ပြီး မနက် ၄ နာရီခွဲ၊ ၅ နာရီဝန်းကျင် အချိန်မှသာ အပြီးသတ် မီးငြှိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ အထည်ချုပ်စက်ရုံ တရုံလုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ သိရပြီး တခြားသော စက်ရုံတွေကိုတော့ မီးကူးစက် လောင်ကျွမ်းတာမျိုး မရှိခဲ့သလို လူသေဆုံး၊ ဒဏ်ရာရသူတွေလည်း မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
“ဘာလို့လဲဆို မီးက ထမင်းစားချိန် လောင်တာလေ။ ဒါကြောင့် စက်ရုံ အလုပ်သမားတွေတော့ ဘေးကင်းပါတယ်။ ကျွန်တော်တို့လည်း မီးစပြီး လောင်လောင်ချင်း ရောက်နေတာပဲ။ အလောင်းထွက်တာတော့ မရှိဘူး။ ဒါပေမယ့် ဘယ်ကနေဘယ်လို သတင်းထွက်သွားမှန်း မသိဘူး။ နှစ်လောင်းထွက်တာက ဒီနှစ်ထဲ အခုအချိန်ထိဆိုရင် ပြီးခဲ့တဲ့ လေး၊ ငါးရက်က လောင်သွားတဲ့ မရမ်းကုန်းဖြစ်စဉ်ပဲ ရှိမယ်” လို့ သူက ပြောပါတယ်။
အခုလို မီးလောင်မှု ဖြစ်စဉ်တွေဟာ ၂၀၂၆ ခုနှစ်၊ နှစ်စပိုင်းမှာတင် နိုင်ငံတဝန်းက ဒေသအတော်များများမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး လက်ရှိမှာလည်း ပွင့်လင်းရာသီကာလကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် မီးဘေးအန္တရာယ်ကို မပေါ့ဆသင့်ဘဲ အထူး ဂရုစိုက်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ မီးဘေးအန္တရာယ် ကာကွယ်ရေးတွေကို ကြိုတင် ပြုလုပ်ထားဖို့ လိုအပ်ပြီး အဲဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း အစိုးရ တာဝန်ရှိသူတွေအနေနဲ့ လတ်တလော ဓာတ်တိုင်တွေမှာ ရှိနေတဲ့ ဝိုင်ဖိုင်ကြိုးတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို အထူး ကြပ်မတ်သင့်တယ်လို့ သူက ပြောပါတယ်။
“ဝိုင်ဖိုင်ကြိုးတွေ ဓာတ်တိုင်တွေမှာ ရှိနေတာက တော်တော်ကို အန္တရာယ်များတယ်။ ခဏခဏလည်း မီးထလောင်နေတယ်။ တခါ မြောက်ဒဂုံမှာ ဖြစ်သွားတဲ့ ဝိုင်ဖိုင်ကြိုး မီးလောင်မှုဖြစ်စဉ်မှာလည်း ဝိုင်ဖိုင်ကြိုးကို ဓာတ်ကြိုးနဲ့တွဲပြီး ချည်ထားတော့ အဲဒီမှာ မီးထလောင်တယ်။ ဒါကြောင့် ကုမ္ပဏီတွေရဲ့ စီးပွားဖြစ်လုပ်နေတဲ့ လုပ်ငန်းတခုဟာ အများပြည်သူ ထိခိုက်လာတယ် ဆိုရင်တော့ အစိုးရတရပ်အနေနဲ့ စစ်ဆေးပြီး ကြီးကြပ်သင့်တယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ရရှိတဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တပတ်အတွင်း မီးလောင်မှု အကြိမ်ရေ ၅၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW