မြစ်ကြီးနားလေဆိပ် ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရပြီး MNA လေယာဥ်ထိမှန်ခဲ့

ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ်မှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၊ ၈ နာရီကျော်လောက်က ဒရုန်းဗုံးတိုက်ခိုက်ခံရပြီး ခရီးသည်တင်လေယာဥ်ဖြစ်တဲ့ MNA လေယာဥ်ကို လက်နက်ကျည် ထိမှန်ခဲ့တယ်လို့ သိရပါတယ် ။
” သိရသလောက်ကတော့ ခရီးသည် ၇၀ လောက် ပါတယ် ။ည ၈ နာရီ ကျော်လေယာဉ်ပါ ။ လေယာဉ်အမြီး ပိုင်းထိသွားတယ်။ မီးသတ်ကားနှစ်စီးသွားငြိမ်းတာတွေ့တယ်။ ” လို့ ဒေသခံက ပြောပါတယ်။
MNA လေယာဥ်ရဲ့ အမြီးပိုင်းကို ဒရုန်းဗုံးထိမှန်ကာ မီးလောင်ခဲ့တာ ဖြစ်ပြီး ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
” လေယာဥ်က တက်တော့မယ်ဆဲဆဲပါ ။ ပစ္စည်းတွေ လည်းတင်ပြီးနေပြီ ။ အဲဒီမှာ နောက်ပိုင်းကို ထိသွားတာပါ ။ ခရီးသည်တွေ ဘေးကင်းကျပါတယ်။”လို့ ဒေသခံ တယောက်က ပြောပါတယ် ။
MNA လေယာဥ် နောက်ပိုင်းကို ဒရုန်းဗုံးထိမှန်ပြီးနောက် ခရီးသည်တွေအနေနဲ့ လေယာဥ်ပေါ်ကနေအပြေးအလွှား ဆင်းခဲ့ရကြောင်း ၊ လေကြောင်းခရီးစဥ်လည်း ရပ်နားခဲ့ရသလို လေဆိပ်ကိုပါ အဝင်အထွက်ပိတ် လိုက်တယ်လို့ သိရပါတယ် ။
လေဆိပ်ကို ဒရုန်းဗုံးတိုက်ခိုက်ခံရပြီးနောက်မှာ.လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ လည်းသိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ် နဲ့ အနီးတဝိုက်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် လေကြောင်းခရီးစဥ်တွေ အားလုံးဖျက်သိမ်း ခဲ့ရတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ -CJ

Related posts

Leave a Comment

VOM News

FREE
VIEW