အစိုးရတပ် စစ်ကြောင်းတွေကြောင့် ပုလဲမြို့မှာ စစ်ရေးအခြေအနေ တင်းမာလာနေ

ဖေဖော်ဝါရီ ၂၀ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ အစိုးရတပ်က နည်းလမ်း​ပေါင်းစုံနဲ့ အင်အားဖြည့်ပြီး ကျေးရွာတွေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် စစ်ရေးအခြေအနေ တင်းမာမှုတွေ ရှိလာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း အစိုးရတပ်က ရဟတ်ယာဉ် နှစ်စင်းနဲ့ မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ စုစုပေါင်း ၁၂ ကြိမ် ပျံသန်းကာ ပုလဲမြို့နယ်အတွင်း အင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှ စတင်ကာ ပုလဲမြို့ပေါ်ကနေ အနောက်ဘက် မြကုန်း၊ မင်းတိုင်ပင်၊ ကုက္ကိုကုန်း ရွာဘက်တွေကို ဦးတည် ထိုးစစ်ဆင်လာတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
“အဲဒီ စစ်ကြောင်းက မြကုန်းရွာကနေတဆင့် ပုလဲ – ဂန့်ဂေါလမ်းအတိုင်း အနောက်ဘက်ကို ဦးတည် ရွေ့လျားနေတာပါ။ အင်အားကတော့ ၂၀၀ ဝန်းကျင်ရှိမယ်။ လက်ရှိ အခြေအနေက အစိုးရတပ်ဘက်က ကြည်း‌၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ စစ်ရေး လှုပ်ရှားလာတဲ့ ပုံစံဖြစ်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာဘက်မှာလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အစိုးရတပ် အင်အား ၈၀၀ ဝန်းကျင် ရောက်ရှိနေပြီး အဲဒီတပ်တွေဟာ တောင်ဘက် ယင်းမာပင်မြို့နယ်မှတဆင့် ပုလဲမြို့နယ်အထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာနေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဆားလင်းကြီးဘက်ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အစိုးရစစ်ကြောင်းဟာလည်း ဝမ်ပေါင်အနီး တည်ပင်ကန် ကျေးရွာကတဆင့် ရာဇကျော်ရွာဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။
“လတ်တလော အနေအထားကတော့ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်ကလည်း ခံစစ်ကြိုပြင်ထားကြတဲ့ အခြေအနေပါ။ တိုက်ပွဲက အချိန်မရွေး ဖြစ်လာနိုင်တဲ့သဘော။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ လက်နက်မဲ့ ပြည်သူတွေပဲ ဒုက္ခအိုးထဲ ရောက်ရမယ့် အနေအထား။ တကယ့် မြေပြင်မှာတော့ စစ်ကြောင်းထိုးမယ်ကြားရင် PDF တွေပဲ အရင်ဆုံး ရှောင်ကြတာ။ လက်တွေ့ မြင်နေ၊ တွေ့နေရတာတွေပါ။ ကြားထဲက ပြည်သူတွေပဲ အိုးမဲ့အိမ်မဲ့ ဖြစ်၊ သေကြေကုန်ကြတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ရေး ပြင်းထန်လာနိုင်တဲ့ အခြေအနေတွေကြောင့် မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ စပါးစေ့၊ နွယ်ရှောက် အစရှိတဲ့ ကျေးရွာတွေက ဒေသခံ ၆၀၀၀ နီးပါး စစ်ဘေး တိမ်းရှောင်လျက်ရှိကြတယ်လို့ သိရပါတယ်။
အခုလို စစ်ရေး လှုပ်ရှားမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်၊ ညနေပိုင်းက ပုလဲနယ်အခြေစိုက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး (ခေါ်) ထင်လင်း (ခေါ်) နိုင်လင်းနဲ့ အဖွဲ့ဝင်တချို့ လက်နက်ခဲယမ်းတွေနဲ့အတူ အစိုးရတပ်ထံ လက်နက်ချ ပူးပေါင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်နဲ့ ဗိုလ်နဂါး ပူးပေါင်းပြီး နာရီပိုင်းအကြာမှာ ပုလဲမြို့နယ်ထဲက BNRA တပ်ဖွဲ့ဝင်တွေရှိ‌တဲ့ နေရာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ တယောက် သေဆုံးခဲ့တယ်လို့ သိရပြီး အဲဒီနောက် အစိုးရတပ်က ပုလဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာ ပြုလုပ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းတချို့ကို ယင်းမာပင်ခရိုင် PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ စီးနင်းခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနောက် ဗိုလ်နဂါးကို အစိုးရတပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားခဲ့တာလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပုလဲမြို့ကိုရောက်လာတဲ့ ရဟတ်ယာဉ် နှစ်စင်းမှာ အစိုးရတပ်ဖွဲ့ဝင် အယောက် ၃၀ ဝန်းကျင် လိုက်ပါလာတယ်လို့လည်း သိရပြီး အားလုံး ပုလဲမှာ ကျန်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ကနေ စတင်တဲ့ စစ်‌ဆင်ရေးမှာ PDF နဲ့ ပကဖထံ လက်နက်ချ ပူးပေါင်းလာတဲ့ BNRA တပ်ဖွဲ့ဝင်တချို့လည်း ရှိပြီး ထွက်ပြေး လွတ်မြောက်နေသူတွေကိုလည်း လိုက်လံ ဖမ်းဆီးနေတယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
“လက်နက်မချတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို လိုက်ဖမ်းနေတာတော့ ဟုတ်ပါတယ်။ မြေပြင်သတင်းအရတော့ ဖမ်းဆီးရမိတဲ့သူတွေလည်း အသက်ရှင်လျက် ရှိကြပါတယ်။ ဥပဒေပိုင်းအရပဲ စစ်ဆေး အရေးယူခံကြရဖို့ ရှိတယ်။ ဒီအချိန်ကတော့ ဆိုက်ဝါး (psywar) တွေ အမျိုးမျိုး ရှိနိုင်ပါတယ်။ အဖမ်းခံရတဲ့သူတွေကတော့ အသက်ရှင်လျက် ထိန်းသိမ်းခံထားရတာပါ။ တိုက်ပွဲဖြစ်တဲ့ အချိန်ကတော့ သေဆုံးတဲ့သူတွေ ရှိတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
BNRA တပ်ဖွဲ့မှာ အင်အား အများဆုံး ၃၀၀ ၊ ၄၀၀ ဝန်းကျင်လောက်သာ ရှိနိုင်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ တပ်ဖွဲ့ဝင် အယောက် ၁၅၀ ကျော် လာရောက် ပူးပေါင်းတာတွေလည်း ရှိသလို ဖမ်းဆီးရမိတာတွေလည်း ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW