Vapeနဲ့ ဆက်စပ်ပစ္စည်း ၊ ရှီရှားကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ရောင်းချခြင်းနဲ့ အသုံးပြုခွင့် တားမြစ်

ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆
GG (VOM)
မြန်မာနိုင်ငံမှာ ဆေးလိပ်အစားထိုးအဖြစ် အသုံးပြုနေတဲ့ Vape ၊ Vape စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ရှီရှားကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူးခြင်း ၊ ရောင်းချခြင်းနဲ့ အသုံးပြုခြင်းကို ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။
အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများဥပဒေအရ တားမြစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူကို VOM မှ ဆက်သွယ်မေးမြန်းခဲ့ရာ ” ဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးသွားမယ် ” ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ်။
တားမြစ်ထားမှုကို ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုများဥပဒေအရ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ၊ ထောင်ဒဏ်အနေနဲ့ဆိုရင် အနည်းဆုံး ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်အနေနဲ့ ငါးသိန်းကျပ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။
Vape ၊ Vape စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ရှီရှားကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူခြင်း ၊ ရောင်းချခြင်းနဲ့ သုံးစွဲခြင်းကို တားမြစ်ပိတ်ပင်တဲ့ အပေါ် ပြည်သူတွေအကြား ထောက်ခံမှုရှိနေပြီး တဖက်မှာလည်း တရားမဝင် စျေးကွက်ပေါ်လာနိုင်တယ်လို့ လည်း သိရပါတယ် ။
ဒါကြောင့် တားမြစ်လိုက်ပြီးနောက်ပိုင်းမှာ တာဝန်ရှိသူတွေအနေနဲ့ မြေပြင်ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ကာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
” vape နဲ့ရှီရှားကို ခုလို ပိတ်လိုက်တာ ကောင်းတယ်။ အခုက လူငယ်တွေကြားမှာ ဒါတွေကို ပေါ်ပင်တခုလိုကို သုံးနေကြတာ ။.စတိုင်တခုလိုတောင် ဖြစ်နေတယ်။ ဘားတွေ ၊ စားသောက်ဆိုင်၊ ကလပ်တွေ ktv တွေမှာ အဓိက သုံးကြ တယ်။မြေပြင်မှာထိထိရောက်ရောက် အရေးယူစေချင်တယ်။ ဒါမှမလုပ်ရဲကြမှာ ။မဟုတ်ရင် ခိုးရောင်းရလို့ သူခိုးစျေး မှောင်ခိုစျေးဆိုပြီး စျေးတင်ရောင်းကောင်းနေလိမ့်မယ်။ ” လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က သုံးသပ်ပြောပါတယ်။
အီးစီးကရက်သောက်သုံးခြင်းဟာ စီးကရက်နဲ့ ဆေးလိပ် သောက်သုံးခြင်းနည်းတူ အဆုတ်ကို ထိခိုက်စေသလို ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်ပွားနိုင်ပြီး ကျန်းမာရေးကို ဆိုးရွားစွာထိခိုက် စေနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ် ။
ဒါကြောင့် ဆရာဝန်တွေကလည်း လူငယ်တွေအနေနဲ့ အီးစီးကရက် အသုံးပြုခြင်းကို ဆေးလိပ်ဖြတ်ဖို့အတွက် မဖြစ်မနေ အစားထိုးသုံးစွဲမယ်ဆိုပါက အချိန်ကာလ အကန့်အသတ် နဲ့သာ သုံးစွဲဖို့ အကြံပြု ပြောဆိုထားကြပါတယ်။
မြန်မာနိုင်ငံထဲမှာ လက်ရှိအထိတော့ Vape ၊ Vape စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ရှီရှား တွေကို တင်သွင်းခြင်း ၊တင်ပို့ခြင်း ၊ သိုလှောင်ခြင်း ၊ ဖြန့်ဖြူခြင်း ၊ ရောင်းချခြင်းနဲ့ အသုံးပြုသူတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW