ဖေဖေါ်ဝါရီ ၂၄ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် အစိုးရတပ်က အင်အားအများအပြားသုံးပြီး နယ်မြေရှင်းလင်းနေတဲ့အတွက် တပတ်ကျော်အတွင်းမှာ ကျေးရွာသုံးရွာကို အစိုးရတပ်က ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ် ။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကြာညှပ်တိုက်နယ်အနီးရှိ ပေါက်တပင်ရွာကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရွှေကျွန်းပင်ရွာ နဲ့ ဖေဖော်ဝါရီ ၁၄ရက်မှာ တွင်းငယ်ရွာရဲ့ မြောက်ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ရှားတောကျေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါကြောင့် လက်ရှိမှာ အစိုးရတပ် စစ်ကြောင်းတွေက ကြာညှပ်တိုက်နယ်အနီးကို ရောက်ရှိလာနေပြီ ဖြစ်ပြီး ကြာညှပ်နဲ့ တကောင်းမြို့က မိနစ် ၅၀ လောက်သာ ဝေးတော့တယ်လို့ သိရပါတယ် ။
” တပ်မတော် စစ်ကြောင်းက ရက်ခြားဆိုသလို နေရာတွေ သိမ်းပိုက်မှုရှိနေတယ်။ မနေ့ကဆို ပေါက်တပင်ကို ပြန်ရပြီ။ကြာညှပ်နဲ့ သိပ်မဝေးတော့ဘူး ။ မိနစ်၂၀လောက်ပဲ သွားရတဲ့ခရီးရှိတော့တယ်။စစ်ကြောင်းထိုးတော့ PDF တွေလည်း တပ်ဆုတ်ပြေးကြပြီ ။ သိပ်မကြာခင် တကောင်းကို ပြန်ရမှာပါ ။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
အစိုးရတပ်စစ်ကြောင်းဟာ အင်းအားအများအပြားနဲ့ တွင်းငယ်ရွာကနေ စတင်စစ်ကြောင်းထိုးလာတာ ဖြစ်ကြောင်း ၊ မြေပြင်စစ်ကြောင်းအပြင် ဒရုန်းဗုံး ကြဲချတိုက်ခိုက်ခြင်း ၊ လက်နက်ကြီး ပစ်ခတ်မှု ၊လေကြောင်းတိုက်ခိုက် ရှင်းလင်းမှုတွေပါ လုပ်ဆောင်နေတဲ့အတွက် အချိန်တိုတွင်းမှာ နယ်မြေတွေကို ပြန်လည်သိမ်းပိုက် နိုင်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာတဲ့ လမ်းတလျှောက်ရှိ ပေါက်တပင်ရွာအပါအဝင် စတဲ့ရွာတွေက ဒေသခံတွေဟာ တိုက်ပွဲပြင်းထန်ဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ရေးအခြေအနေအရ တကောင်း-မိုးမိတ်-မိုးကုတ် ကားလမ်းကြောက သွားလာလို့ မရတော့ဘဲ လမ်းပိတ်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
” လမ်းက သွားလို့မရတော့ဘူး ပိတ်သွားပြီ။ ဒေသခံတွေကတော့ နီးစပ်ရာကိုပဲ ဖြစ်သလို စစ်ရှောင်နေကြရတယ်။ အခု တပ်က ပေါက်တပင်ရောက်ပြီဆိုတော့ နောက်ထပ်ရောက်လာမယ့် ရွာတွေကပါ တိုက်ပွဲကြောက်လို့ ကြိုရှောင်တာတွေရှိလာတယ်။တပ်က တကောင်းကိုပြန် ရသွားရင် ထီးချိုင့်ဘက်ကို ဆက်ဆင်းဖို့ လွယ်သွားပြီ။ ကသာ ၊ အင်းတော် နီးစပ်ရာပေါ့ ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အစိုးရတပ်တွေကတော့ တကောင်းမြို့ကို လာမယ့် ဧပြီလအတွင်းမှာ အပြီးသတ် ပြန်လည်သိမ်းပိုက်သွားမှာဖြစ်တယ်ဆိုပြီး လုံခြုံရေးအဖွဲ့နီးစပ်သူတွေက ရေးသားပြောဆိုနေကြပါတယ်။
တကောင်းမြို့ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်ပြီးပါက နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်ပြီး အများပြည်သူ အဆင်ပြေရေးအတွက် တကောင်း – မိုးမိတ် – မိုးကုတ် လမ်းကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
တကောင်းမြို့ကိုတော့ ပြီးခဲတဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပြီး လက်ရှိအထိလည်း ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
