ဖားကန့် ယူမာရွာလမ်းမပေါ်မှာ အမျိုးသားနှစ်​ယောက်ပစ်သတ်ခံရပြန်

ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ယူမာကျေးရွာ လမ်းမကြီးပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မနက်ပိုင်းက အမျိုးသားနှစ်ယောက် ပစ်သတ်ခံထားရတာကို တွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
အသတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ထဲမှာ တယောက်ကတော့ ဆိုင်းတောင်းရွာက ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
” နှစ်ယောက်လုံး တနေရာထဲမှာအတူတူ ပစ်သတ်ခံရတာ တွေ့ရတယ်။ တယောက်က ဆိုင်းတောင် အထက်တန်းကျောင်းက ဆရာမတယောက်ရဲ့ တူဆိုပြီးသိရတယ်။ ကျန်တဲ့တယောက်ကတော့ သေချာမသိရသေးဘူး ။ လမ်းကပိတ်ထားတာကို သွားကြတာဆိုတော့ သိပ်မပြောတတ်ဘူး ။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ ဖားကန့် – ယူမာ – ဆိုင်းတောင်လမ်းပိုင်းက စစ်ရေးအခြေအနေအရ ပိတ်ထားတာ ဖြစ်ကြောင်း ၊ ယူမာရွာဘက်မှာက အစိုးရတပ်ရော ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ပါ စိုးမိုးမှုရှိပြီး ဆိုင်းတောင်ဘက်မှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရှိတယ်လို့ သိရပါတယ် ။
” ယူမာရွာက စစ်ရှောင်နေရတာကြာပြီ ။ နှစ်ဖက်အဖွဲ့အစည်းရှိတယ် ။လမ်းကလည်းပိတ်ထားတာကို သွားရဲသူ သိပ်မရှိဘူး ။ ဖားကန့်ကနေလည်း သွားမရဘူးလေ ။ ” လို့ နောက်ထပ် ဒေသခံက ပြောပါတယ် ။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ယူမာကျေးရွာ ၊ ဉရုချောင်းဘေးနားမှာ အသက် ၃၀ ကျော်ဝန်းကျင် အရွယ်ရှိ အမျိုးသားတယောက်လည်း ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ စစ်ရေးအခြေအနေတင်းမားနေပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ ပေါက်ကွဲသံတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ရေးတင်မာနေတဲ့ အခြေအနေ နဲ့ ပြီးခဲ့တဲ့ ရက်ကတိုက်ပွဲတွေကြောင့် မရှီကထောင် ၊ ထုံးဘိုရွာ ၊ အမှိုက်ပုံ ၊ ယူမာ ၊ရှရော်ခ ၊ညောင်ပင်ကုန်း ၊ မြောက်ဖြူရွာက ဒေသခံတွေဟာ နေရပ်စွန့်ခွာ စစ်ရှောင်နေကြရတာ ဖြစ် တယ်လို့ သိရပါတယ်။
ဖားကန့်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက တကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဥ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိကြောင်း ၊ ယခုနောက်ပိုင်းမှာတော့ အစိုးရဆပ်က လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW